နွားထိုးကြီးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်(၄) ဦး မီးလောင်သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

1387

NP News - ဒီဇင်ဘာ(၇)
ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး သတ်ဖြတ် မီးရှို့ခံခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်တစ်ခုသည် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ နယ်တွင် ဒီဇင်ဘာလ(၅) ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နွားထိုးကြီးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက်(၅၃) နှစ်အရွယ် ဦးဆန်းဝင်း နေအိမ်သို့ ဒီဇင်ဘာလ(၅) ရက်၊ ည(၇) နာရီဝန်းကျင်ခန့်က လက်နက်ကိုင်လူတစ်စု ရောက်ရှိလာခဲ့ကြပြီး ၎င်း၏နေအိမ် အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ လက်လုပ်ဗုံးများပစ်ပေါက်ဖောက်ခွဲခဲ့ခြင်းများပြုလုပ်ခဲ့ကြကာ နေအိမ်ကိုမီးရှို့ပြီး ပြန်လည်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးသည် ၎င်း၏နေအိမ်၌ မိသားစုဝင်များ၊ ကျေးရွာမှ ရပ်မိရပ်ဖလူကြီးတစ်ဦး ဖြစ်သူ အသက်(၄၈) နှစ်အရွယ် ဦးဟန်ဝင်းတို့နှင့်အတူ စကားပြောနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်နက်ကိုင်လူတစ်စုရဲ့ ဖောက်ခွဲမီးရှို့လုပ်ရပ်များကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ အသက်(၂၅) နှစ်အရွယ် သားဖြစ်သူ မောင်ဝေမင်းသူ၊ အသက်(၃ဝ) နှစ်အရွယ် မခိုင်စိုးရည်နှင့် ဦးဟန်ဝင်းတို့ လေးဦးသည် နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့သည်။ သို့ပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၏ဇနီးဖြစ်သူ အသက် (၅၂) အရွယ် ဒေါ်သန်းသန်းဆင့်နှင့် အသက်(၁၇) နှစ်အရွယ် မောင်းဖိုးလယ်တို့သည် သေနတ်ကျည်ထိမှန် ဒဏ်ရာတစ်ချက်စီ ရရှိခဲ့သော်လည်း မီးလောင်နေသည့်နေအိမ်အတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် အသက်သေဆုံးခြင်းမရှိခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် လက်နက်ကိုင် လူတစ်စု အသုံးပြုခဲ့သည့် (၁၂) ဗို့ကျည်ခွံ (၂) ခု၊ (၅ ဒသမ ၅၆) ကျည်ခွံ (၆ဝ) ခုနှင့် (၇ ဒသမ ၆၂) ကျည်ခွဲ (၇၉) ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး မီးလောင်သေဆုံးနေသည့်အလောင်းများနှင့် ဒဏ်ရာရရှိသူများအား မြင်းခြုံ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိသား စုဝင်များနှင့် နေအိမ်ကို သေနတ်ဖြင့်ပစ်ခတ်၊ လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲ မီးရှို့မှုလုပ်ရပ်သည် နွားထိုးကြီးမြို့နယ်ရှိ ဒေသခံ PDF အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲထားသည်။
ဒီဇင်ဘာ(၆) ရက်က မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နယ်မြေရှင်းလင်းရေး လာရောက်ချိန်တွင် 27 Revolution Forces နှင့် Natogyi People Defence Force တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သား(၂၃) ဦးသေဆုံးကာ (၁၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ PDF ဘက်က သတင်းထုတ်ပြန်ထားသည်။
Zawgyi Version;
ႏြားထိုးႀကီးၿမိဳ႕နယ္၌ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္(၄) ဦး မီးေလာင္ေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာရ
NP News - ဒီဇင္ဘာ(၇)
ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ အမ်ိဳးသားသုံးဦးႏွင့္ အမ်ိဳးသမီးတစ္ဦး သတ္ျဖတ္ မီးရႈိ႕ခံခဲ့ရၿပီး အမ်ိဳးသား တစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးလည္း ဒဏ္ရာရရွိခဲ့သည့္ျဖစ္စဥ္တစ္ခုသည္ မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕ နယ္တြင္ ဒီဇင္ဘာလ(၅) ရက္၊ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ႏြားထိုးႀကီးၿမိဳ႕နယ္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ အသက္(၅၃) ႏွစ္အ႐ြယ္ ဦးဆန္းဝင္း ေနအိမ္သို႔ ဒီဇင္ဘာလ(၅) ရက္၊ ည(၇) နာရီဝန္းက်င္ခန႔္က လက္နက္ကိုင္လူတစ္စု ေရာက္ရွိလာခဲ့ၾကၿပီး ၎၏ေနအိမ္ အတြင္းသို႔ ေသနတ္ျဖင့္ ပစ္ခတ္ျခင္း၊ လက္လုပ္ဗုံးမ်ားပစ္ေပါက္ေဖာက္ခြဲခဲ့ျခင္းမ်ားျပဳလုပ္ခဲ့ၾကကာ ေနအိမ္ကိုမီးရႈိ႕ၿပီး ျပန္လည္ထြက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုအခ်ိန္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးသည္ ၎၏ေနအိမ္၌ မိသားစုဝင္မ်ား၊ ေက်း႐ြာမွ ရပ္မိရပ္ဖလူႀကီးတစ္ဦး ျဖစ္သူ အသက္(၄၈) ႏွစ္အ႐ြယ္ ဦးဟန္ဝင္းတို႔ႏွင့္အတူ စကားေျပာေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လက္နက္ကိုင္လူတစ္စုရဲ႕ ေဖာက္ခြဲမီးရႈိ႕လုပ္ရပ္မ်ားေၾကာင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဆန္းဝင္း၊ အသက္(၂၅) ႏွစ္အ႐ြယ္ သားျဖစ္သူ ေမာင္ေဝမင္းသူ၊ အသက္(၃ဝ) ႏွစ္အ႐ြယ္ မခိုင္စိုးရည္ႏွင့္ ဦးဟန္ဝင္းတို႔ ေလးဦးသည္ ေနအိမ္အတြင္း မီးေလာင္ေသဆုံးခဲ့သည္။ သို႔ေပမယ့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဆန္းဝင္း၏ဇနီးျဖစ္သူ အသက္ (၅၂) အ႐ြယ္ ေဒၚသန္းသန္းဆင့္ႏွင့္ အသက္(၁၇) ႏွစ္အ႐ြယ္ ေမာင္းဖိုးလယ္တို႔သည္ ေသနတ္က်ည္ထိမွန္ ဒဏ္ရာတစ္ခ်က္စီ ရရွိခဲ့ေသာ္လည္း မီးေလာင္ေနသည့္ေနအိမ္အတြင္းမွ ထြက္ေျပးလြတ္ေျမာက္ခဲ့သျဖင့္ အသက္ေသဆုံးျခင္းမရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါသတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္စစ္ေဆးခဲ့ရာ အခင္းျဖစ္ေနရာတြင္ လက္နက္ကိုင္ လူတစ္စု အသုံးျပဳခဲ့သည့္ (၁၂) ဗို႔က်ည္ခြံ (၂) ခု၊ (၅ ဒသမ ၅၆) က်ည္ခြံ (၆ဝ) ခုႏွင့္ (၇ ဒသမ ၆၂) က်ည္ခြဲ (၇၉) ခုတို႔အား သိမ္းဆည္းရမိခဲ့ၿပီး မီးေလာင္ေသဆုံးေနသည့္အေလာင္းမ်ားႏွင့္ ဒဏ္ရာရရွိသူမ်ားအား ျမင္းၿခဳံ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ မိသား စုဝင္မ်ားႏွင့္ ေနအိမ္ကို ေသနတ္ျဖင့္ပစ္ခတ္၊ လက္လုပ္မိုင္းမ်ားျဖင့္ေဖာက္ခြဲ မီးရႈိ႕မႈလုပ္ရပ္သည္ ႏြားထိုးႀကီးၿမိဳ႕နယ္ရွိ ေဒသခံ PDF အဖြဲ႕၏ လုပ္ရပ္ျဖစ္ေၾကာင္း စြပ္စြဲထားသည္။
ဒီဇင္ဘာ(၆) ရက္က မႏၲေလးတိုင္း၊ ျမင္းၿခံခ႐ိုင္၊ ႏြားထိုးႀကီးၿမိဳ႕နယ္အတြင္းသို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွာ နယ္ေျမရွင္းလင္းေရး လာေရာက္ခ်ိန္တြင္ 27 Revolution Forces ႏွင့္ Natogyi People Defence Force တို႔က မိုင္းဆြဲတိုက္ခိုက္ခဲ့သျဖင့္ စစ္သား(၂၃) ဦးေသဆုံးကာ (၁၃) ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း နယ္ေျမခံ PDF ဘက္က သတင္းထုတ္ျပန္ထားသည္။