ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် မြန်မာဘက်သို့ တရုတ်ကုန်ပစ္စည်းများတင်သွင်းခွင့် မနက်ဖြန်စပိတ်မည်

 1275

NP News - အောက်တိုဘာ ၅
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် COVID-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ကုန်ပစ္စည်းများတင်သွင်းမှုကို အောက်တိုဘာလ(၆)ရက်မှစ၍ ခွင့်မပြုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းက အောက်တိုဘာလ (၄) ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက်က ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကျင့်စန်းကျော့၊ ဝမ်တန်ဂိတ်များကို ကိုဗစ်ရောဂါအခြေအနေများကြောင့်ပိတ်ထားခဲ့သော်လည်း ကိုဗစ်ဆေးနှင့်ပတ်သက်သည့် ဆက်စပ် ပစ္စည်းများကို တရုတ်ဘက်က တစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)တင်သွင်းခွင့်ပြုခဲ့ကြောင်းသိရသည်။ ထို့နောက် လိုအပ်ချက်အရ အဆိုပါရက်များတွင် တရုတ်ပြည်ဘက်မှ ကြက်သွန်ဖြူ၊ ပန်းသီး၊ ခေါက်ဆွဲ၊ စားကုန်သောက်ကုန်၊ အခြားကုန်ပစ္စည်းအချို့တို့ကိုလည်း မြန် မာပြည်ဘက်ကိုတင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

"မြန်မာပြည်ကတော့ တရုတ်ပြည်ဘက်ကို အခုချိန်ထိကုန်ပစ္စည်းတင်ပို့ခွင့်မရဘူး။ အခုဆိုရင်လည်း အောက်တိုဘာ(၆)ရက်ကနေစပြီးတော့ တရုတ်ပြည်ကနေ မြန်မာပြည်ကိုတင်သွင်းနေတဲ့ပစ္စည်းတွေထဲက ဆေးနဲ့ဆက်စပ်ပစ္စည်းကလွဲလို့ ကျန်တာတွေကိုလုံးဝတင်သွင်းခွင့်မပြုတော့ဘူးလို့အကြောင်းကြားလာပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ပြည်တွင်းမှာတော့ ဈေးတက်သွားမယ့်အနေအ ထားရှိပါတယ်"ဟု မူဆယ်မှကုန်သည်တစ်ဦးဖြစ်သူ ဦးမင်းသိန်းကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာ-တရုတ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းနေကြောင်း ပြောကြားခဲ့ဖူးသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂ဝ၂ဝပြည့်နှစ် အောက်တို ဘာလ(၁)ရက်မှ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလ (၂၄) ရက်အထိ အမေရိကန်ဒေါ်လာ သန်း (၄၆ဝ)ခန့်ရှိပြီး ယခင်အလားတူကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၇၆)သန်းလျော့နည်းခဲ့ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.