မြန်မာ-ထိုင်း နယ်စပ်ဒေတစ်လျှောက် စစ်လက်နက်ပစ္စည်းများမှောင်ခိုတင်သွင်းခြင်းကိုတားဆီးရန် ထိုင်းလုံခြုံရေးတပ်ဖွဲ့များကိုတပ်လှန့်ထား

807

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂
စစ်ကောင်စီတပ်ဖွဲ့များနှင့်လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ခိုက်မှုများဖြစ်နေသည့် မြန်မာနိုင်ငံ ထံစစ်ဘက်သုံးလက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းမှုရှိနေသည်ဟု မကြာသေးမီကသတင်းများထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းဒုတိယဝန်ကြီးချုပ်ပရာဝစ်သည် ထိုင်း- မြန်မာနယ်စပ်ဒေသတစ် လျှောက် စစ်လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းခြင်းကိုတားဆီးရန် ထိုင်းလုံခြုံရေးတပ်ဖွဲ့များကို တပ်လှန့်ထားကြောင်းသိရသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို အားပေးထောက်ခံမည်မဟုတ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆုဝမ်ကပြောဆိုထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကွန်ချီစ့်တန်တရာဝါနစ်ကထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆုဝမ်က မြန်မာနိုင်ငံထံ စစ်လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းနေသည့် လမ်းကြောင်း၊ ငွေကြေးလွှဲပြောင်းပေးမှု နှင့် စစ်လက်နက်ပစ္စည်းရရှိရာအရင်း အမြစ်များ၏ သတင်းအချက်လက်များရယူနိုင်ရေး အာရုံစိုက်စုံစမ်းရန် ထိုင်းလုံခြုံရေးအေဂျင့်စီများကိုညွှန်ကြားခဲ့ကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ကွန်ချီစ့်တန်တရာဝါနစ်က ပြောသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့များသည် မကြာသေးမီကချောင်ဘူရီဒေသ ဆက်တာဟစ်အရပ်တွင် စစ် လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းသူများကို ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါဖမ်းဆီးခံရသူများ၏ ဝန်ခံထွက်ဆိုချက်အရ လက်နက်မှောင်ခိုရောင်းဝယ်နေသူများထဲတွင် အစိုးရတာဝန်ရှိသူများ အပါအဝင် နေရာစုံမှလူများပါဝင်နေကြောင်း သိရသည်။ ထိုင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လက်ရှိအချိန်တွင် လက်နက်မှောင်ခိုတင်သွင်းရောင်းချနေသူများအပေါ် စုံစမ်းထောက်လှမ်းမှုများ တိုးမြှင့်လုပ်ကိုင်နေသော်လည်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိပေ။
ထိုင်းဒုတိယဝန်ကြီးချုပ်က ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ လက်နက်များ၊ ပေါက်ကွဲစေသည့် ပစ္စည်းများကို ခိုးယူခံရခြင်းမှကာကွယ်ရန် လုံခြုံရေးတပ်လှန့်ထားရမည်ဖြစ်ကြောင်း၊ စစ်လက်နက်ပစ္စည်းများခိုးယူခံရသည့် တပ်ဖွဲ့များကိုနောက်ထပ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည့်အပြင် စစ်လက်နက်ပစ္စည်းတွေ ပြန်ရယူနိုင်အောင်ကြိုးပမ်းရန်အမိန့်ပေးခဲ့ကြောင်းသိရသည်။
#NPNews