ဒီကလေးတွေ စစ်ပညာ မတောက်တခေါက်၊ ထောက်ပံ့မှုမလုံမလောက်နဲ့ စစ်မြေပြင်ကို ဆင်းကြမယ်ဆိုလို့ရှိရင် ...

 3383

အိဖြူ (NP News) - မေ ၂၆
တပ်မတော်ကို NUG ရဲ့ PDF တွေက လက်နက်ကိုင်တော်လှန်ဖို့ကြိုးစားနေကြတာဟာ အောင်မြင်မှာလား။ မအောင်မြင်ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး ကွန်မြူနစ်(ဗကပ)တပ်သားဟောင်းတစ်ဦးလည်းဖြစ်သလို ထင်ရှားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ဦးရဲထွန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) ကို NP News သတင်းဌာန အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မင်္ဂလာပါ ဦးရဲ ခင်ဗျာ။ ကျွန်တော်တို့ ဒီတခေါက် ဆွေးနွေးသုံးသပ်ကြမယ့် အကြောင်းအရာကတော့ စစ်အုပ်စု ကို လက်နက်ကိုင်တော်လှန်ခြင်းဟာ မှန်ကန်တဲ့ အဖြေလား ဆိုတာနဲ့ ပတ်သက်တာတွေပါ။
မေး - ခုဆိုရင် စစ်တပ်က အာဏာသိမ်းယူထားတာ ရက် ၁၀၀ ကျော်နေပြီ။ တဖက်ကလည်း လက်နက်ကိုင် တော်လှန်မယ့်လမ်းစဉ်ကို ရွေးကိုရွေးလိုက်တဲ့အခြေအနေတွေ ရှိလာတယ်။ ဒီအပေါ်မှာ ဦးရဲ အနေနဲ့ ဘာများ ပြောစရာရှိမလဲ။
ဖြေ - ပထမဆုံးပြောချင်တာကတော့ လက်နက်ကိုင်တိုက်ပွဲကို ရွေးလိုက်တဲ့ကိစ္စက မှန်ကန်တဲ့အဖြေလား ဆို တာနဲ့ပတ်သက်ရင် ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံလေးနဲ့ နည်းနည်းစဉ်းစားစေချင်တာပေါ့။ ဒါ့ကြောင့် ကျွန်တော်တို့မှားခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ အတွေ့အကြုံလေးတွေနဲ့ ကမ္ဘာမှာလည်း အဲဒီလိုသမိုင်းကြောင်းတွေကို ယှဉ်ထိုးပြီးတော့ ရှင်းပြသွားချင်တာပေါ့နော်။ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ တွေ အောင်မြင်ခဲ့တာမျိုးတွေ ရှိပါတယ်။ မရှိဘူး မဟုတ်ဘူး။ မြို့ပေါ်မှာ ဆန္ဒပြတဲ့ လူထုအုံကြွမှုတွေ အောင်မြင် ခဲ့တာတွေရှိတယ်။ သို့သော် ဘယ်လိုအနေအထားမျိုးမှာ အောင်မြင်တယ်။ ဘယ်လိုအနေအထားမျိုးတွေမှာ တော့ အောင်မြင်တာ မတွေ့ရဘူး ဆိုတာမျိုးလေးတွေကို ကျွန်တော်တို့အတွေ့အကြုံတွေနဲ့ သုံးသပ်ပြချင်တာ ပေါ့။ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့တလျှောက် မြန်မာပြည်မှာ ကျွန်တော်တို့ အခေါ်အရ ရန်သူက စစ်အစိုးရပါပဲ။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုတဲ့ ပါတီထောင်ပြီးတော့ ဆိုရှယ်လစ်လမ်းစဉ်နဲ့ ချီတက်တယ်။ အဲဒီတုန်းက စစ်တပ်ကပဲ အာဏာချုပ်ကိုင်ထားတာဖြစ်သလို ဦးနေဝင်းက တပ်ကို ချုပ်ကိုင်ထားတဲ့အခါကျတော့ တစ်ပါတီ စနစ်နဲ့သွားနေတာ။ အဲဒီတုန်းကလည်း ဆိုရှယ်လစ်စနစ်သည် အတုအယောက် ဆိုရှယ်လစ်စနစ်ဆိုပြီး ကျွန်တော်တို့လည်း သုံးသပ်ခဲ့ကြတယ်။ မြန်မာပြည်မှာ စစ်မှန်တဲ့ ဆိုရှယ်လစ်စနစ် တည်ထောင်နိုင်မှသာလျှင် မြန်မာပြည်သူလူထုက တကယ့်လွတ်မြောက်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ကို ရရှိမယ်ဆိုတဲ့ ကျွန်တော်တို့အမြင်နဲ့ စစ်တပ်ကို ပြုတ်အောင်တိုက်ပြီးတော့ အစိုးရယန္တာရား၊ အုပ်ချုပ်ရေး ယန္တာရားကြီးတစ်ခုလုံးကို အစားထိုးမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျွန်တော်တို့ တောခိုခဲ့ကြတယ်။ မြန်မာပြည် ကွန်မြူနစ်ပါတီကတော့ ၁၉၄၈ ခုနှစ်ကတည်းက တိုက်ခိုက်ခဲ့ကြတာ။ ကျွန်တော်တို့သွားတဲ့အချိန် ၁၉၇၅ ခုနှစ်လောက်မှာ ပဲခူးရိုးမကတော့ အင်အားချိနဲ့နေပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာတော့ တရုတ်နိုင်ငံ ရဲ့ထောက်ပံ့ကူညီနေမှုကြောင့် အားကောင်းနေတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ကလည်း တော်လှန်ရေး တွေ အောင်မြင်လိမ့်မယ်ဆိုတဲ့ အမြင်နဲ့သွားခဲ့ကြတာပေါ့။ လုပ်ရင်းကိုင်ရင်း ၁၅ နှစ်လောက် ကြာလာတဲ့ ၁၉၈၉- ၉၀ လောက်မှာ မြန်မာပြည်ကွန်မြူနစ်ပါတီက နယ်စပ်ဒေသမှာ မရပ်တည်နိုင်တော့ဘဲ ပြိုကွဲသွားတယ်။ အဓိကအင်အားစုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက အသီးသီးကွဲထွက်သွားခဲ့ကြတယ်။ အဲဒီတော့ မြန်မာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်တွေက မရှိသလောက်ဖြစ်သွားကြတာပေါ့။ ကျွန်တော်တို့က အဲဒီအချိန်မတိုင်ခင်ကတည်းက ကိုယ့်ဘာသာကိုယ် အခြေအနေတွေကို သုံးသပ်ကြတာတွေ ရှိပါတယ်။ လေ့လာကြတယ်။ ဖတ်ကြတယ်။ ပါတီက ပြောတဲ့ သင်တန်းပေးတဲ့ စာတွေအပြင် ကိုယ့်ဘာသာကို လေ့လာ သုံးသပ်ခဲ့ကြတယ်။ ကျွန်တော်က ဘာမြင်ခဲ့သလဲဆိုတော့ ကွန်မြူနစ်တွေ တော်လှန်ခဲ့တဲ့ ဦးဆောင်ခဲ့တဲ့ တိုက်ပွဲတွေ အောင်မြင်ခဲ့တာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း အဲဒါတွေကိုပဲ ကိုးကားပြီး ကျွန်တော် တို့ရဲ့တော်လှန်ရေးလည်း အောင်ရမယ်ဆိုပြီး သတ်မှတ်ခဲ့တယ်။ အနီးစပ်ဆုံးကတော့ မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဦးဆောင်တဲ့ ချန်ကေရှိတ် အစိုးရကို အပြုတ်တိုက်ပြီး လွတ်မြောက်ရေးရခဲ့တဲ့ အဖြစ်အပျက်ကို ကျွန်တော်တို့က လမ်းစဉ်ရော လူတန်းစား လွတ်မြောက်ရေးလက္ခဏာတွေရော၊ ရန်သူလက္ခ ဏာသတ်မှတ်ချက်တွေရော၊ လူ့အဖွဲ့အစည်းရဲ့သတ်မှတ်ချက်တွေရော အားလုံးကို ကျွန်တော်တို့က တစ်ပုံစံ တည်းကူးချပြီးတော့ တို့နိုင်ငံမှာလည်းဖြစ်ပျက်နေပြီဆိုပြီးတော့ လျှောက်ခဲ့ကြတာပေါ့။ တကယ်တမ်းကျတော့ ကျွန်တော်တို့က ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ သတ်မှတ်ခဲ့ကြတာ။ တရုတ်ပြည်တိုက်ပွဲ အောင်မြင်ခဲ့တဲ့ အဓိက လက္ခဏာက အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ ဗျ။ ဂျပန်ကျူးကျော်ရေးသမား ချန်ကင်ရှိတ်လက်ထက်မှာ တရုတ်နိုင်ငံမှာက နယ်ချဲ့သမားအမျိုးမျိုးက ခွဲပြီးတော့ သိမ်းပိုက်ပြီး ကိုလိုနီပြုထားကြတာ။ ဒါပေမဲ့ စစ်အင်အား သုံးပြီးတော့ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန်တိုက်တဲ့ နယ်ချဲ့သမားကတော့ ဂျပန်ပေါ့။ ဂျပန်ကျူးကျော် ရေးသမားတွေ ဝင်လာတဲ့အချိန် တပြည်လုံးကို အာဏာရနေတဲ့ ချန်ကေရှိတ်အစိုးရက တက်တက်ကြွကြွ မတိုက်ဘူး။ တက်တက်ကြွကြွ မတိုက်ဘဲနဲ့ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်တဲ့ လက်နက်ကိုင်တိုက်ပွဲကိုပဲ ဓါးပြနီတွေ သူပုန်တွေ ဆိုပြီးတော့ ဖိနှိပ်တာပေါ့။ ဂျပန်ကို တက်တက်ကြွကြွ မတိုက်တဲ့အခါ ပြည်သူလူထု မြင်တာက ဂျပန်က တကယ့် အဓိကရန်သူ။ တစ်မျိုးသားလုံးရဲ့ရန်သူ။ အဲဒီဟာကို တက်တက်ကြွကြွ တွန်းလှန်တိုက်ခိုက်ဖို့ နှိုးဆောင်တာကကျတော့ ချန်ကေရှိတ် အစိုးရ မဟုတ်ဘဲနဲ့ တရုတ်ကွန်မြူနစ်ပါတီဖြစ်နေ တယ်။ တရုတ်ကွန်မြူနစ်ပါတီကလည်း အဲဒီအခွင့်ကောင်းကိုယူပြီးတော့ တရုတ်ပြည်မြောက်ပိုင်းကို ရွှေ့ပြောင်း သွားကြတယ်။ တကယ်တော့ ခရီးရှည်ချီတက်ပွဲဆိုတာက တရုတ်ပြည်အလယ်ပိုင်းမှာ ဝိုင်းဝန်းခြေမှုန်းခံရတဲ့ ငါးကြိမ်ကို ဖောက်ထွက်ပြီးတော့ ထွက်ပြေးတဲ့စစ်ပွဲပဲ။ မြောက်ပိုင်းရောက်သွားတော့ တကယ်ရှေ့တန်း စစ်မျက် နှာကိုရောက်သွားတယ်။ ဂျပန်က အဲဒီမြောက်ပိုင်းမှာ ကျူးကျော်တိုက်ခိုက်နေတာကို။ ဂျပန်ကို ရှေ့ဆုံးကနေ ပြီးတော့ ကျူးကျော်တိုက်ခိုက်တဲ့ အမျိုးသားသူရဲကောင်းဖြစ်သွားတော့ တရုတ်အမျိုးသားကွန်မြူနစ်ပါတီကို ပြည်သူလူထုက အုံနဲ့ကျဉ်းနဲ့ ထောက်ခံကြတယ်။ အဲဒီမှာ ဂျပန်ခုခံဆန့်ကျင်ရေးတိုက်ပွဲကို ဆင်ရင်း ဆင်ရင်းနဲ့ တကမ္ဘာလုံးမှာလည်း ဖက်ဆစ်တွေ အရေးနိမ့်တဲ့အခါမှာ ဂျပန်တွေစစ်ရှုံးသွားတဲ့အခါမှာ ချန်ကင်ရှိတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီ တို့ပဲ ထိပ်တိုက်ကျန်နေခဲ့ပြီးတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့အင်အားဟာ အဆမတန် ကြီးလာခဲ့ပြီး ပြည်သူလွတ်မြောက်ရေးတပ်မတော်ဟာလည်း အရမ်းကိုတောင့်တင်းခိုင်မာပြီး ချန်ကေရှိတ်အစိုးရ ကို ခြေမှုန်းနိုင်ခဲ့ကြတယ်။ ချန်ကေရှိတ်အစိုးရအဖွဲ့ကလည်း နယ်ချဲ့သမားကို တက်တက် ကြွကြွမတိုက်ခိုက်တဲ့ ဖောက်ပြန်ရေးသမားဖြစ်သွားပြီးတော့ သူတို့လည်း နောက်ဆုံးတော့ ထွက်ပြေးရတာပေါ့။ အခုသူတို့က ထိုင်ပေ ထိုင်ဝမ်ကျွန်းဘက်ကို ထွက်ပြေးသွားတဲ့ အစိုးရဖြစ်သွားခဲ့တာပေါ့။ ကျွန်တော်တို့က အဲဒီဟာကို အားကျပြီး ကျွန်တော်တို့တော်လှန်ရေးလည်း အဲဒီလိုပဲ နိုင်လိမ့်မယ်ဆိုပြီး မျှော်လင့်ခဲ့တာပေါ့။ အဲဒီလိုမျှော်လင့်ခဲ့တော့ အဲဒီတုန်းက အခြေအနေအတိုင်းပဲ ချန်ကေရှိတ်ကို နယ်ချဲ့နောက်လိုက် ဖောက်ပြန်ရေးသမား လို့ တရုတ်ကွန်မြူနစ်ပါတီက လူတန်းစားလက္ခဏာသတ်မှတ်ခဲ့သလို မြန်မာပြည်မှာလည်း ဦးနေဝင်းနဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို နေဝင်း-စန်းယု စစ်အစိုးရ၊ အမေရိကန်နယ်ချဲ့နောက်လိုက်ဆိုပြီး မြန်မာပြည် ကွန်မြူနစ်ပါတီက သတ်မှတ်ပြီးတော့ အဲဒီလိုပုံစံရောက်အောင်သွင်းခဲ့တာ။ တကယ်တမ်း ဦးနေဝင်းက အမေရိကန်နယ်ချဲ့ကို မခေါ်ဘူး။ နယ်ချဲ့နောက်လိုက်လည်း မဟုတ်ဘူး။ မြန်မာပြည်မှာ အမေရိကန်စစ်စခန်း လည်း မရှိဘူး။ အမေရိကန်ကလည်း မြန်မာနိုင်ငံကို စိတ်မဝင်စားဘူး။ အဲဒီအချိန်တုန်းက အမေရိကန်က ဗီယက်နမ်နိုင်ငံကိုပဲ စိတ်ဝင်စားနေတာ။ ဗီယက်နမ် စစ်ပွဲမှာ တောင်ဗီယက်နမ်အစိုးရကို အားပေးတယ်။ ထောက်ခံတယ်။ မြောက်ဗီယက်နမ်က ပြင်သစ်နယ်ချဲ့သမားကို တိုက်ပြီးတော့ မြောက်ဗီယက်နမ်ဆိုပြီး လွတ်မြောက်သွားတဲ့အခါမှာ တောင်ဗီယက်နမ် ကို ဆက်ပြီး ကူးဆက်လာမှာ စိုးတယ်ဆိုတော့ အဲဒီအချိန်မှာ တကယ်က မြန်မာနိုင်ငံကို အမေရိကန်က ဝင်တာလည်း မရှိသလို ဦးနေဝင်းက ခေါ်တာလည်း မရှိဘူး။
ကျွန်တော်တို့ မြန်မာပြည်ကွန်မြူနစ်ပါတီကနေ သတ်မှတ်ခဲ့တဲ့ နယ်ချဲ့နောက်လိုက် အမေရိကန်နောက်လိုက် ဆိုတာက တကယ်တော့ မဟုတ်ဘူး မမှန်ခဲ့ဘူး။ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအများစုကလည်း နယ်ချဲ့ နောက်လိုက် နေဝင်း စန်းယု စစ်အစိုးရကိုဆန့်ကျင်ကြဆိုပြီး မြန်မာပြည်ကွန်မြူနစ်ပါတီက အော်နေတဲ့ ဟာတွေက တကယ့်လက်တွေ့နဲ့ မကိုက်တော့ နှလုံးသားထဲမရောက်ဘူးပေါ့။ နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲ မဟုတ်တဲ့အတွက်ကြောင့် အဲဒီစစ်ပွဲက မအောင်ဘူးပဲပြောကြပါဆို။ ၁၉၈၉ မှာ အတွင်းပိုင်းပြဿနာတွေတက် ပြီးတော့ ပြိုကွဲသွားတာပေါ့။ တကယ်လို့သာ နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ ဆင်နွှဲ နေတာမျိုး ဖြစ်ရင်တော့ ဒါမျိုးပြဿနာတွေ ပေါ်စရာလည်း အကြောင်းမရှိဘူး။ တပြည်လုံးအောင်ပွဲလည်း အလွယ်တကူရနိုင်တာပေါ့။ ဒီတိုင်း နောက်ဆုံးတော့ အဆုံးသတ်သွားရတာပေါ့။
တခြားနိုင်ငံတွေရဲ့သမိုင်းကြောင်းတွေကို လေ့လာလိုက်တဲ့အခါကျတော့လည်း ကျွန်တော်တို့က လက်နက် ကိုင်တော်လှန်ရေးတွေ အောင်ပွဲရတယ်။ အောင်ပွဲရတယ်ဆိုပြီး အားကျခဲ့တဲ့ဟာတွေက တကယ့်တမ်း နယ်ချဲ့ ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲတွေကို ကွန်မြူနစ်ပါတီက ကိုယ်ကျိုးစွန့်ပြီးတော့ သန္နိဌာန် ခိုင်ခိုင်မာမာနဲ့ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့လို့ အောင်မြင်သွားတဲ့ စစ်ပွဲတွေပေါ့။ လူမျိုးအချင်းချင်းပဲဖြစ်ပါစေ၊ အခုလို အာဏာရှင်ပဲဖြစ်ပါစေ၊ နယ်ချဲ့နောက်လိုက်မဟုတ်တဲ့အစိုးရတွေကို တိုက်ပြီးတော့ အောင်ပွဲရခဲ့တဲ့ သမိုင်းကြောင်းမျိုးတော့ မရှိခဲ့ဘူး။ ဒါကတော့ ထူးခြားချက်ပေါ့။ ကျွန်တော်တို့သုံးသပ်တဲ့အခါမှာ ရုပ်စွအဆုံး ပါကစ္စတန်အစိုးရ ကျူးဘားမှာ ကတ်စထရို ကနေပြီးတော့ အမေရိကန်ရဲ့အိမ်ရှေ့တံခါးပေါက်နားမှာပဲရှိတဲ့ ကျူးဘားကျွန်းလေးမှာ တော်လှန်ရေးအောင်မြင်သွားတယ်။ အဲဒီ ပါကစ္စတန်အစိုးရကလည်း အမေရိကန် ထောက်ခံထားတဲ့ စစ်အာဏာရှင်အစိုးရပေါ့နော်။ ပြည်သူလူထုရဲ့နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်ကြောင့် တစ်မျိုးသားလုံးကို စည်းရုံးနိုင်လို့ ဒီတော်လှန်ရေးက အောင်ပွဲရသွားတာပေါ့။ ဒါက ယေဘုယျအားဖြင့် ကျွန်တော် တို့သုံးသပ်ထားတဲ့အမြင်ပေါ့။ နောက်တခါ မြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုရဲ့အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲ တွေနဲ့ အောင်ပွဲရခဲ့တဲ့ တိုင်းပြည်တွေလည်း ရှိပါတယ်။ အဲဒီလီုတိုင်းပြည်တွေက ဘယ်လိုတိုင်းပြည်မျိုးလဲဆို တော့ အာဏာရှင်တွေက ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေနဲ့ အာဏာရလာတယ် အစိုးရဖွဲ့နိုင်တယ်။ ဒါပေမဲ့ သူတို့က အဲဒီအာဏာကို ရေရှည်ဆုပ်ကိုင်ထားချင်တဲ့အခါကျတော့ နည်းအမျိုးမျိုးနဲ့ညစ်တာပေါ့နော်။ ရွေးကောက်ပွဲ ဥပဒေကို အမျိုးမျိုးပြင်ဆင်တာ၊ ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ညစ်တာ။ ဥပမာ- ဖိလစ်ပိုင်က သမ္မတ ဖာဒီနမ်မားကိုးလ် လိုမျိုးပေါ့။ အနိုင်ရအောင်လုပ်တဲ့အခါမှာ ပြည်သူလူထုက မခံမရပ်နိုင်ဖြစ်တော့ ဆူပူအုံကြွမှုတွေဖြစ်လာပြီးတော့ တပြည်လုံးပေါက်ကွဲကြတာပေါ့။ အဲဒီလို ပေါက်ကွဲဆူပူ အုံကြွမှုတွေဖြစ်လာ တဲ့အခါမှာ တပ်က ပြည်သူလူထုဘက်က ရပ်လိုက်တဲ့အခါ အဲဒီလိုအာဏာရှင်က ပြုတ်ကျသွားတယ်။ အာဏာ ရှင်ထွက်ပြေးရတာမျိုးတို့ အာဏာရှင်အသတ်ခံရတာမျိုးတို့ ရှိတယ်။ ဒါက ပြည်သူလှုပ်ရှားမှုတွေ အောင်မြင်ခဲ့တဲ့ နိုင်ငံတွေမှာပေါ့နော်။ သို့သော် တပ်မတော်ကိုယ်တိုင်က အာဏာသိမ်းပြီးတော့ ရွေးကောက်ပွဲကိုလည်း ဘယ်နေ့ ဘယ်ရက် ပြန်လုပ်ပေးပါမယ်ဆိုပြီး သူ့ဖွဲ့စည်းပုံမှာ သတ်မှတ်ထားတဲ့အတိုင်း သူ့ရဲ့ကတိကဝတ်နဲ့ ရွေးကောက်ပွဲကို ပြန်လုပ်ပေးပါမယ်ဆိုတာကို ပုန်ကန်တိုက်ခိုက်တဲ့ လူထုအုံကြွမှုတွေကတော့ နိုင်နိုင်မလား ဆိုတာကတော့ ကျွန်တော့်အတွေ့အကြုံအရ သမိုင်းမှာ မရှိခဲ့ဘူး။ တကယ်တမ်းပြဿနာတွေ အပြင်းအထန် ဖြစ်လာတဲ့အချိန်မှာ အဆုံးအဖြတ်က တပ်မတော်က ဘယ်ဘက်ကို ရပ်မှာလဲ ဆိုတာက တကယ်ကိုအရေးကြီး တယ်။ ကျွန်တော်တို့နိုင်ငံက ဒီကနေ့ဖြစ်နေတဲ့ အခြေအနေနဲ့ အဲဒီက အောင်ပွဲတွေရခဲ့တဲ့ အခြေအနေနဲ့တော့ မတူဘူး။ ထပ်တူ မကျဘူးလို့ ပြောနိုင်တာပေါ့။
မေး - အခုဆိုရင် NUG က သူတို့တွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဆိုပြီး စပြီးတော့ ဖွဲ့ကြတယ်။ အမြို့မြို့ အနယ်နယ်မှာလည်း လူငယ်တွေက ဒေသအလိုက် ဖွဲ့ကြပြီး ဖြည်းဖြည်းချင်း စစ်တပ်ကိုပြန်တော်လှန် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတွေ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ တချို့ဒေသတွေမှာလည်း အပြန်အလှန် တိုက်ခိုက်နေကြပြီဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေက တကယ်ပဲ ထိရောက်မှုရှိနိုင်တယ်လို့ ဦးရဲ အနေနဲ့ရော ယူဆပါသလား။ ဘယ်လိုမြင်မိပါသလဲ။
ဖြေ - တကယ်လို့ ထိရောက်မယ်။ အောင်မြင်မှုရှိနိုင်မယ်လို့ မြင်လို့ရှိရင် ဗိုလ်ချုပ်ကြီး မူတူးစေးပိုးက ပြီးခဲ့တဲ့ ရက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မျိုးကို သူထုတ်ပြန်မှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုရင် သူတို့ပြန်တိုက်ခဲ့တဲ့ သမိုင်းက မနည်းတော့ဘူးလေ။ တပ်တည်ဆောက်ရေးအတွေ့အကြုံတွေ တပ်ကိုထောက်ပံ့ရတဲ့အတွေ့အကြုံ တွေ ရှည်ကြာလှတဲ့လက်နက်ကိုင်တိုက်ပွဲအတွေ့အကြုံတွေ အများကြီးရှိတဲ့ ဒီလိုခေါင်းဆောင်မျိုးက စေ့စပ် ညှိနှိုင်းဆွေးနွေးတဲ့ လမ်းကြောင်းကိုပဲ သွားပါ။ စေ့စပ်ညှိနှိုင်းဆွေနွေးတဲ့ NCA လမ်းကြောင်းအတိုင်းပဲ လျှောက်ချင်တယ်လို့ ပြောလိုက်တာက ထင်ရှားတဲ့ သက်သေအထောက်အထားပဲလေ။ အမှန်တကယ်ဆိုရင် ဒီလက်နက်ကိုင်တိုက်ပွဲက အောင်မြင်မယ် အောင်မြင်မှုရှိမယ်လို့ ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင် သူတို့က တက်တက်ကြွကြွထောက်ခံတဲ့သူတွေဖြစ်လာရမှာပေါ့။ သူတို့ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းအရ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းအရ တိုင်းရင်းသားလူနည်းစုတွေအတွက် တစ်စုံတစ်ရာအခွင့် အရေးတွေ တောင်းဆိုလိုရနိုင်တာတော့ မှန်ပါတယ်။ ဥပမာအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ တောင်းဆို တဲ့ကိစ္စမျိုးပေါ့။ ဒါပေမဲ့ တနိုင်ငံလုံးအာဏာကိုချုပ်ကိုင်ထားတဲ့ တပ်မတော်အစိုးရကို ဖြုတ်ချဖို့ဆိုတဲ့နေရာမျိုးမှာ တော့ အသုံးမဝင်လှဘူးဆိုတာ သူတို့ဘက်က နားလည်သဘောပေါက်လို့ ပြောတာဖြစ်တယ်လို့ ကျွန်တော် တော့ ယူဆရတယ်။
မေး - ဒေါက်တာဇော်ဝေစိုးတို့ ပြောတာတွေမှာလည်း ဒေသတစ်ခုချင်း၊ နယ်မြေတစ်ခုချင်းစီအလိုက် ကန့်သတ် ပိုင်းခြားပြီးတော့ သူတို့ပြန်သိမ်းယူသွားမယ်ဆိုတဲ့ သဘောမျိုးပြောတာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ အဲဒါတွေကရော တကယ် အလုပ်ဖြစ်နိုင်တယ်လို့ ထင်ပါသလား။
ဖြေ - တကယ့်တမ်းကျတာ့ ဒေါက်တာဇော်ဝေစိုးတို့ မန်းဝင်းခိုင်သန်းတို့ ဒေါ်ဇင်မာအောင် တို့တောင်မှ ဘယ်နေရာမှာ ရုံးစိုက်ပြီး ဘယ်နေရာမှာ နေတယ်ဆိုတာတောင်မှ မဖော်ပြနိုင်ဘူးလေ။ ဆိုလိုချင်တာ အဓိက ခေါင်းဆောင်မှုကတောင် ဘယ်နေရာမှာ ဘယ်လိုရှိတယ်ဆိုပြီး လုံခြုံတဲ့နေရာတစ်ခုကို မတည်ဆောက်နိုင်ဘဲနဲ့ တပ်တစ်ခုကို တည်ထောင်ပြီး အခုလိုလုပ်ဖို့ဆိုတာ လွယ်ကူပါ့မလားဗျာ။ ခင်ဗျားလည်း စဉ်းစားကြည့်ပေါ့။ မြန်မာပြည်ကွန်မြူနစ်ပါတီဆိုတာ ၀ နယ်မှာ ကျွန်တော်တို့နေခဲ့တာက ၁၅ နှစ်၊ မြန်မာပြည် ကွန်မြူနစ်ပါတီ စရောက်တာ ၁၉၆၈ ကနေ ၁၉၈၉ ဆိုတော့ နှစ်ပေါင်း ၂၀ ကျော်ပေါ့။ လုံလုံခြုံခြုံပဲ။ ပန်ဆန်းမှာ ဗုံးကြဲလို့လည်း မရတဲ့နေရာမျိုးမှာ ဒီအတိုင်းဗြောင်တိုင်း နေကြတာပဲ။ ကိုယ့်ဒေသ ကိုယ့်တိုင်းပြည်မှာပဲနေကြတာ။ တပ်မတော် က တိုက်ပြီးရင် စစ်နားဖို့ စစ်ခိုဖို့ အပြည့်အစုံရှိတယ်။ နိုင်ခဲ့သလားလို့ မေးချင်တယ်။ လွယ်လွယ်လေး စဉ်းစား ကြည့်လို့ရပါတယ်။
မေး - ကျွန်တော်စဉ်စားတာက တပ်မတော်တစ်ခု တပ်စုတစ်ခုဖြစ်လာဖို့ အကြောင်းအချက်အလက်များစွာ လုံလုံလောက်လောက်ရှိရတယ်ပေါ့နော်။ ဒီတော့ ဦးရဲ ဆိုရင်ရော ဘယ်အချက်အလက်တွေနဲ့ လုံလောက်ရ မယ်လို့ ပြောချင်ပါသလဲ။ ဥပမာ- လက်နက်လုံလောက်မှု၊ စစ်စခန်း၊ အစားအသောက်ရိက္ခာ လုံလောက်မှုများ စွာနဲ့ ပေါင်းစပ်ပြီးမှ စစ်တပ်တစ်ခုဖြစ်ရတာကို။ လူငါးရာ၊ တစ်ထောင်လောက်ရှိတဲ့ စစ်စခန်း တစ်ခုရှိဖို့တောင် တော်တော်ခက်ခဲနေတဲ့ အနေအထားကိုတွေ့ရတယ်။ PDF က သူတို့လုပ်နေကြပြီ လို့ပြောကြပေမယ့် သူတို့ လုပ်ဖို့ လွယ်ပါ့မလား။
ဖြေ - တပ်မတော်တစ်ခု တည်ဆောက်ဖို့ဆိုတဲ့ကိစ္စမှာ သူတို့က ဘယ်အတိုင်းအတာထိ ရည်ရွယ်တာလဲ။ ရည်မှန်းချက်ကရော ဘာလဲ။ ဒီအပေါ်မှာ ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေတွေကရော အားပေးထောက်ပံ့ မှုရှိရဲ့လား ဆိုတဲ့အချက်အလက်တွေနဲ့အများကြီးဆိုင်တာပေါ့။ ဥပမာ- ကျွန်တော်တို့မြန်မာပြည်လွတ်မြောက် ရေးရဖို့အတွက် အင်္ဂလိပ်နယ်ချဲ့သမားကို ဗိုလ်ချုပ်အောင်ဆန်းတို့က တိုက်မယ်ဆိုတုန်းက နိုင်ငံခြားအကူအညီ ရှာရင်းနဲ့ ဂျပန်နဲ့ပူးပေါင်းတယ်။ ဂျပန်ဆီမှာ စစ်သင်တန်းတွေသွား တက်တယ်။ လူစုဆောင်းတယ်။ ပြီးမှ သူတို့ က ထိုင်းနိုင်ငံကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို ဝင်လာကြတယ်။ အဲဒီမှာ သူတို့အစကတည်းက ပါသွားတဲ့ ရဲဘော်သုံးကျိပ်ဆိုတဲ့ လူအယောက်သုံးဆယ်နဲ့ စဖွဲ့လိုက်ကြရာမှာ အများကြီး တပ်သားတွေရလာတယ်။ အဲဒါ က ဘာလဲဆိုရင် နိုင်ငံရေးအခြေအနေက အင်္ဂလိပ်နယ်ချဲ့စိတ်ဓါတ်ပြင်းထန်နေပြီး အုပ်ချုပ်တဲ့သူက လူမျိုးခြား ဖြစ်နေတယ်။ အဲဒီလူမျိုးခြားရဲ့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုနဲ့က စကားမပေါက်ကြဘူး။ သတင်းလျှို့ဝှက်ရေးက အစ ဘယ်နေရာမှာ လူစုပြီး ဘယ်နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်လာပြီဆိုတာတွေ အုပ်ချုပ်တဲ့အစိုးရ ဆီ သတင်းတွေက ချက်ချင်း မရောက်နိုင်ဘူး။ ပြည်သူလူထုကလည်း ကာကွယ်ပေးကြတယ်။ အဲဒီမှာ အင်္ဂလိပ်နယ်ချဲ့သမားကို မုန်းတဲ့သူ တွေကလည်း တပ်ထဲကို အလုံးအရင်းနဲ့ဝင်လာကြတာပေါ့။ အဲဒီလိုအခြေ အနေမျိုးမှာ လက်နက်ထောက်ပံ့ပေး ဖို့ကလည်း အဆင်သင့်ပဲ။ ဂျပန်ကလည်း မြန်မာပြည်ကို ကျူးကျော် တိုက်ခိုက်ဖို့အတွက် အကြံအစည်ရှိနေတဲ့အခါကျတော့ ဒီလူတွေကို လက်နက်တပ်ဆင်ပေး တပ်ဖွဲ့ပေးပြီးတဲ့ အခါကျတော့ သူတို့နဲ့အတူ ချီတက်ပြီးတော့ ထိုးဖောက်ဝင်ရောက်လာကြတယ်။ အဲဒီလို တိုက်ရင်း တိုက်ရင်းနဲ့ ကျွန်တော်တို့ စည်းရုံးရေးလုပ်ငန်းတွေလုပ် တယ်။ ဖွဲ့စည်းရေးလုပ်ငန်းတွေလုပ်တယ်။ လေ့ကျင့်တယ်။ တိုက်ရင်း လေ့ကျင့်၊ လေ့ကျင်းရင်း တိုက်နဲ့ပဲ ကျွန်တော်တို့ တပ်မတော်ကို တည်ထောင်ခဲ့ကြတာပေါ့။ အဲဒီလို သဘောမျိုးပါ။ အများကြီး အခြေအနေတွေလိုအပ်တယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရှိနေတယ်ဆိုတဲ့ ကိစ္စကလည်း သူတို့အနေနဲ့ကြည့်မယ်ဆိုရင် သူတို့ဗဟိုအစိုးရကိုတိုက်ခိုက်နေတာက ၁၉၆၂ က စကြည့်မယ်ဆိုရင် တပ်မတော်က အာဏာရယူထားခဲ့တာ၂၀၁၀ ထိပေါ့နော်။ တပ်ကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲတွေကလည်း သူတို့ ဘက်က ကြည့်မယ်ဆိုရင် အမျိုးသားရေး စစ်ပွဲသဏ္ဍန်ဆောင်တယ်။ တိုင်းတပါးက ကျူးကျော်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူမျိုးရေးရန်သူဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အဲဒီလိုဖြစ်တဲ့အခါကျတော့ စည်းရုံးရတာ လွယ်တယ်။ နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲနဲ့ လူတန်းစားစစ်ပွဲတွေမှာ ခြားနားချက်က ဘာလဲဆိုရင် ကိုယ့်လူမျိုးကို စည်းရုံးရတာဖြစ်တော့ လူတန်းစာအမျိုးမျိုးပါဝင်နိုင်တယ်။ ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ အစိုးရဝန်ထမ်း၊ ကုန်သည်၊ ဈေးသည် စတဲ့ အကုန်လုံးက နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲထဲမှာ ကိုယ့်ရဲ့မိတ်ဆွေဆို ပြီး သတ်မှတ်လို့ရတယ်။ လူတန်းစား တိုက်ပွဲဆင်နွှဲတဲ့အခါ မှာကျတော့ အဲဒီလိုပြောလို့မရဘူး။ အလုပ်သမား၊ လယ်သမား၊ ဖိနှိပ်ခံရတဲ့ ပြည်သူလူထုကသာလျှင် ဖိနှိပ်ခဲ့ရ တဲ့ သူတွေကသာ ကျွန်တော်တို့အားကိုးယုံကြည်လို့ ရတဲ့ အင်အားစုဖြစ်ပြီးတော့ ကျန်တဲ့လူတန်းစားတွေ ကတော့ သိပ်ပြီးတော့ ယုံကြည်စိတ်ချလို့မရဘူး။ သိမ်းသွင်းရတာလည်း အရမ်းခက်သလို မပါကြဘူးပေါ့။ ဒါ့ကြောင့်မို့လို့ အဲဒီလိုစစ်ပွဲတွေက အောင်မြင်ဖို့ခက် တာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကတော့ နှစ်မျိုးပေါ့။ နှစ်ပေါင်း ၇၀ အတွင်းမှာ မပြိုပျက်ဘဲနဲ့ ရပ်တည်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာ စပြီး ခေါင်းဆောင်ခဲ့တဲ့သူတွေက အသက်အရွယ်ကြောင့်ပဲဖြစ်စေ၊ တိုက်ပွဲကျသွားလို့ပဲဖြစ်စေ မရှိကျတော့ဘူး ပေါ့ လေ။ ဒီလိုအပြောင်းအလဲတွေရှိပေမယ့်လို့ သူတို့ရဲ့လက်န က်ကိုင်ဆန့်ကျင်နေတဲ့ အင်အားကတော့ ဒီနေ့ထိ တိုင် ဆက်ရှိနေတာပေါ့။ အဲဒါက ဘာ့ကြောင့်ရပ်တည် နေနိုင်တာလဲဆိုတော့ အမျိုးသားရေးလက္ခ ဏာကြောင့် ကျွန်တော်တို့တောထဲကို ရောက်တဲ့အချိန်မှာ ထူးထူး ဆန်းဆန်း မြန်မာကွန်မြူနစ်ပါတီကိုယ်တိုင်က တပ်မတော် ကို ဘယ်လိုပြောသလဲဆို တရုတ်လိုဆိုရင်တော့ " လောင်မြန်း လာပြီ လောင်မြန်း လာပြီ လောင်မြန်း လိုက်လာ" ။ ဗမာ လာပြီ ဗမာ လာပြီလို့ပဲပြောကြတာ။ နေဝင်း-စန်းယု စစ်အစိုးရ တက်လာပြီလို့ ဘယ်သူ့ကမှ မပြောဘူး။ အဲဒီလို မြန်မာကွန်မြူနစ်ပါတီ တပ် ကိုယ်တိုင်က အဲဒီလိုပဲပြောတယ်ဆိုတော့ ကျန်တဲ့ KIA တို့ SSA တို့၊ မဟာမိတ်တိုင်းရင်းသားပါတီ တပ်မတော် တွေဆိုလို့ရှိရင်လည်း ဒီအတိုင်းပဲ။ လူမျိုးရေးအရပဲပြောတာ။ လူမျိုးရေးသဘောအရပဲ ဗမာတပ်လို့တောင် မပြောဘူး။ ဗမာလို့ပဲပြောတာ။ ဗမာ ဆိုရင် ရန်သူပေါ့နော်။ သူတို့ဘက်က ကြည့်မယ်ဆိုရင် အဲဒီလက္ခဏာရှိ တယ်။ နောက်ပြီး ယေဘုယျအားဖြင့်ဆိုရင်တော့ သူတို့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ထဲမှာလည်း တပြည်လုံး ကို အာဏာသိမ်းဖို့ဆိုတဲ့ ရည်မှန်းချက်မရှိဘူး။ ပထမဆုံးစပြီးတိုက်ပွဲဝင်တုန်းကတော့ တိုင်းပြည်ခွဲထောင်ဖို့ပေါ့။ နောက်ပိုင်းသဘောပေါက်လာတဲ့အခါကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဖက်ဒရယ်စနစ်ရဖို့ ရည်မှန်းချက်ထား ပြီးတော့ ဆောင်ရွက်နေကြတာပေါ့။ နောက်ဆုံး စေ့စပ်ဆွေးနွေးရေးနဲ့သွားမယ်ဆိုတဲ့အခါကျတော့ ဒီအခြေ အနေကို နှစ်ဖက်စလုံး တပ်မတော်ဘက်ကရော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ဘက်ကရော သဘောပေါက်လာတဲ့အခါမှာတော့ နောက်ဆုံး အဖြေက နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေကပဲ ရလိမ့်မယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။
မေး - ဦးရဲ တို့ ဗကပ အတွေ့အကြုံနဲ့ယှဉ်ပြောရရင် လက်နက်တွေ ဘယ်ကရခဲ့ကြပြီး ဘယ်လိုယူခဲ့ကြလဲပေါ့။ အခု PDF အဖွဲ့တွေကရော လက်နက်ဘယ်က ရမလဲဆိုတဲ့ မေးခွန်းပေါ့။ ကျွန်တော်စဉ်းစားတာကတော့ နယ်စပ်မှာက မှောင်ခိုလက်နက်ဈေးကွက်ကလည်း ရှိနေပြီးသားဖြစ်တယ်ဆိုပေမယ့် အဲဒီကနေ လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပြန်ဘူးပေါ့။ အဲဒီတော့ ဦးရဲတို့ခေတ်နဲ့ယှဉ်ပြောရင်ရော သူတို့တွေ လက်နက်ဘယ်က ရနိုင်ပြီး၊ အမြင့်ဆုံး ရနိုင်ခြေရှိတာ ဘာဖြစ်မယ်လို့ မြင်မိပါသလဲ။
ဖြေ - လက်နက်မှောင်ခိုဈေးကွက်ကတော့ တလျှောက်လုံးတော့ ရှိနေတာပေါ့။ ကျွန်တော်တို့ခေတ်တုန်းက မြန်မာပြည်ကွန်မြူနစ်ပါတီက ရတဲ့လက်နက် အကုန်လုံး အားလုံးကို တရုတ်ပြည်က ထောက်ပံ့တယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ KNU တို့ မွန်ပြည်သစ်ပါတီတို့ အဲဒီအဖွဲ့အစည်းတွေကတော့ ဦးနုတို့ရဲ့ပြည်သူချစ် တပ်မတော်တွေကတော့ ထိုင်းကနေ တဆင့် ရခဲ့ကြတယ်။ CIA တို့ဘာတို့က အလကားပေး မပေးတော့ ကျွန်တော် မသိဘူး။ ကျွန်တော် သိသလောက်ကတော့ မှောင်ခိုဈေးကွက်ကနေ ဝယ်ရတာပေါ့။ အဲဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ငွေရှာရတာပေါ့။ ကျွန်တော်တို့မြန်မာပြည်ကွန်မြူနစ် ပါတီဆိုရင်လည်း ပထမပိုင်းမှာတော့ တရုတ်ပြည်က ထောက်ပံ့တာတွေအပေါ်မှာပဲ လုံးလုံး ဘာစီးပွားရေးမှ မလုပ်ဘဲ တရုတ်ရဲ့အထောက်အပံ့နဲ့ ဆန်၊ ဆီ၊ ဆား၊ အဝတ်အစား က အစ အဲဒီအထောက်အပံ့တွေနဲ့ ကျွန်တော်တို့တိုက်ခိုက်ကြတာ။ နောက်ပိုင်း တရုတ်ပြည်က ဖြတ်တောက်တဲ့အခါမှာတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ဆိုတဲ့အခါ ကိုယ့်ဒေသမှာ ဘာမှလည်းမရှိတဲ့အခါကျတော့ ကျွန်တော်တို့ ဘိန်း ကုန်ကူးတဲ့အလုပ်ကို လုပ်တာပေါ့။ အဲဒီကျမှပဲ ကျွန်တော်တို့တပ်ထဲမှာလည်း စီးပွားရေးစိတ်ဓါတ်တွေဝင်လာတော့ တပ်လည်း ပျက်တော့တာပဲပေါ့။ KIA တပ်တွေကတော့ မြန်မာပြည်ကွန်မြူနစ်ပါတီ ၁၉၆၈ ခုနှစ် မရောက်ခင်ကတည်းက နယ်စပ်မှာရှိနေပြီး အဲဒီကတည်းက သူတို့တပ်တွေက ကျောက်စိမ်း တို့ ကုန်ကူးတဲ့ ဝင်ငွေရလမ်းတွေရှိတယ်။ အခုနောက်ပိုင်းကျတော့ တရုတ်ပြည်ကလည်း ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ဆီက ကျင့်သုံးလိုက်တဲ့ သဃံဇာတတွေက တရုတ်ပြည်ထဲကို ဝင်လို့ ရောင်းလို့ ရသွားပြီ။ ဟိုးတုန်း ကတော့ မရဘူး။ အရင်က တရုတ်ပြည်က အရမ်းတင်းကြပ်တဲ့ ဆိုရှယ်လစ်စနစ်ဆိုတော့ ကျောက်စိမ်းလဲ မဝယ်ဘူး။ သစ်လဲ မဝယ်ဘူး။ ဘာမှ တရုတ်ပြည်ကိုရောင်းလို့မရဘူးဆိုတော့ ထိုင်းနယ်စပ်ကို သွားပြီးတော့ ဝင်ငွေရှာရတာပေါ့။ အခုလည်း ကျွန်တော်တို့ တပ်တစ်ခု ထောင်မယ်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံက အလုံး လိုက်အရင်းလိုက် ကူညီမယ်ဆိုတာမျိုး မရှိရင်တော့ ကိုယ့်ဘာသာကိုယ် ငွေရှာပြီးတော့ ဝယ်ရမှာ။ အဲဒီလိုဆို ရင်တော့ တော်တော်ခက်တယ်။ ပထမဆုံး လှူဒါန်းတဲ့ နိုင်ငံတွေရှိမယ်။ လှူဒါန်းမယ့် အဖွဲ့အစည်းတွေရှိတယ် ဆိုရင် မှောင်ခိုဈေးကွက်ကနေပြီးတော့ ရအောင် ဝယ်ရမှာပေါ့။ ချောချောမွေ့မွေ့ကြီးတော့ မဖြစ်လာဘူး။ တခါတခါ ထိုင်းအစိုးရကလည်း ဖမ်းဆီးတာတွေရှိတယ်။ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ မြန်မာပြည်ကွန်မြူနစ်ပါတီ အခြေအနေလောက်တော့ လွယ်လွယ်ကူကူဖြစ်မှာ မဟုတ်ဘူးပေါ့။ ဟိုဘက်မှာ ကတော့ ပွင့်ပွင့်လင်းလင်း ကားမောင်းချလာပြီးတော့ လက်နက်တွေကို ဗြောင်ပဲ ကျွန်တော်တို့ကို လွှဲပေး လိုက်တာပဲလေ။ လက်နက်ခဲယမ်းကိစ္စအတွက်က ဟိုတုန်းက ဘာမှအခက်အခဲမရှိခဲ့ဘူးပေါ့။
မေး - ဦးရဲ ပြောသလိုဆို ပြည်ပနိုင်ငံကြီးတစ်ခုခုရဲ့ တိုက်ရိုက် ပေါ်တင်ထောက်ပံ့မှုကြီး ရရင်ရ မရရင် မလွယ်ဘူးပေါ့နော်။
ဖြေ - အဲဒီလို အကူအညီရပြီးတဲ့အခါကျတော့ ကိုယ်တိုက်နေတဲ့ရန်သူက နယ်ချဲ့သမားနောက်လိုက်ဖြစ်နေလို့ ရှိရင်တော့ ပိုပြီးတော့ လွယ်တာပေါ့။ နယ်ချဲ့သမားရဲ့ နောက်လိုက်ခွေးဖြစ်နေတယ်ဆိုလို့ရှိရင် သိပ်လွယ်တယ်။ နိုင်ငံရေးအရ ပြည်သူလူထုကို လှုံ့ဆော်ရတာလည်း သိပ်လွယ်တယ်။ အဲဒီလိုမဟုတ်လို့ရှိရင် နိုင်ငံရေးအရ တော်တော်လေးကို ခက်တယ်။ ကိုယ့်ကိုယ်ထောက်ခံသူရှိသလို သူ့ကိုထောက်ခံတဲ့သူလည်း ရှိမှာကို။ ကျွန်တော်တို့ကြုံခဲ့ရသလိုမျိုး ကျွန်တော်တို့က နိုင်ငံရေးအခြေအနေတွေနဲ့ ပြည်သူလူထုရဲ့နိုင်ငံရေးခံစားချက် တွေကို သိကြတယ်။ သိတဲ့အခါကျတော့ မြန်မာပြည်ကွန်မြူနစ်ပါတီက ဦးနေဝင်အစိုးရကို အလွယ်တကူ တိုက် နိုင်ဖို့အတွက် အမေရိကန်နယ်ချဲ့နောက်လိုက်ဆိုပြီး အမေရိကန်နယ်ချဲ့သမားနဲ့ပေးစားလိုက်တာပေါ့ဗျာ။ နောက်ပိုင်း နည်းနည်းကြာတော့ တရုတ်နဲ့မတည့်တဲ့အခါကျတော့လည်း ဆိုဗီယက် ဆိုရှယ်နယ်ချဲ့နောက်လိုက်ဆိုပြီး ပေးစားတာပေါ့။ တကယ့်လက်တွေ့ပိုင်းမှာကျတော့ ပြည်သူလူထုက ဘာတွေပြောနေတာလည်း နားမလည်ဘူးပေါ့။
မေး - ပြည်ပအထောက်အပံ့ ဆိုတာကလည်း တစ်ပိုင်းဖြစ်သလို နောက်တစ်ပိုင်းတော့ ပြည်တွင်းမှာလည်း ပြည်တွင်းလက်နက်ကိုင်အဖွဲ့ဆိုတာရှိတယ်။ မြန်မာနိုင်ငံမှာ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဆိုရင် KIA, KNU , ရှမ်းအဖွဲ့ နဲ့ AA အုပ်စုအဖွဲ့တို့ဆိုရင်လည်း အင်အားကြီးလာပြီဆိုတော့ သူတို့အဖွဲ့တွေကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နဲ့ပေါင်းပြီးတော့ စစ်တပ်ကို တော်လှန်တိုက်ခိုက်တာမျိုးတွေ တွေ့ရမလား။ သူတို့ အချင်းချင်းလည်း ညှိနှိုင်းလို့ အဆင်မပြေသေးဘူးလို့ ကျွန်တော်တော့ ယူဆရတယ်။ ဦးရဲ အနေနဲ့ရော သူတို့ တွေ ပေါင်းသွားလိမ့်မယ်လို့ မြင်မိလား။
ဖြေ - NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့မယ်။ ဖက်ဒရယ်တပ်မတော်ဖွဲ့မယ်ဆိုတဲ့ ရည်မှန်းချက်တွေ ကတော့ ကျယ်ပြန့်တယ်။ ကြီးပါတယ်။ တပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပေါင်း ပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တပ်မတော်တစ်ရပ်အဖြစ် ပြောင်းပြီးတဲ့အခါမှာ တစ်နိုင်ငံလုံး အာဏာကို တပ်မတော်ကို ဖျက်သိမ်းပြီး တပ်မတော်ကို အစားထိုးဖို့ အဲဒီလောက်ထိ ရည်ရွယ်တာ။ အဲဒီလောက်ကြီးမားတဲ့ တာဝန် အဲဒီလောက်ကြီးမားတဲ့ လုပ်ငန်းတာဝန်ကြီးတစ်ရပ်ကို သူတို့အောင်မြင်အောင် ထမ်းဆောင်နိုင်လိမ့် မယ်လို့ မထင်ဘူး။ ထင်ပုံလည်း မရဘူး။ သူတို့ရဲ့မူလရည်မှန်းချက် ရည်ရွယ်ချက်ကိုက သူတို့ဒေသရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် နဲ့ ဖက်ဒရယ်အခွင့်အရေးရဖို့ပဲ။ သူတို့ဘက်က အလွန်ဆုံးလက်ဆုပ်လက်ကိုင်ပြနိုင်တာ UWSA (ဝ) ဒေသပေါ့နော်။ ၀ ဒေသမှာဆိုရင် သူတို့ဘာသာသူတို့တော်တော်လေး အုပ်ချုပ်ခွင့်ရတယ်။ ဖက်ဒရယ်စနစ် တစ်ခုထက်ကို ပိုပြီးတော့ နိုင်ငံခြားဆက်သွယ်ရေး၊ နိုင်ငံခြား ကုန်ကူးလမ်းကြောင်းတွေကို သူတို့ဘာသာသူတို့ လုပ်နိုင်တဲ့ အနေအထားတွေလောက်ထိကို လုပ်နိုင်တယ်။ ဒါဆိုရင် ဖက်ဒရယ်စနစ်ရဲ့ ဘောင်စနစ်ထက်ကို ပိုပြီးတော့ ကျော်သွားပြီပေါ့နော်။ အဲဒါကြောင့် သူတို့ကလည်း ရည်မှန်းလို့ရှိရင် အဲဒီ လောက်ပဲ ရည်မှန်းထားကြတယ်။ အဲဒါကြောင့်လည်း ၀ ဒေသက NUG နဲ့ ဆွေးနွေးဖို့ NUG ကို ထောက်ခံဖို့ ဆိုတာတွေကို သူတို့က စိတ်မဝင်စားဘူး။ ထောက်ခံကြောင်းလည်း မပြောဘူး။ တခြားအဖွဲ့တွေဖြစ်တဲ့ KIA တို့က ဘာလို့တိုက်သလဲ ဆိုရင် တပ်က မြို့ပေါ်မှာ တိုက်နေတဲ့အချိန် အခက်အခဲကြုံနေတဲ့အချိန် သူတို့ရဲ့ အခက်အခဲ သူတို့ဆုံးရှုံးနေတဲ့ အခွင့်အရေးကို ဒီလိုအချိန်မှာ အခွင့်ကောင်းယူပြီး တိုက်လိုက်တဲ့ သဘောပဲ။ အဲဒါကလည်း ပြီးခဲ့တဲ့တလောက အလောဗွန်စခန်းသိမ်းတဲ့တိုက်ပွဲရှိခဲ့တယ်။ အလော့ဗွန်ဆိုတာက သူတို့ရဲ့ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကိုလည်း စိုးမိုးနေတယ်။ ဒီဘက်က ဗန်းမော်- မြစ်ကြီးနား သွား ကားလမ်းကိုလည်း စိုးမိုးနေတဲ့အခါကျတော့ ဒါသည် သူတို့ရဲ့အကျိုးစီးပွားဖြစ်တာကိုး။ NUG ရဲ့ ရည်မှန်းချက်ကို စိတ်ဝင်စားလို့ဆိုတာမျိုးထက် သူတို့တပ်မှာ အဓိက ဖြစ်နေတဲ့ ပြဿနာကို အမိအရဖြေရှင်း လိုက်တဲ့သဘောပဲ။ ကျွန်တော်တို့ KNU မှာဆိုရင်လည်း တပ်မ ၅ က တိုက်တဲ့ တိုက်ပွဲတွေမှာဆိုရင် KNU ဗဟို တစ်ခုလုံးအနေနဲ့ ထောက်ခံတာမျိုးတွေ မရှိဘူးဆိုတာ သိရတယ်။ ဒါက သက်ဆိုင်ရာအဖွဲ့အစည်းတွေက သူတို့နဲ့ဆိုင်ရာဆိုင်ရာ အကျိုးစီးပွားတွေကို သူတို့အခွင့်အရေးရတဲ့အခါ မှာ သူတို့တိုက်တဲ့သဘောပေါ့နော်။
မေး - NUG အနေအထားက လက်နက်ကိုင်ပြီး ပြန်တော်လှန်ဖို့ဆိုတာမှာ တကယ်စိတ်ကူးယဉ်ထားသလောက် မလွယ်ကူသလို ဖြစ်လာဖို့တော်တော်ကို ခက်ခဲနေတယ်လို့ဆိုရမှာပေါ့။ ဆိုလိုတာက စစ်အုပ်စုကို မကြိုက်ဘူး။ ဒါကတော့ တော်လှန်မယ်ဆိုတာ ကျွန်တော်တို့ ခိုင်မာတဲ့မူ။ ဘယ်တော့မှလည်း မပြောင်းလဲတဲ့မူ။ စိတ်ပိုင်းဆိုင်ရာ ခံယူချက်အရ မှန်တယ်။ ဒါပေမဲ့ ပြန်ပြီးတိုက်ဖို့ကျတော့ ကျွန်တော်တို့က လုံလောက်တဲ့အရင်းအမြစ်ကျ တော့ မရှိဘူးဆိုတဲ့ သဘောမျိုး သွားတွေ့ရတယ်။
ဖြေ - မှန်တယ်ဗျ။ နိုင်ငံရေးအကြောင်းအချက်အရကလည်း ခုနက ကျွန်တော်ပြောခဲ့တဲ့ အချက်အလက်တွေအရ အခုတပ်မတော်ရဲ့ နစက အစိုးရကို တနိုင်ငံလုံးက ပြည်သူလူထုတစ်ရပ်လုံးက အုံကြွတိုက်ခိုက်ဖို့ဖြစ်နေတယ်ဆိုတဲ့ အဲဒီအချက်ကို ကျွန်တော်ကတော့ သိပ်မမှန်ဘူးလို့ ထင်တယ်။ သူ့ကိုထောက်ခံတဲ့သူတွေလည်း ရှိတာပဲ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးလေ့လာသုံးသပ်တဲ့သူတွေဖြစ်တဲ့အတွက် အသက်အရွယ်လည်း ရလာပြီ၊ အတွေ့အကြုံတွေလည်းရှိလာပြီဆိုတော့ နိုင်ငံရေးလေ့လာသုံးသပ်တဲ့ သူတွေအနေနဲ့ပဲ ဘာတွေဖြစ် လာမယ်။ ဘာ့ကြောင့် ဘာတွေဖြစ်နိုင်တယ်ဆိုတာကို သုံးသပ်တာပဲရှိတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ကေ တာ့ မှန်မှန်ကန်ကန်သုံးသပ်ပေးဖို့ပဲ စဉ်းစားတယ်။ ဘယ်ဘက်မှလည်း မပါဘူး။ ဘယ်ဘက်ကိုမှလည်း မဆန့်ကျင်ဘူး။ ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာကတော့ ကျွန်တော်တို့အကျိုးအကြောင်းနဲ့သုံးသပ်မယ်။ ကျွန်တော်တို့ေ ပြာတဲ့အချက်အလက်တွေ သုံးသပ်ချက်တွေ မှန်/မမှန်ဆိုတာကတော့ အချိန်တစ်ခုစောင့်ကြည့်ကြပေါ့။ အချိန် ကပဲ အဆုံးအဖြတ်ပေးမှာပါ။ ကျွန်တော်ပြောခဲ့တဲ့ အချက်အလက်တွေအရ နိုင်ငံရေးအရ အခုစစ်တပ်အစိုးရက အချိန်ကာလအကန့်အသတ်မရှိ အာဏာထိန်းထားမယ်ဆိုတဲ့ သဘောမျိုး မတွေ့ရဘူး။ အရင်တုန်းကတော့ ၁၉၉၀ မှာတုန်းက ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲမပေးတုန်းကတောင်မှ အကန့်အသတ်မပြောထားဘူး။ အခုဟာက အကန့်အသတ်ပေးထားတယ်။ ကျွန်တော်တို့သိသလောက် သူတို့ကလည်း အခြေခံဥပဒေကို ဘောင်ကျော်ပြီးတော့ အာဏာယူထားလို့မရဘူး။ ဒါ့ကြောာင့်မို့လို့ နားလည်းတဲ့ သိတဲ့သူတွေကလည်း ဒါကို စိတ်ရှည်သည်းခံကြဖို့ သူတို့ကတိတည်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်တွေရှိကြတယ်။ ပြောချင်တာကတော့ နိုင်ငံရေးအရ စစ်အစိုးရကို ဆန့်ကျင်တဲ့ဟာမှာလည်း နယ်ချဲ့သမား၊ နယ်ချဲ့နောက်လိုက်စစ်အစိုးရတွေကို ဆန့်ကျင်သလောက် ပြင်းထန်ခိုင်မာတယ်လို့ ကျွန်တော်ကတော့ မထင်ဘူး။ လုံလောက်တဲ့ လှုံ့ဆော်မှုမရနိုင် ဘူးလို့ ကျွန်တော်ကတော့ ထင်တယ်။
မေး - စစ်တပ်က ခဏခဏ အာဏာသိမ်းသိမ်းတဲ့ အကျင့်ကြီးဖြစ်မသွားအောင်နဲ့ စစ်တပ်ကိုတော် လှန်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ လူငယ်တွေဟာ ဝိုင်းပြီးတော်လှန်ကြဖို့ ကြိုးစားကြတာလည်း တွေ့ရတယ်။ အဲဒီမှာ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ဖို့ လိုကို မလိုဘူးလို့ ပြောတဲ့ မူဝါဒကတော့ မှန်တယ်။ ဒါပေမဲ့ လက်နက်ကိုင်တော် လှန်မယ်ဆိုတဲ့ လမ်းစဉ်နဲ့ မူဝါဒ ကျတော့ ရွေးချယ်တဲ့ပုံစံမှာ တယောက်နဲ့တယောက် မတူကြတာကို သွားတွေ့ ကြတယ်ဆိုတော့ လက်နက်ကိုင်မှကို ဖြစ်ကိုဖြစ်မယ်ဆိုပြီး သုံးသပ်တဲ့အဖွဲ့တွေရှိတယ်။ စစ်တပ်နဲ့စေ့စပ်ဆွေး နွေးစရာ ဘာအကြောင်းမှ မရှိဘူးဆိုပြီး အရမ်းကိုတင်းမာတဲ့အဖွဲ့တွေလည်းရှိတယ်။ တကယ်ပဲ အဲဒီ လမ်းစဉ် တိုင်း ရွေးချယ်မှကို ဖြစ်တော့မှာလား။ ဦးရဲရော ဘယ်လိုထင်မိလဲ။
ဖြေ - ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီအခြေခံရင့်ကျက်ပြီးသားနိုင်ငံ မဟုတ်ဘူး။ ဒီမိုကရေစီ အင်စတီကျူးရှင်း တွေ ရင့်ကျက်ပြီးသား နှစ်ပေါင်း ၂၀၀ ကျော်လောက်ဖြတ်သန်းခဲ့တဲ့ အမေရိကန်လိုနိုင်ငံမှာတောင်မှာ ပြီးခဲ့တဲ့ မကြာသေးခင်ကာလက ဒေါနယ်ထရမ့်က သူမဲရှုံးတာဟာ မဲအညစ်ခံရလို့ပါ ဆိုတဲ့ တဖက်သတ်စွပ်စွဲချက် သူ့ရဲ့အင်စတီကျူးရှင်း အတိုင်း တရားစွဲတယ်။ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း မလိုက်နာဘဲနဲ့ အကြမ်း ဖက်ပြီး လွှတ်တော်ကို ဝင်စီးဖို့ လုပ်ခဲ့သေးတယ်။ အံသြစရာကောင်းလောက်အောင်ပဲ အမေရိကန်ပြည်သူ လူထုတော်တော်များများက အဲဒီဆူပူအုံကြွမှုမှာ ပါတယ်။ လွှတ်တော်ကို ဝင်စီးမယ့် အကြမ်းဖက်မှုပိုင်းမှာ ပါဝင်ခဲ့ကြတယ်။ ကာယကံမြောက်အားဖြင့်။ သို့သော် ကံအားလျော်စွာပဲ အမေရိကန်သမ္မတအဖွဲ့ထဲက ဒုသမ္မတတွေ ကိုယ်တိုင်က ဒါကိုလက်မခံဘူး။ ကျန်တဲ့သူ့ပါတီက လွှတ်တော်အမတ်တွေ၊ တပ်မတော်နဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကတော့ လုံး၀ လုံး၀ မထောက်ခံဘူးပေါ့။ အဲဒီတော့ သူတို့ဆီမှာ စစ်တပ်က အာဏာသိမ်းဖို့ ဝင်ထိန်းဖို့လည်း မလိုဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် အင်စတီကျူးရှင်တွေ ကလည်း ခိုင်မာပြီး ပြည်သူလူထု ကိုယ်တိုင်ကလည်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖြစ်တဲ့အဖြစ်အပျက်တွေဟာ မှန်/မမှန်ဆိုတာ တရားရုံးရဲ့အဆုံးအဖြတ်ကို လိုက်နာရမယ်ဆိုတဲ့ အခြေခံစည်းမျဉ်းကို ပြည်သူလူထုတစ်ရပ်လုံးက သဘောထားလက်ခံကြတယ်။ သူတို့ရဲ့ ဒီမိုကရေစီက ခိုင်မာ တယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့က နောင်မှာ တပ်မတော်က ဒီလိုပဲ ဝင်ဝင်ပြီးတော့ အညစ်ခံရတယ်ဆို တဲ့သူတွေက ဒီလိုပဲ တပ်မတော်ကို အားကိုးရှာ၊ ဆုံးဖြတ်ပေးပါဦး၊ ဝင်ပြီးတော့ ထိန်းညှိပေးပါဦး ဆိုတဲ့ကိစ္စမျိုး တွေမဖြစ်အောင် နောင်မှာ တပ်မတော်သည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းရန် တာဝန်ရှိသည်ဆိုတဲ့ ဥစ္စာ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲကနေကို ပျောက်သွားအောင် အဲဒီနေရာမှာ ဘာကိုအစားထိုးရမလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ပြည်သူလူထုတစ်ရပ်လုံးက တာဝန်ရှိသည် ဆိုတဲ့ ဟာမျိုးဖြစ်လာရမှာ။ ငယ်ငယ်ကတည်းက ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေဥပဒေကို သင်ရမှာ။ အဆုံး အဖြတ်သည် တရားရုံးရဲ့အဆုံးအဖြတ်ပဲ ဖြစ်ရမှာ။ အဲဒီတရားရုံးတွေက ဘက်မလိုက်အောင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဘယ်လိုဖွဲ့စည်းမယ်ဆိုတာမျိုး ရေးရမှာ။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရေး ထားတဲ့ဟာက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလွဲလို့ ကျန်တဲ့ ဒိုင်လူကြီးလုပ်ရမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့ UEC တို့ ရွေးကောက်ပွဲကော်မရှင် တို့ဆိုတဲ့ ဥစ္စာတွေက နိုင်တဲ့အစိုးရက ဘက်လိုက်ဖို့ ရွေးထားသလိုကို ဖြစ်နေတယ်။ UEC ဆိုရင် သမ္မတကပဲ ခန့်ပြီး သမ္မတ ကပဲ ဖြုတ်နိုင်တယ်။ လွှတ်တော် ကတောင် မဖြုတ်နိုင်ဘူး။ နောက်ဆုံး UEC ကို ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက် သမ္မတ(ဦးဝင်းမြင့်) ကခေါ်ပြီးတော့ ဆုံးဖြတ်ချက်ပေးတယ်ဆိုတဲ့ဟာက ပေါ်လာခဲ့ပြီလေ။ ဒါက မှားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးပြီးတော့ လုပ်တဲ့အခါကျတော့ ဒီလိုမတရားမှုတွေပေါ်လာတဲ့အခါမှာ အညစ်ခံရတဲ့ သူတွေက အားကိုးရှာတာပေါ့။ ဘယ်လိုမှ လုပ်လို့မရတော့ရင် လုပ်ပါဦးဆိုပြီး အင်အားသုံးပြီး ဝင်စွက်ဖက်ဖို့ဟာကို အားကိုးရှာကြတာပေါ့။ အဲဒီ တော့ ဒါမျိုးမဖြစ်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် သူတို့လိုလားတဲ့အခွင့်အရေး တွေ၊ ဖက်ဒရယ်အခွင့်အရေးတွေနဲ့အညီ အခြေခံဥပဒေကို တရားမျှတအောင်ရေးပြီးတဲ့အခါကျတော့ အဲဒီမှာ အဆုံးအဖြတ်ပေးမယ့် တရားရေး တရားသူကြီးအဖွဲ့တွေ၊ ဘက်လိုက်မှုကင်းတဲ့ အဖွဲ့အစည်းတွေဖြစ် အောင် ပြန်ပြင်ဆင်ဖို့လို့တယ်။ အဲဒါကို တကယ့်ပြည်သူလူထုရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့အတည်ပြုပြီးတဲ့ အခါကျတော့မှ နောင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်ဆိုတဲ့ တပ်မတော်သည် ဆိုတဲ့ နေရာမှာ ပြည်သူလူထုတစ်ရပ်လုံးသည် ဆိုတာမျိုးဖြစ်ရမှာ။ အဲဒီလိုရေးမှာ နောင်မှာ တပ်က ခဏခဏ အာဏာ ဝင် ထိန်းရတဲ့ပြဿနာ၊ ဝင်သိမ်းတာပဲပြောပြော ဝင် ထိန်းတာပဲပြောပြော(ရယ်လျက်) ကျွန်တော်တို့လည်း နိုင်ငံ ရေးကနေပြီးတော့ ကင်းကင်းရှင်းရှင်းနဲ့နေနိုင်မယ့် အခြေအနေမျိုးရောက်မှာ။ ကျွန်တော်တို့နိုင်ငံပဲ ဒီလိုမျိုး ဖြစ်တာတော့ မဟုတ်ဘူး။ ထိုင်းမှာလည်း ဒီလိုမျိုး ခဏခဏဖြစ်တယ်။
မေး - NUG က ထူထောင်လိုက်တဲ့ PDF အဖွဲ့တွေနဲ့ပတ်သက်ပြီး ဒီဘက်က တပ်မတော်ထောက်ခံသူများအုပ်စု တွေက ပြောကြတာကတော့ မင်းတို့တွေက သေနတ်ကိုသေချာကိုင်တတ် ပစ်တတ်ရဲ့လား ဆိုတာတွေနဲ့ တိုက်ပွဲထဲမှာ တကယ်လို့ နင်လား ငါလား တိုက်ကြဟေ့ဆို တိုက်နိုင်လို့လား။ တခြားစကားတွေကတော့ လက်နက် ရှိတယ်ဆို ကျည်ဆံ လုံလောက်အောင်ရော ရှိရဲ့လား။ လက်နက်အားလုံးရှိနေတယ်ပဲထားဦး တပ်က ဗုံးကြဲချလိုက်ရင် အကုန်ကုန်ပြီဆိုတာမျိုးတွေ ပြောနေကြတဲ့စကားသံတွေလည်း ကြားနေရပြန်ပါတယ်။ အဲဒီလို စကားသံတွေနဲ့ပတ်သက်ရင်ရော ဦးရဲအနေနဲ့ ဒါသည်လည်း သတိပြုစရာ ကောင်းတဲ့အချက်လို့ ပြောလို့ရလား။
ဖြေ - ဒါပေါ့။ ကျွန်တော်တို့ မြန်မာပြည်ကွန်မြူနစ်ပါတီထဲမှာ ရှိစဉ်တုန်းက တရုတ်ပြည်တွင်းက ပါတီချင်း ပြဿနာတွေဖြစ်ကြတဲ့အခါမှာ တရုတ်ပြည်က အဲဒီအချိန်တုန်းက အနုမြူဗုံး မလုပ်နိုင်သေးဘူး။ အမေရိကန်က အနုမြူဗုံးရှိတယ်။ အမေရိကန်က ဆိုဗီယက်ယူနီယမ်က အနုမြူဗုံးလိုက်လုပ်နိုင်တယ်။ အနုမြူဗုံးရဲ့အဖျက်အား စွမ်းပကားကလည်း ကြီးတဲ့မှာ အမေရိကန်ကလည်း အနုမြူဗုံး ကိုင်ကိုင်ပြီး ခြိမ်းခြောက်နေတဲ့အခါကျတော့ မော်စီတုန်းက သူ့ပြည်သူတွေကို အားပေးရတာပေါ့။ အမေရိကန်နယ်ချဲ့သမား စက္ကူကြား အနုမြူဗုံးက ဘာမှအသုံးမကျဘူး။ ပြည်သူလူထုကသာ အဓိကပေါ့။ ငါတို့ပြည်သူလူထု သန်းထောင်နဲ့ချီပြီး ဘယ်သူကမှ မသတ်နိုင်ဘူးပေါ့။ ဒါကလည်း နိုင်ငံရေးအရ အားပေးတဲ့သဘောပေါ့။ တဖက်ကလည်း သူတို့လည်း အနုမြူဗုံး လုပ်နိုင်အောင်ကြိုးစားကြပါတယ်။ ဒါပေမဲ့ အပေါ်မှာ ယေဘုယျအားဖြင့် နိုင်ငံရေးအရ ပြည်သူလူထုကို အနုမြူဗုံး ကို ကြောက်တယ်။ အနုမြူဗုံး ရှိနေတဲ့ လူကို ကြောက်တယ်ဆိုတဲ့ ဟာကို အဖြစ်မခံချင်ဘူးပေါ့။ အဖြစ်မခံချင်တဲ့ အခါကျတော့ ခုလိုဝါဒဖြန့်ရတာပေါ့။ အဲဒီတော့ သူနဲ့မတည့်တဲ့ ပါတီတွင်းက ပုဂ္ဂိုလ်တစ် ယောက်က ဘယ်လိုပြောလဲဆိုတော့ ပြည်သူ့စစ်ပွဲဆိုတာ အနုမြူဗုံးနဲ့ တွေ့သွားရင်တော့ အသားတုံး တွေချည်းပဲ ဖြစ်ကုန်မှာဆိုပြီး သူတို့အချင်းချင်းတီးတိုးပြောကြတာပေါ့။ တကယ့်တကယ် အမှန်က တကယ်သာ စစ်ပွဲဖြစ်လာရင် သေမှာပဲလေ။ ပြည်သူ့စစ်ပွဲဆိုတာမှာ ပြည်သူတစ်ရပ်လုံးကတော့ တရားတဲ့ တော်လှန်တဲ့ စစ်ပွဲကို ထောက်ခံတာပေါ့။ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ ခေတ်မီစစ်ပွဲမှာ ခေတ်တစ်ခေတ်ရဲ့လက်နက်တွေရှိဖို့၊ စစ်ရေးအတတ်ပညာတွေ တတ်ကျွမ်းဖို့တို့ ဆိုတာ အများကြီး အရေးကြီးတယ်။ အများကြီးလိုတယ်။ ကျွန်တော် တို့မြန်မာနိုင်ငံလည်း အင်္ဂလိပ်နဲ့တိုက်တဲ့စစ်ပွဲမှာ စစ်ရှုံးရတယ်ဆိုတာက ကိုယ်က သတ္တိရှိနေရုံ၊ မျိုးချစ်စိတ် ရှိနေရုံနဲ့ မလုံလောက်ဘူး။ ခေတ်မီ လက်နက်တွေရှိဖို့လိုတယ်ဆိုတာ ကျွန်တော်တို့သမိုင်းမှာ ပြခဲ့ပြီလေ။ ကျွန်တော်တို့က ဓါး၊ လှံလောက် လက်နက်တွေပဲရှိတာကို။ ပေါ်တူဂီ နဲ့ ပြင်သစ်က ရတဲ့ အမြှောက်လောက် လေးရှိတာကို။ အဲဒီတော့ သူတို့ဘက်က တိုက်တဲ့ ခေတ်မီလက်နက်မျိုး မရှိဘူးလေ။ တပ်ကလည်း အမြဲတမ်း ပရော်ဖက်ရှင်နယ် တပ်က မရှိဘူး။ စိတ်ဓါတ်အင်အားကောင်းရုံနဲ့ပဲ တိုက်တော့ နောက်ဆုံးကျတော့ စစ်ရှုံးတာ ပေါ့။
မေး - အွန်လိုင်းတွေမှာ ရေးသားတာတွေ ကြည့်မိရင်တော့ တပ်မတော်ကြီးက ပြိုကွဲပျက်စီးနေပြီ ဟိုဘက်အ ဖွဲ့တွေကပဲ ဘယ်မှာ နိုင်နေပြီး ဘယ်လိုနိုင်နေပြီဆိုပြီး ရေးနေတာတွေ တွေ့ရတော့ လူထုကို သတင်းအမှား တွေ မျှော်လင့်ချက်အမှားတွေ ပေးပြီးတော့ သောကတွေ ဒုက္ခတွေပေးဖို့ ကြိုးစားနေကြတယ်လို့ပဲ ပြောလို့ရ မလား။ ဒီလိုတွေပြောမှ လူထုကလည်း တက်ကြွလာလိမ့်မယ်လို့ ယူဆနေကြတာ မှန်တယ်လို့ ထင်လား။
ဖြေ - ဒီလိုတော့ ရှိတာပေါ့ဗျာ။ တကယ်တမ်းကျတော့ လူထုတိုက်ပွဲ၊ NUG က ဖွဲ့တဲ့ ပြည်သူကာကွယ်ရေး တပ်တို့ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ ဒါတွေ အောင်မြင်ဖို့ဆိုတာမှာ အရေးကြီးတဲ့ အဆုံးအဖြတ်ကတော့ တပ်ကပေါ့။ လက်ရှိအခုရှိတဲ့ တပ်မတော်က သူတို့ဘက်ကို ရပ်ဖို့၊ ဒါမှမဟုတ်လည်း ပြိုကွဲသွားဖို့ ဆိုတဲ့ ကိစ္စကတော့ အရေးကြီးတာပေါ့။ တရုတ်ပြည်ရဲ့လွတ်မြောက်ရေး စစ်ပွဲမှာလည်း အခုလိုပဲ။ ချန်ကေရှိတ် ရဲ့တပ်တွေက နောက်ပိုင်းကျတော့ ပြိုကွဲသွားတာပဲလေ။ သူတို့ကလည်း နိုင်ငံရေးအရလည်း မမှန်ဘူး။ ဂျပန်နယ်ချဲ့သမားကိုလည်း ပြတ်ပြတ်သားသားမတိုက်ဘူး။ ကိုယ့်ပြည်သူ အချင်းချင်းပဲတိုက်တယ်။ ဖောက်ပြန်တယ်။ တရုတ်ပြည်ရဲ့စီးပွားရေးကိုလည်း ကောင်းကောင်းမွန်မွန်မတည်ဆောက်နိုင်ဘူး။ ချန်ကေရှိတ်ခေတ်က တရုတ် ငွေဆိုတဲ့ဟာက တခုခုဝယ်မယ်ဆိုရင် ဂုန်နီအိတ်နဲ့ဈေးသွားပြီးတော့ ဝယ်ရတာ။ အဲဒီဓါတ်ပုံတွေလည်း ကျွန်တော်တို့ဆီမှာ ရှိတယ်။ သူတို့က စက္ကူတွေရိုက်တော့ ငွေကြေး အရမ်းဖောင်းပွတယ်။ တော်တော်လေး ချွတ်ခြုံကြပြီးတော့ ပြည်သူလူထုက ယုံကြည်မှု ကျဆင်း တဲ့အချိန်မှာ တရုတ်တပ်ကလည်း မရိုဖရဲတွေဖြစ်တာ ပေါ့။ တကယ်တိုက်လို့ တပ်ကိုရှုံးတာထက် ချန်ကေရှိတ်ရဲ့ တပ်သားတွေကိုယ်တိုင်က စိတ်ထားတွေပျက်ပြား သွားတယ်။ အဲဒါကြောင့်လည်း ဒီလိုယုံကြည်မှုကျဆင်းချိန်မှာ တပ်မတော်ဘက်လည်း ထိတာပေါ့။ တကယ်တို က်လို့ တိုက်ပွဲမှာရှုံးတာထက် ချန်ကေရှိတ်ရဲ့ တပ်ကိုယ်တိုင်က စစ်ဓါတ်ပျက်ပြားပြီးတော့ ပြိုသွားတာက အရေး ကြီးတဲ့အကြောင်းအချက်ပေါ့။ အခုလည်း အဲဒီလိုတွေဖြစ်လာဖို့အတွက် တဖက်နဲ့တဖက်က အပြန်အလှန်တွေပြောကြ၊ ဝါဒဖြန့်ကြတာပေါ့။ အဲဒီလိုဝါဒဖြန့်တဲ့အခါမှာ အဖြစ်အပျက်အမှန်တွေဖြစ်ဖို့တော့ လိုတာပေါ့။ အဖြစ်အပျက်အမှန်မဟုတ်ဘူးဆိုရင်တော့ ဒါတွေဟာ အမှားတွေကို ချဲ့ကားပြောတာလို့ သိလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ယုံကြည်မှုကျလာတတ်တယ်။ ဒီခေတ် သတင်းအချက်အလက်တွေက တစ်ဦးတည်းလည်း ချုပ်ကိုင်ထားလို့မရတော့သလို ဖုံးထားလို့လည်းမရတော့ဘူး။ သတင်းက ပထမရက်မှာ ပြောလိုက်တဲ့ဟာကို နောက်နှစ်ရက် သုံးရက်လောက်ဆို အမှန်လား၊ ချဲ့ကားပြောတာလား ဆိုတာက ပေါ်လာ တာပဲ။ သတင်းဖြန့် တာက အမှန်ဖြစ်တယ်ဆိုရင်တော့ အထောက်အကူဖြစ်တယ်။ သတင်းအမှား သာဆိုရင် တော့ ဝါဒဖြန့်တဲ့ အဖွဲ့အစည်းယန္တရားကို ပြန်ထိခိုက်တယ်လို့ပဲ ကျွန်တော်ကတော့ ပြောချင်တယ်။
မေး - အခု ကျွန်တော်တို့လူမှုကွန်ရက်မှာတွေ့နေရတာက PDF အဖွဲ့က လူငယ်လေးတွေ ကျမ်းသစ္စာကျိန်ဆို တာလေးတွေ တွေ့ရတော့ ဦးရဲရော အဲဒီလို ဗီဒီယိုဖိုင်လေးတွေ တွေ့တဲ့အခါမှာ သူတို့ကြည့်ပြီးတော့ စိတ်ဓါတ် ခွန်အားတက်ကြွတာလား။ ဒါမှမဟုတ်တခြား ဘယ်ထောင့်ကနေ တွေးမိတာမျိုး ရှိမလဲ။
ဖြေ - ဒီမေးခွန်းကတော့ သာမန်လူငယ်လေးတွေကိုမေးရင် တစ်မျိုး၊ လူကြီးတွေကိုမေးရင် တစ်မျိုး၊ အဖြေတူမယ်လို့ မထင်ဘူး။ လူငယ်လေးတွေကို မေးလို့ရှိရင်တော့ တက်ကြွတယ်။ အားကျတယ်။ သွားချင်တယ် ဆိုတာ မျိုး ဖြေကောင်းဖြေမှာပေါ့။ လူကြီးတွေကိုမေးလို့ရှိရင်တော့ တော်တော်စိုးရိမ်မှာပေါ့။ ဒီကလေးတွေကတော့ စစ်ပညာ မတောက်တခေါက်နဲ့ ထောက်ပံ့မှုမလုံမလောက်နဲ့ စစ်မြေပြင်ကို ဆင်းကြမယ်ဆိုလို့ရှိရင် ထိခိုက်ဒဏ်ရာ ရကြမလား။ သေကြမလား ဆိုပြီး ကိုယ့်သားသမီးတွေအတွက် စိုးရိမ်တာမျိုးတွေရှိတာပေါ့။ တိုင်းရင်းသားဒေသက ပြည်သူတွေကတော့ (ဟင်) ဒီစစ်ပွဲကြီးက ဘယ်တော့မှ ပြီးတော့မှာလဲ။ ဒီဒုက္ခတွေ ငါတို့ကတော့ ဆက်ခံရဦးမှာပဲလို့ တွေးကြမှာပေါ့။ တယောက်နဲ့တယောက်က ဒီအပေါ်မှာ အမြင်တွေတူကြ လိမ့်မယ်လို့ မထင်ဘူး။
မေး - ဦးရဲ အရင်က ကျွန်တော်ကိုပြောပြခဲ့ဖူးတာ ဦးရဲလည်း အရင်က ငါတို့အဖေက ငါတို့အနာဂတ်ကို မကြည့်ဘူး ဆိုပြီး ကိုယ်တိုင်က တွေးခဲ့ဖူးတယ်ဆိုတော့ ကိုယ်တိုင်လည်း ဆယ့်ငါးနှစ်လောက် တောထဲသွားနေဖူးတဲ့ အခါမှာ နားလည်သွားခဲ့တယ်။ အခုလည်း ဒီလူငယ်မျိုးဆက်လေးတွေကလည်း စိတ်ဓါတ်ခွန်အားအရ တက်ကြွ ကြတယ်။ ဘာပဲပြောပြော လေးစားဖို့တော့ ကောင်းပါတယ်။ သူတို့သည် စစ်တပ်ကိုတော်လှန်ရမယ်။ အုပ်ချုပ် ရေးမှာ စစ်တပ်ကို လိုကို မလိုချင်ဘူးဆိုတဲ့ စိတ်ဓါတ်ကတော့ အရမ်းကောင်းတယ်။ ဒါပေမဲ့ တချို့လူကြီးတွေ ကတော့ မလုပ်သင့်လို့ နေပါဦးလို့ တားတဲ့ သူတို့တွေအခေါ်အရ Generations L ဆိုပြီး ဝိုင်းပြောတာမျိုးတွေ လည်း တွေ့ရတယ်။ ဒီလူငယ်တွေကိုရော ဘာများပြောချင်တာရှိမလဲ။
ဖြေ - ဒီလို အုံကြွပြီးတော့ တိုက်ခိုက်တဲ့ကိစ္စက လုံး၀ လူအဖွဲ့အစည်းပြောင်းလဲရေးအတွက် မကောင်းတာလို့ တော့မထင်ဘူး။ အောင်မြင်တာ/မအောင်မြင်တာကတော့ တစ်ပိုင်းပေါ့။ ကျွန်တော်ပြောခဲ့သလို ဘယ်လို အချက်အလက်တွေနဲ့ ပြည့်စုံရင်တော့ အောင်နိုင်တယ်။ သို့သော် တဖက်မှာက တိုင်းရင်းသားတွေက လက်နက်ကိုင်ပြီး တိုက်ခိုက်နေကြတာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ။ နှစ်ပေါင်း ၇၀ လည်းကျော်လာပြီ။ သူတို့တွေ လိုလားတောင်းဆိုခဲ့ဟာကို ဒီဘက် တပ်မတော်ဘက်ကလည်း သဘောပေါက်ဖို့ လိုနေပြီ။ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးခွင့် ရလာတဲ့ ၂၀၁၀ နောက်ပိုင်းကျတော့မှ (အော်) ဖက်ဒရယ်စနစ်ဆိုတာ ဒီလိုလား။ တပ်မတော်ခေါင်းဆောင်တွေကိုယ်တိုင်က ဖက်ဒရယ်စနစ်ဆိုတာ ဒါပါလား ဆိုပြီး သဘောပေါက် လာကြတာ။ အခုလည်း NUG တို့လက်နက်ကိုင်တိုက်တဲ့ အုံကြွမှုက ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲ ဆိုရင်တော့ တပ်ဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတာသည် အဖြေမဟုတ်ဘူး ဆိုတဲ့ ကောက်ချက်ပေါ့။ နောင်မှာ တပ် က နိုင်ငံရေးမှာ မပါအောင်၊ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဝင်စွက်ဖက်စွက်ဖက် ပြည်သူလူထု ကတော့ မတရားဘူးလို့ပဲ မြင်မှာ။ တပ်ကိုလည်း မုန်းမှာပဲ။ အဲဒီလိုမဖြစ်အောင် နောင်မှာ ဘယ်လိုရှောင်မလဲ။ ဘယ်လိုမျိုး ကာကွယ်ထိန်းသိမ်းရမလဲဆိုတဲ့ နားလည်မှုကိုတော့ ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ထင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နှစ်ပေါင်း ၇၀ ကြာတဲ့အထိ ပြိုပျက်မသွားဘဲ ရပ်တည်နိုင် နေတယ်။ ပြည်တွင်းစစ်ကြီးကလည်း မပြီးဘဲ ဒီဟာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဒီကနေ့ထိ စားပွဲဝိုင်းပေါ် ရောက်လာတဲ့အခါမှာ နားလည်လာကြသလိုမျိုးပဲ။ နောင်မှာလည်း ဒီပဋိပက္ခကနေ သင်ခန်းစာတွေထုတ်နိုင် လိမ့်မယ်လို့ ကျွန်တော် မြင်တယ်။
မေး - နိုင်ငံအုပ်ချုပ်ရေးအာဏာနဲ့ပတ်သက်ရင် ကျွန်တော် ဦးနုတို့ဖြစ်စဉ်ကနေ မှတ်သားဖူးတာကတော့ စစ်ဗိုလ်ချုပ်တွေဟာ အာဏာရတာကြာလာတဲ့အခါကျရင် နိုင်ငံရေးသမားတွေရဲ့ကျင့်ထုံးတွေနဲ့ နိုင်ငံရေးသမား တွေကို လူထုနှစ်သက်မှုတွေကို ကြည့်ကြည့်ပြီး အားကျပြီး စစ်ဗိုလ်ချုပ်တွေက နိုင်ငံရေးသမားယောင်ယောင် ဖြစ်လာကြတယ်။ နိုင်ငံရေးထဲကို ဝင်ဝင်လာပြီး အုပ်ချုပ်ဖို့ ကြိုးစားကြတယ်ပေါ့နော်။ အဲဒီလိုအရာက ဒီမိုကရေစီ စနစ်ကို ပျက်သုဉ်းစေတယ်လို့ ပြောခဲ့တယ်။ ဒါကြီးကလည်း ကျွန်တော်တို့သံသရာကို နှစ် ၇၀ ရှိခဲ့ပြီ။ ဒီတကြိမ် နဲ့ဆိုရင် အာဏာသိမ်းတာ ၃ ကြိမ်မြောက် သိမ်းပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေက နိုင်ငံရေးလောကထဲ ဝင်ဝင်လာ တဲ့ ပြဿနာဟာ ဒီမိုကရေစီအတွက် တော်တော်လေးကို စိုးရိမ်စရာဖြစ်တဲ့အနေအထားတစ်ခု ဖြစ်တယ်။ နောက်နောင် စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးထဲကို ဝင်မလာအောင်နဲ့ လက်ရှိစစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးထဲက ပြန်သွားအောင် တကယ်လုပ်ရမယ့် နည်းလမ်းအစစ်က ဘာလို့ ဦးရဲအနေနဲ့ မြင်မိလဲ။
ဖြေ - တကယ့်ပြဿနာအမှန်က စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးထဲဝင်လာတဲ့ ပြဿနာမဟုတ်ဘူးဗျ။ အဲဒီဟာကို ပြဿနာလို့ထင်ရင် ဗိုလ်ချုပ်အောင်ဆန်းက တပ်ခေါင်းဆောင်ဘဝကန နှုတ်ထွက်ပြီး နိုင်ငံရေးထဲဝင်လာတာကို မှားတယ်လို့ ပြောသလိုဖြစ်နေမှာပေါ့။ အမှန်က အဲဒီဟာက ကောက်ချက်မဟုတ်ဘူး။ တပ်ခေါင်းဆောင်တွေက စစ်ဝတ်စုံတွေကို ချွတ်ပြီး အရပ်သားဘဝကို မကူးပြောင်းဘဲနဲ့ စစ်ဝတ်စုံနဲ့တပ်ကို ကိုင်ပြီး နိုင်ငံရေးထဲကို ဝင်လာ တာကမှ တကယ့်ပြဿနာ။ ဆိုလိုတာက တပ်သည် တပ်ရဲ့အလုပ်ပဲလုပ်ရမယ်။ နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် စစ်ဝတ်စုံကိုချွတ် တပ်ကထွက်ပြီးမှ နိုင်ငံရေးအလုပ်ကို လုပ်ရမှာ။ စစ်ရေးအမြင်တို့ လုံခြုံရေးအမြင်တို့ ပိုရှိတယ်။ အခြေခံဥပဒေမှာ ရေးထားတဲ့ဟာတွေက မှန်သင့်သလောက်တော့ မှန်ပါတယ်။ ရိုးရိုးအရပ်သားဘဝက လာတဲ့ နိုင်ငံရေးသမားတွေထက်တော့ သူတို့က လုံခြုံရေးကိစ္စ စစ်ရေးစစ်ရာကိစ္စတွေမှာ ပိုပြီးတော့ သာတာပေါ့။ အဲဒီလိုခေါင်းဆောင်တွေ တော်တော်များများလည်း ရှိပါတယ်။ အမေရိကန်မှာလည်း ဒီလိုပါပဲ။ ဂျော့ဝါရှင်တန် တို့လို အိုက်ဆင်ဟောင်ဝါ တို့လို့ စစ်ဗိုလ်ချုပ်ကနေပြီး သမ္မတဖြစ်လာတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလိုဖြစ် လာတဲ့သူတွေတောင်မှပဲ အခြေခံဥပဒေကို လိုက်နာပြီးတော့ လူထုရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ကြတာ။ ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့အချိန်မှာလည်း ဥပဒေကို မချိုးဖောက်ဘူး။ အဲဒီလိုကို ဖြစ်ရမှာ။ ကျွန်တော်တို့မှာလည်း အဲဒီလိုဖြစ်ဖို့လိုတယ်။ ခုနက ခင်ဗျားပြောသလို နိုင်ငံရေးသမားတွေက ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲတွေ မှာပြိုင်ကြတဲ့အခါ အထူးသဖြင့် ပြိုင်ပွဲက ရွေးကောက်ပွဲတွေမှာ ပိုပြီးတော့ သိသာတယ်။ ကျန်တဲ့အချိန်တွေမှာ မသိသာဘူး။ ရွေးကောက်ပွဲတွေမှာ ပြိုင်ကြတဲ့အခါမှာ နံပါတ်တစ်က မညစ်ပတ်ဖို့၊ မညစ်ပတ်နိုင်အောင် အခြေခံ ဥပဒေကလည်း အကာအကွယ်ပေးထားဖို့ (ဆိုလိုတာက UEC က လွတ်လပ်ပြီးတော့ သမာသမတ်ကျတဲ့ပုဂ္ဂိုလ် တွေဖြစ်ရမယ်။) သူတို့အပေါ်မှာ ဘယ်သူကမှ လွှမ်းမိုးမှုမရှိနေရဘူး။ အဲဒါက ပထမအရေးကြီးတဲ့တောင်းဆိုချက်၊ UEC က သမ္မတရဲ့လွှမ်းမိုးမှုလည်း မရှိဘူး။ ဘယ်သူ့ဘက်မှလည်း မလိုက်ဘူးဆိုလို့ရှိရင် ဒီရွေးကောက်ပွဲ ကလည်း ဘာပဲဖြစ်ဖြစ် သမ္မတလွှမ်းမိုးတဲ့ UEC က လုပ်တဲ့ ရွေးကောက်ပွဲထက်တော့ ပိုပြီး လွတ်လပ်ပြီး တရား မျှတနိုင်တာပေါ့။ အဲဒီလိုရွေးကောက်ပွဲကနေထွက်လာတဲ့ အဆုံးအဖြတ်ကိုလည်း အတိုက်အခံ နိုင်ငံရေးသမား တိုင်းက အာဏာရသူတွေလည်း လက်ခံနိုင်ရမယ်။ ကိုယ်ရှုံးလို့ လက်မခံဘူးဆိုတဲ့သူတွေကလည်း ကိုယ်တက်ရ မယ့်နေရာက တရားရုံးပဲ။ တရားရုံးမှာပဲ ဒီအမှုကိုတက်ပါ။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုပဲ နာခံရမယ်။ တရားရုံး အဆုံးအဖြတ်မှာလည်း မနိုင်လို့ဆိုပြီး တပ်ကို သွားအားကိုးတာမျိုး မလုပ်ဖို့အရေးကြီးတယ်။ တပ်ကလည်း သူ့ဘာသာသူနေ သူ့အလုပ်သူလုပ်နေမယ်ဆိုရင် ပြည်သူလူထုကလည်း ချစ်တယ်။ အဲဒါတောင်မှ အတိုက်အခံ နိုင်ငံရေးသမားတွေက တရားရုံးအဆုံးအဖြတ်အတိုင်း လိုက်နာပြီး မကျေမနပ်ဖြစ်မှုအတိုင်းအတာက သိပ်ပြီး တော့ များလာပြီး လူထုအုံကြွလာတယ်ဆိုရင်တော့ လူထုအုံကြွမှုဟာ အာဏာရပါတီရဲ့ ရွေးကောက်ပွဲမတရား ကျင့်မှုကြောင့် အခုလိုမျိုး ၈၈ လိုမျိုး တပြည်လုံးဖြစ်လာတဲ့အခါမျိုးကျတော့မှ တပ်မတော်က ၂၀၀၈ မှာရေးထား တဲ့အတိုင်း မဟုတ်ဘူးနော်။ အခြေခံဥပဒေအတိုင်း ပြည်သူလူထုဘက်က ရပ်လိုက်တာမျိုးဆိုရင် တပ်ကိုအရမ်း ချစ်ကြမှာ။ အခု အခြေခံဥပဒေမှာရေးထားတာက လက်ရှိအာဏာရပါတီက ညစ်ပတ်လို့ပဲဖြစ်စေ၊ တစ်ခုခု ကြောင့်ဖြစ်စေ၊ ဖွဲ့စည်းအခြေခံကြောင့်ဖြစ်စေ၊ UEC ရဲ့အဆုံးအဖြတ်သည် အတည်ဖြစ်သည်ဆိုပြီး လုပ်နေရင်း ကနေပြီးတော့ လူထုအုံကြွမှုက ထိန်းမနိုင်သိမ်းမရဖြစ်တဲ့အခါမှာ အဲဒီသမ္မတက တပ်ကိုခေါ်ပြီးတော့ ထိန်းခိုင်း တာ။ အဓိပါ္ပယ်ကတော့ အခြေခံဥပဒေမှာရေးထားတာက အဲဒီရွေးကောက်ပွဲရလဒ်ကိုပဲ အတည်ပြုခိုင်းတာ။ တပ်က ဝင် ထိန်းပြီးတဲ့အခါမှာ အဲဒီအစိုးရသက်ဆိုးရှည်ရေးပဲ လုပ်ရမှာ။ အခုကျအခြေခံဥပဒေမှာ တပ်က ဝင် ထိန်းတဲ့ကိစ္စတွေ ဘာတွေရေးမထားဘူး။ တပ်က သူ့ဘာသာသူလုပ်မယ်။ တရားရုံးတွေက သူ့အလုပ်သူ လုပ် မယ်။ အငြင်းပွားမှုဖြစ်လာရင် တရားရုံးကိုပဲတင်ရမယ်။ တရားရုံးကပဲ ဆုံးဖြတ်ရမယ်။ တရားရုံးဆုံးဖြတ်ချက်တွေ ကို နိုင်ငံရေးပါတီတွေကရော ပြည်သူလူထုကပါ လေးစားရမယ်။ နားထောင်ရမယ်။ အဲဒီဟာကိုမှ ပြည်သူလူထု က မဟုတ်ဘူး။ အာဏာရပါတီက အရမ်းကို ညစ်ပတ်တယ်။ သိသာတယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်လာတဲ့အခါမှာ ပြည်သူလူထုက အုံကြွလာမှာ။ ဖိလစ်ပိုင်က မားကိုစ့်တို့လို့ ဖြစ်လာတဲ့အခါကျမှ တပ်က တရားတဲ့ဘက်ကို ဝင်ပြီးတော့ ရပ်ပေးလိုက်ပြီး ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုပြီး ဖြစ်လာမှာ။ အဲဒီမှ တပ်ကို ပြည်သူလူထုက အရမ်းချစ်သွားပြီး တပ်က အမှတ်ရလာမှာ။ အဲဒီနောက်တော့မှ တပ်ကာကွယ်ရေးဦးစီးချုပ်က သူ့သက်တမ်း လည်း ပြည့်သွားပြီဆိုပြီး တပ်ကအနားယူ ယူနီဖောင်းချွတ်ပြီး နိုင်ငံရေးလောကထဲဝင်တယ်ဆိုရင်တော့ သမ္မတ ရာထူးရနိုင်တာပေါ့။ အဲဒီလို ကာကွယ်ရေးဦးစီးချုပ်တွေ သမ္မတပြန်အရွေးခံရတာမျိုးတွေ သမိုင်းမှာရှိပါတယ်။
မေး - NUG နဲ့ PDF တို့ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်တဲ့နေရာမှာ တကယ်ပဲ အောင်မြင်မှုရရှိမလားဆို တဲ့ နေရာမှာ သေချာပေါက် ကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာ လူထုရဲ့ဝိုင်းအဆဲခံရမယ်။ အဲဒီလို ဝိုင်းဆဲမယ့်သူ တွေ၊ ဦးရဲကိုလည်း ဆဲမယ်၊ ကျွန်တော့်ကိုလည်း ဆဲမယ်။ ဆဲမယ့်သူတွေရှိတဲ့ကြားထဲက အခုလိုကျွန်တော်ကို ဦးရဲ ဖြေနေရခြင်းအကြောင်း ရည်ရွယ်ချက်က ဘာ့ကြောင့်များဖြစ်မလဲ။
ဖြေ - ကျွန်တော်တို့ကတော့ ဘာမှသိပ်ကြီးကြီးမားမား မမျှော်လင့်ဘူး။ ကျွန်တော်က ကျွန်တော်သိထားတဲ့ အတိုင်း အမြင်အတိုင်း ဘက်မလိုက်ဘဲနဲ့ မှန်မှန်ကန်ကန်ပြောမယ်။ ပြောတဲ့အခါမှာ နောင်သမိုင်းမှာ ပြန်ကြည့် လိုက်တဲ့အခါမှာ (ဟာ) ဒီလူပြောတာမှန်ပါ့လား ဆိုတာပဲ လိုချင်တာ။ ဒီလူပြောခဲ့တာတွေက အမှန်ပဲ။ နာမည် ကြီးချင်လို့ သူများအကြိုက်၊ အများအကြိုက်ကို လိုက်ပြီးတော့ ပြောနေတာပဲ။ ဟိုလူ့ကိုဖားပြီးတော့ ပြောနေတာပဲ ဆိုတာမျိုး မဟုတ်ဘူး။ ကျွန်တော်အဲဒီလို စကားမျိုးပြောဖို့ ဝန်လေးတယ်။ ကျွန်တော့်စိတ်ထဲမှာ အမှန်လို့ မြင်ထား တဲ့ဟာကို ကျွန်တော်ပြန်ပြောပြချင်တယ်။ နောင်တချိန်ပြန်ကြည့်တဲ့အခါ ဒီလူပြောတာ အမှန်တွေပဲ ဆိုတာကို လိုချင်တာ။ ကျွန်တော်ဒါမျိုး အတွေ့အကြုံတွေအများကြီးရှိပါတယ်။ လွှတ်တော်တွေထဲမှာ ကျွန်တော်တို့ ခုံရုံး ကိစ္စ ဆွေးနွေးကြတဲ့အချိန်မျိုးမှာ ကျွန်တော်တို့မူလအစက ခုံရုံးကို စွပ်စွဲပြစ်တင်လို့ရတယ် ဖြုတ်ချလို့ရတယ်ဆို တာကို ကျွန်တော် အရင်ဆုံးပြောခဲ့တာပဲ။ အခြေခံဥပဒေကိုဖတ်ပြီးတော့ လွှတ်တော်ကို အဲဒီလိုလုပ်လို့ရတယ် သမ္မတကိုတောင် လုပ်လို့ရတယ်ဆိုပြီး ကျွန်တော်က ပြောခဲ့တာပဲ။ ပြောခဲ့ပြီးတဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌတို့က စိတ်ဝင်စားသွားပြီးတော့ အဲဒီလမ်းကြောင်းကိုရှာကြတဲ့အခါ ဆွေးနွေးဖို့နောက်ထပ်တဆင့် ကျွန်တော်က အခြေခံဥပဒေစာအုပ်တစ်အုပ်လုံးကို သေချာပြန်ဖတ်ပြီး သုံးသပ်တဲ့အခါ သူတို့ပြောတာက မမှားဘူး။ လွှတ်တော်က ဖွဲ့တဲ့ ကော်မတီ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းလို့ အခြေခံဥပဒေမှာက မသတ်မှတ်ထားဘူး။ ဒါပေမဲ့ သူတို့ဆုံးဖြတ်တဲ့အချက်ထဲမှာက အဲဒီအဖွဲ့အစည်းတွေရဲ့အဆင့်က အမှန်က ပြည်ထောင်စုအဆင့် လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းဖြစ်နေတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့သူတို့က ပြည်ထောင်စု အဆင့် လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်း မဟုတ်ဘူးဆိုတော့ နိမ့်ချသလိုဖြစ်နေတယ်။ အဲဒီတော့ လွှတ်တော် ဆိုင်ရာကိုယ်စားလှယ်တွေက မခံနိုင်ဘူးဖြစ်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒါတွေကိုထောက်ပြမှဖြစ် တော့မယ်ဆိုပြီး ပြောမယ့်အချိန်မှာ လွှတ်တော်က လှုပ်လှုပ်ရွရွဖြစ်နေပြီ။ ခုံရုံးကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချဖို့ အတွက် ဦးရွှေမန်းကလည်း အသင့်ဖြစ်နေပြီ။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်ကလည်း ကျွန်တော်စခဲ့တဲ့ လမ်း ကို ထောက်ခံပြီး ဆွေးနွေးလို့လည်း ရတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီညမှာ ကျွန်တော်စဉ်းစားတယ်။ ဒါက သူတို့ပြောတာလည်း မမှားဘူး။ မှန်သင့်သလောက်တော့ မှန်တယ်။ သို့သော် သူတို့မှားတဲ့အချက်ကတော့ ကျွန်တော်တို့အရင်က နအဖ က ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို သုံးသပ်တာ။ အဲဒါက သူတို့ကို တာဝန်ပေးမထား ဘူး။ သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ/မညီဆိုတဲ့ဟာက ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ ဥပဒေ တွေကိုပဲ ဆုံးဖြတ်ပေးရမှာ။ ဆိုလိုတာက သူ့တာဝန်ကိုကျော်လုပ်တာပေါ့။ အဲဒီအချက်ကတော့ မှားတာပေါ့။ အဲဒီဟာကတော့ ကျွန်တော်ထောက်ပြခဲ့တဲ့ အချက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဆွေးနွေးတဲ့အခါကျတော့ ဒီလိုမလုပ်သင့်ဘူး။ ဒီလောက်ထိမလုပ်သင့်ဘူး သူတို့ပြောတာ မှန်တယ်ဆိုတာမျိုး ပြောမယ် ငါသမိုင်းမှာ အမှား ထဲမှာ တရားခံတော့ အဖြစ်မခံနိုင်ဘူးဆိုတဲ့ သဘောနဲ့ ကျွန်တော့်ရဲ့သဘောထားကို ဖေ့ဘွတ်စ်မှာ တင်လိုက် တယ်။ ဒါပေမဲ့ အဲဒီအကြောင်းအရာကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခွင့်မရခဲ့ဘူး။ သို့သော် ဘာပဲဖြစ် ဖြစ် ကျွန်တော်ကျေနပ်တယ်။ အခုလည်း အဲဒီအကြောင်းကို ကျွန်တော်က ရဲရဲရင့်ရင့် စိတ်ရှင်းရှင်းနဲ့ ပြောရဲ တယ်။ မှားတဲ့ထဲမှာ ကိုယ်မပါဘူးဆိုတာကို ကိုယ်တိုင်ဂုဏ်ယူတယ်။ အခုလည်း ကျွန်တော်တို့နိုင်ငံရေးအမြင် တွေပြောတဲ့အခါမှာ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်သိ ဖတ်မှတ်ထားတဲ့အတွေ့အကြုံတွေနဲ့ပြောတာဖြစ်တယ်။ နောင်တချိန်မှာ သမိုင်းမှာ ကိုယ်က အမှားကြီးပြောပြီး ဒုက္ခပင်လယ်ထဲ တွန်းပို့တဲ့ လူမျိုးတော့ မဖြစ်ချင်ဘူး။ စစ်ပွဲဆိုတာက သူတို့ပါဝင်ပတ်သက်တဲ့လူတွေတင် မဟုတ်ဘူး။ ပြည်သူလူထု အားလုံးပါ ဒုက္ခရောက်မှာဆို တော့ အဲဒါမျိုးတော့ ကျွန်တော်က စိတ်မလုံဘူး။ သို့သော်လည်း နိုင်ငံရေးအရဖြစ်လာမယ့် ကောင်းကျိုးတွေ မရှိဘူး ဆိုတဲ့စကားမျိုးလည်း ကျွန်တော်မပြောချင်ပါဘူး။ ဒါတွေက နိုင်ငံရေးအရ ရိုက်ခတ်မှုတွေကတော့ ရှိတယ်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းအတွက် ဆင်ခြင်သုံးသပ်စရာတော့ဖြစ်တာပေါ့။ ဒီလိုဖြစ်လာတဲ့ကိစ္စတွေ အတွက် နောင်ဘယ်လိုရှောင်မလဲ။ ဘာ့ကြောင့် ဒီလိုဖြစ်သလဲ။ တပ်ကရော ဒီလိုအခြေအနေအောက်မှာ အကျိုးအမြတ်ရှိသလား။ တပ်ကို ပြည်သူလူထုက ပိုချစ်သလား။ ပိုမုန်းသွားသလား။ နောင်မှာ ဒီလိုကိစ္စမျိုးကို ဘယ်လိုရှောင်မလဲဆိုပြီး ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာရစေချင်ပါတယ်။
မေး - နောက်ဆုံးအနေနဲ့ စစ်တပ်ကို နိုင်ငံရေးထဲက ဖယ်ပစ်လိုက်ဖို့ လက်နက်ကိုင်တော်လှန်တဲ့နည်းလမ်းဟာ အောင်မြင်နိုင်သလား။ မအောင်မြင်နိုင်ဘူးလား ဆိုတာ လိုတိုရှင်း စကားလုံးနဲ့ပဲ ပြောပါဆိုရင်ရော။
ဖြေ - လက်နက်ကိုင်တော်လှန်ရေးနည်းတစ်ခုတည်းနဲ့ကတော့ မအောင်မြင်နိုင်ဘူး။ သွားရမှာကတော့ ခုနက ပြောသလို စေ့စပ်ဆွေးနွေးရေး၊ စားပွဲဝိုင်း နိုင်ငံရေးနဲ့ပဲ သွားရမှာ။ ကျွန်တော်တို့နိုင်ငံက စဖြတ်သန်းလာကို ကတည်းက နိုင်ငံရေးအခွင့်အရေးတွေရဖို့အတွက် လက်နက်စွဲကိုင်ပြီးတော့ တိုက်ခဲ့ကြတယ်။ တိုက်ခဲ့ကြတဲ့ အခါမျိုးကျတော့ တဖက်က အုပ်စိုးတဲ့လူတန်းစား အုပ်စိုးတဲ့အဖွဲ့အစည်းတွေက ပိုပြီးခိုင်မာအောင် လက်နက် ကိုပဲ အားကိုးပြီးတော့ မပြိုကွဲအောင် ပြန်တိုက်ခဲ့ကြတာဆိုတော့ အမြင်တွေက ညှိနှိုင်းမှုကို မသွားကြဘဲနဲ့ အစကတည်းက ကျွန်တော်တို့ကတဖက်နဲ့တဖက် မျက်နှာချင်းမဆိုင်ချင်လောက်အောင် မုန်းတဲ့လမ်းကြောင်းကို လျှောက်ခဲ့ကြတာကို။ အဲဒီလိုလျှောက်ခဲ့ပြီးတဲ့ အခါကျမှ အပြန်အလှန်နားလည်မှုရတာဆိုတော့ ကျွန်တော်စိတ် ထဲမှာတော့ ၂၀၁၀ လောက်မှပဲ ဒီလိုအခြေအနေရောက်တယ်လို့ မြင်တယ်။ တပ်က ခေါင်းဆောင်တွေလည်း ဖက်ဒရယ်စနစ်ကို ကောင်းကောင်းနားလည်လာတာလည်း ဒီနောက်ပိုင်းမှလို့ပဲ ကျွန်တော်မြင်တယ်။ ဒီလိုဖြစ် လာရတဲ့အကြောင်းရင်းကလည်း လက်နက်ကိုင်တိုက်ပွဲကြီးက မကောင်းဘူးဆိုတဲ့ဟာကို နိဂုံးချုပ်နိုင်ဖို့ ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုပြီး အဖြေရှာရင်းနဲ့ ဒီအခြေအနေထိရောက်လာတာကို။ ပြောချင်တာက လုံးဝကြီး အကျိုးမရှိဘူးဆိုတာမျိုးတော့ မဟုတ်ဘူး။ မှန်ကန်တဲ့အမြင်တစ်ခုရဖို့အတွက် တွန်းပို့တဲ့နေရာ၊ တွန်းပို့တဲ့ အခန်းကဏ္ဍန်က ပါတယ်လို့တော့ ပြောရမှာပေါ့။

မေး - အခုလို အချိန်ပေးပြီးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Picture

Htun Aung Kyaw

26/08/2022 22:45

ဒီလို ကောင်းမွန်တဲ့ သုံးသပ်ချက်‌‌တွေ ဖတ်ရတာ အတော်ကောင်းတယ်

Related news

© 2021. All rights reserved.