တောင်သမန်ကန်ပတ်လမ်း၌ ရပ်ထားသောဆိုင်ကယ်တစ်စီးကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲမှုကြောင့် ပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရ

 3491

Iris (NP News) - စက်တင်ဘာ ၅
မန္တလေး တရုတ်တန်း တောင်သမန်ကန်ပတ်လမ်းတွင် ရပ်ထားသည့်ဆိုင်ကယ်တစ်စီး ရုတ်တရက်ပေါက်ကွဲမှုကြောင့် လမ်းအနီးမှသွားလာနေသောပြည်သူ(၄)ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ တရုတ်တန်း (၄)ရပ်၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ တောင်သမန်ကန်ပတ်လမ်း၌ စက်တင်ဘာ(၅)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကင်းလှည့်လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီပေးခဲ့ရကြောင်းလည်း သိရသည်။ အခင်းဖြစ်စဉ်ကို အသေးစိတ်မသိရသေးသော်လည်း အဆိုပါဆိုင်ကယ်ကို ပေါက်ကွဲစေသည့်ပစ္စည်းတစ်ခုခု ထည့်၍ ကန်ပတ်လမ်းတွင် ရပ်ထားခဲ့ခြင်းဖြစ်ဟန်ရှိပြီး အဝေးထိန်းစနစ်ဖြင့် အခင်းဖြစ်စဉ်နှင့် မိုင်ဝက်အတွင်း၌သာ ရှိနိုင်သောပုဂ္ဂိုလ်တစ်ဦးဦးထက်မနည်းက ဖောက်ခွဲခဲ့ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ဦးပိန်တံတားဘက်မှ တောင်သမန်ကန်ပတ်လမ်းအတိုင်း မော်တော်ဆိုင်ကယ်များဖြင့် သွားလာနေသည့် အပြစ်မဲ့ပြည်သူများ ဖြစ်သော ဦးမင်းအောင်၊ ၆၀ နှစ်၊ (ဘ)ဦးဘအုန်း၊ ဇော်မင်းထွေး၊ ၂၄ နှစ်၊ (ဘ)ဦးစိုးမြင့်၊ ငြိမ်းချမ်းဦး၊ ၁၈ နှစ်၊ (ဘ)ဦးနိုင်ဦး ၊ မသီတာနိုင်၊ ၂၁ နှစ်၊ (ဘ)ဦးမြင့်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိသူများကို အမရပူရမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် ပေါက်ကွဲသွားသည့်ဆိုင်ကယ်အတွင်းမှ Keypad ဖုန်းအမျိုးအစား အပိုင်းအစများနှင့် ဖုန်းဘတ္ထရီ Singtech အမျိုးအစား ၁ ခုတို့ကို စစ်ဆေးသိမ်းဆည်းရမိသဖြင့် ရီမုခ်မိုင်းအမျိုးအစား ၁ လုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးရှာဖွေဖမ်းဆီး ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Related news

© 2021. All rights reserved.