လီဗာပူးနဲ့ အင်္ဂလန်ဒါဘီပွဲမှာ မန်ယူအသင်းရဲ့ဟန်ချက်ညီတဲ့ ကွင်းလယ်ကို ဆိုးရှားက ထုတ်ပြလိမ့်မယ်လို့ အာဆင်ဝင်းဂါး ထောက်ခံ

 636

မိုးတိမ် (NP News) - အောက်တိုဘာ ၂၂
လီဗာပူးနဲ့ ပွဲကျရင် မန်ယူအသင်းရဲ့ကွင်းလယ်ပြသနာကို နည်းပြဆိုးရှားက ဖြေရှင်းပြနိုင်လိမ့်မယ်လို့ အာဆင်နယ် ဂန္တဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးက သုံးသပ်ပြောကြားလိုက်ပါတယ်။

နည်းပြဆိုးရှားအပေါ်မှာ ယုံကြည်တဲ့သူတွေ နည်းပါးလာတာဟာ မန်ယူအသင်းရဲ့ရလဒ်ဆိုးတွေကြောင့်ဖြစ်ပေမယ့် တကယ်တမ်းမှာက ကွင်းလယ်ပြသနာကို ဆိုးရှားက အဖြေရှာမတွေ့သေးတာကြောင့် ဖြစ်တယ်လို့ အာဆင်ဝင်းဂါးက ထောက်ပြပါတယ်။ သို့သော်လည်း အီတလီကလပ် အတ္တလန်တာနဲ့ပွဲမှာ ဒုတိယပိုင်းကနေစတင်ပြီး မန်ယူအသင်းဘက်က ပြန်လုပ်ပြခဲ့တာမျိုးဟာ ကွင်းလယ်ပြသနာကို ဖြေရှင်းနည်းစတင်တွေ့ရှိပြီလို့ ပြသလိုဖြစ်ကြောင်း ဝင်းဂါးက ဆိုပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ သွင်းဂိုးနှစ်ဂိုးပေးလိုက်ရတဲ့ ကွင်းလယ်ဟာ တွမ်မီနေးနဲ့ ဖရက်လို ကစားသမားတွေကြောင့် ဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ပေ့ါဘာနဲ့ ဖရက်ကို တာဝန်ပေးပြီး အသွင်ပြောင်းလိုက်ချိန်မှာ ကစားကွက်ကလည်း ပြောင်းသွားသလို ကွင်းလယ်ပိုင်းကလည်း ပိုမိုတောင့်တင်းလာတယ်လို့ ပြောပါတယ်။ ပေါ့ဘာနဲ့ ဖရက်ကို ကွင်းလယ်အဖျက်ဆန်ဆန် ကစားစေပြီး ကွင်းလယ်တိုက်စစ်အဖြစ် ဘရူနိုဖာနန်ဒက်ကို ထားရှိတာမျိုးက ပိုကောင်းတဲ့အခင်းအကျင်းမျိုးဖြစ်လာတယ်လို့ ဆိုပါတယ်။ ကွင်းလယ်မှာ ဖရက်နေရာကို မာတစ်ကို ထပ်ထည့်ပြီး ထိန်းချုပ်စေတာမှာတော့ ပိုမိုကျစ်လျစ်သွားပြီး ပြိုင်ဘက်တိုက်စစ်ကို ထိန်းချုပ်လာနိုင်တယ်လို့ ဝင်းဂါးက ပြောပါတယ်။ ဒါကြောင့် လီဗာပူးနဲ့ပွဲမှာလည်း ပေ့ါဘာနဲ့ ဖရက် ဒါမှမဟုတ် ပေါ့ဘာနဲ့ မာတစ်ကို ကွင်းလယ်နှစ်ယောက်တန်းနေရာကနေ ချုပ်ကစားစေတာမျိုးဖြစ်ပြီး သူတို့နှစ်ဦးရှေ့ကနေ ဘရူနိုဖာနန်ဒက်နဲ့ တောင်ပံနှစ်ဖက်ကိုတော့ ဂရင်းဝုဒ်နဲ့ ရပ်ရှ်ဖို့တို့ကို ထားကစားတာမျိုးနဲ့ တိုက်စစ်ခံစစ်အားကောင်းတဲ့ ကွင်းလယ်အစုအဖွဲ့ကို ရရှိလိမ့်မယ်လို့ ထောက်ပြပါတယ်။

ဒီဖြေရှင်းနည်းဟာ လီဗာပူးနဲ့ပွဲမှာ အလုပ်ဖြစ်ကြောင်းစတင်သက်သေပြရတော့မှာဖြစ်ပြီး ပေ့ါဘာနဲ့ ဘရူနိုတို့ကို ကွင်းလယ်တိုက်စစ်မှာ တစ်ချိန်တည်း ထားသုံးတာမျိုးက မန်ယူအသင်းအတွက် ဟန်ချက်ညီမှုပျက်ယွင်းစေတယ်လို့လည်း အာဆင်ဝင်းဂါးက ရှုမြင်နေတာပါ။ လီဗာပူးနဲ့ပွဲကျရင်တော့ ဆိုးရှားဟာ ကွင်းလယ်အဖြေရှာတွေ့မှုနဲ့အတူ အကောင်းဆုံးရလဒ်ကို ဖော်ဆောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။

Related news

© 2021. All rights reserved.