" ကျောင်း သွားတက်ရကောင်းလားဆိုပြီး ရန်လိုမုန်းထားပြုတာကတော့ ကျွန်တော်လည်း လက်မခံပါဘူး "
1508
အိဖြူ (NP News) - မေ ၂၆
စစ်ကောင်စီ(နစက) အုပ်ချုပ်စဉ် ပြန်လည်ဖွင့်လှစ်မယ့် စာသင်ကျောင်းတွေမှာ ကျောင်းသား/သူတွေအနေနဲ့ ကျောင်းသွားတက်သင့်လား။ ကျောင်းသွား မတက်သင့်ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆရာ/မများ အဖွဲ့ချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို NP News သတင်းဌာနက အခုလိုဆက်သွယ် မေးမြန်းခဲ့ပါတယ်။
မင်္ဂလာပါ အစ်ကို။ ပထမဆုံးအနေနဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေး ။ ။ မကြာခင်မှာ စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်နေကြပြီဆိုတော့ အခုဆို ကျောင်းမတက်ဖို့ လှုပ်ရှားသူတွေနဲ့ ကျောင်းတက်ဖို့ စီစဉ်နေကြသူတွေရှိတော့ အစ်ကို့အနေနဲ့ရော ဘယ်ဖက်က ရှိနေလဲခင်ဗျ။
ဖြေ ။ ။ ကျွန်တော်ကတော့ ကိုယ်တိုင်လည်း CDM လုပ်ထားတဲ့ ဆရာတစ်ယောက်ဖြစ်တယ်။ မိဘတစ် ယောက်လည်းဖြစ်တယ်။ သားသမီး တွေကိုလည်း ကျောင်းမပို့ပါဘူး။ ကျောင်းမတက်တဲ့ဘက်က ရှိပါတယ်။ ဘာ့ကြောင့်ကျောင်းမတက်လဲဆိုတဲ့ အကြောင်းလဲရှိပါတယ်။
မေး ။ ။ ဘာ့ကြောင့် ကျောင်းမအပ်တာလဲ ဆိုတာကိုပါ ရှင်းပြပေးပါလား။
ဖြေ ။ ။ ပြည်သူလူထုအများစုက ပြည်သူက ရွေးချယ်တင်မြှောက်တဲ့စနစ် ဒီမိုကရေစီစနစ်နဲ့ပဲ သွားချင်တာ လေ။ အဲဒီလိုနိုင်ငံရေးစနစ်ကို သွားချင်တဲ့အချိန်မှာ နိုဝင်ဘာ (၈)ရက် ၂၀၂၀ မှာ ရွေးကောက်ပွဲလုပ်ပြီးပြီ။ မဲ လည်း ပေးပြီးပြီ။ အဲဒီ မဲ ပေးတဲ့အပေါ်မှာ မသာမာမှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်တပ်က တိုင်းပြည်အာဏာ ကို ရယူထားတယ်။ အဲဒါကို ပြည်သူလူထုက မကျေနပ်တဲ့အတွက် အခုလို ဖေဖော်ဝါရီလ(၁) ရက်နေ့ နောက်ပိုင်းကစပြီး ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်တယ်။ အဲဒီလို ဆန္ဒပြကြတာကို အာဏာသိမ်းစစ်အစိုးရကနေပြီး တော့ ပြည်သူလူထုကို နှိမ်နင်းရာမှာ ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နင်းတာတွေ တွေ့လာရတယ်။ ဒါမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ဘူး၊ သေဆုံးမှုကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို ၈၀၀ ကျော်လာပြီလို့ သတင်းတွေအရ သိရတယ်။ ဒါမျိုးလုပ်ရပ်တွေကို ကျွန်တော်တို့ မကြိုက်ဘူး။ ရှေ့မှာလည်း စစ်အစိုးရ လက်အောက်မှာ နှစ်ပေါင်းများစွာ ကျွန်တော်တို့ကိုယ်တိုင် နေခဲ့ဖူးပြီးပြီ၊ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီး။ အဲဒီမှာ လည်း စစ်အစိုးရရဲ့ လွဲလွဲချော်ချော် စီမံခန့်ခွဲမှုများစွာကြောင့် ကျွန်တော်တို့ တိုင်းပြည်ဟာ ပညာရေးမှာလည်း အများကြီးနစ်နာခဲ့ရပြီးပြီ။ ဒါတွေကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်လက်အောက်ကို လုံးဝပြန်မသွား ချင်တဲ့အတွက် ဝန်ထမ်းတွေဆိုရင်လည်း CDM Movement မှာ ပါဝင်လှုပ်ရှားကြတယ်။ အဲဒီနည်းတူပဲ ကျွန်တော်တို့ဆရာတွေက ကျောင်းမလာသလို ကျောင်းသားတွေကိုလည်း ဒီကာလမှာ ကျောင်းမတက်စေ ချင်ဘူး။ ကျောင်းသားတွေအတွက်လည်း ဒီလိုကျောင်းမတက်လိုက်ရရင် ပညာရေးမှာ နစ်နာသွားမှာရှိတယ်။ နစ်နာသွားမှာ သေချာပေမယ့် ဒီလိုနစ်နာတာထက် စစ်အစိုးရကို ကျွန်တော်တို့ တပြိုင်တည်း ပြန်ပြီးတော့ ကာလတိုအတွင်းမှာ မဖြုတ်ချနိုင်ဘူးဆိုရင် ကျွန်တော်တို့ နစ်နာရမှာထက် တိုင်းပြည်နစ်နာမှာက ပိုကြီးတယ်။ စစ်အစိုးရကို ပြည်သူလူထုက မနှစ်မြို့ဘူးဆိုတာကို သက်သေပြဖို့အတွက် ဆရာတွေလည်း ကျောင်းမလာဘူး၊ ကျောင်းသားတွေလည်း ကျောင်းသွားဖို့ မလိုပါဘူး။ အဲဒါကြောင့် ကျွန်တော်ကတော့ ကျောင်းမတက်တဲ့ဖက်မှာ ရှိတာပါ။
မေး ။ ။ ကျောင်းတက်ဖို့ပြင်ဆင်နေကြတဲ့ ကျောင်းသားမိဘတွေကိုရော ဘာများပြောချင်တာရှိမလဲ။
ဖြေ ။ ။ သူတို့တွေကိုတော့ နိုင်ငံရေးအမြင် ရှိစေချင်တာပေါ့နော်။ သားသမီးတွေ နစ်နာတာက ဟုတ်တယ်။ မနှစ်ကလည်း ကိုဗစ်ကြောင့် တစ်နှစ် ကျောင်းပိတ်ထားရတယ်။ ဒီနှစ်လည်း ကျောင်းတစ်နှစ်ဆက်ပြီး နစ်နာ မှာလားဆိုပြီး မိဘတွေက စဉ်းစားကြတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် ကမ္ဘာအခြေအနေအရ တစ်နိုင်ငံတည်း မဟုတ်ဘဲ ခုချိန်ထိ တခြားနိုင်ငံတွေလည်း ကျန်းမာရေးအခြေအနေအရ ရက်နားထားရတယ်။ ကျွန်တော်တို့ နိုင်ငံက အခုလိုကျန်းမာရေးအခြေအနေကောင်းလာတဲ့အချိန်မှာကျတော့ နိုင်ငံရေးအခြေအနေက အပြောင်း အလဲဖြစ်သွားတယ်။ နစ်နာမှာ သိပေမယ့် တိုင်းပြည်မှာ စစ်အာဏာရှင်အုပ်ချုပ်လို့ နစ်နာမှာက ပိုဆိုးတယ် ဆိုတာကို ကျောင်းတက်စေချင်တဲ့ မိဘတွေ သိဖို့လိုတယ်။ စိတ်ရှည်သည်းခံပြီး တစ်နှစ်အတွင်းမှာ စစ်အစိုးရကို ဟန့်တားနိုင်မယ်။ ဖြုတ်ချနိုင်မယ်ဆိုရင် ဒီထက်ကောင်းမွန်တဲ့ ပညာရေးစနစ်ကို သွားနိုင်မှာဖြစ်တယ်။ ဒါကို မျှော်လင့်ပြီး ကျောင်းမတက်တဲ့ဖက်က ရှိနေစေချင်ပါတယ်။
မေး ။ ။ အဲဒီတော့ အစ်ကိုပြောတဲ့အထဲမှာ တကယ်ပဲ တစ်နှစ်အတွင်းမှာ စစ်အစိုးရကို ဖြုတ်ချနိုင်ပြီး ကျောင်း ပြန်တက်နိုင်မယ့် အနေအထားကို ပြန်ရောက်နိုင်မယ်လို့ မျှော်လင့်ထားတဲ့ သဘောလား ခင်ဗျာ။
ဖြေ ။ ။ ကျွန်တော်တို့ကတော့ အမြန်ဆုံး ဖြစ်ချင်တာပေါ့။ တစ်နှစ်ဆိုတဲ့ အတိုင်းအတာကတော့ များပါတယ်။ စာသင်ကာလအရ တစ်နှစ်လို့ ပြောလိုက်တာပါ။ အဲဒီ မတိုင်ခင်အတွင်းမှာပဲ စစ်ကောင်စီက ပြည်သူ့အာဏာကို ပြည်သူ့ဆီ ပြန်အပ်စေချင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့သိနေရတဲ့ သတင်းတွေအရဆိုရင် ပြည်တွင်းစစ် ဖြစ်မယ့် အနေအထား ရောက်နေပါတယ်။ ကျွန်တော်တို့က ပြည်တွင်းစစ်ကိုလည်း မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့နိုင်ငံသားတွေ အသက်ဆုံးရှုံးပြီးမှ ဒီပဋိပက္ခကြီးကို ပြေလည်မယ်ဆိုတာဟာလည်း အဆင်မပြေလှ ဘူး၊ အဲဒီတော့ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ တစ်နှစ်မပြည့်ခင်အတွင်းမှာ ပြည်သူ့ အာဏာ ပြည်သူ့ ပြန်ပေးဖို့ပဲ မျှော်လင့်ပါတယ်၊ အဲဒီလိုပြန်အပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံပြန်လည်ထူထောင် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် တစ်နှစ်အထိ မမှန်းပါဘူး။
မေး ။ ။ ကျောင်းမတက်ဖို့ လှုံ့ဆော်နေတဲ့အပိုင်းမှာ သတိထားမိတာက စစ်ကျွန်ပညာရေး ဆိုတဲ့ စကားလုံး ကို သုံးတာတွေ့ရတယ်။ ဒီစကားလုံးနဲ့ပတ်သက်ပြီးတော့ ကွဲကွဲပြားပြားလေး ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့။ သင်ရိုးကလည်း ဒီသင်ရိုးပဲ၊ စာကလည်း ဒီစာပဲ ၊ သင်မယ့် ဆရာ/မ ကလည်း ဒီဆရာ/မ ပဲ ဒါပေမယ့် ဒီစနစ်ကို အကောင်အထည်ဖော်ပေးမယ့် အစိုးရချင်းမတူဘူး၊ အစိုးရချင်းမတူတဲ့အခါ အစိုးရရဲ့ စေတနာချင်းလည်း မတူဘူး။ စေတနာချင်းမတူတဲ့တွက် စစ်တပ်ကအုပ်ချုပ်ပြီးတော့ တိုင်းပြည်ကိုပေးတဲ့ ပညာရေးဟာ စေတနာမပါဘူးလို့ ပြည်သူလူထုက ယုံကြည်တယ်။ ပညာတတ်စေချင်လို့ ဆိုတာထက် ကျွန်ပညာရေးဆိုတဲ့ စကားလုံးက အင်္ဂလိပ်ခေတ်က စသုံးခဲ့တာ။ ဘာ့ကြောင့်သုံးခဲ့လဲဆိုတော့ သူ့ရဲ့အစိုးရ ယန္တရားမှာ ခိုင်းလို့ကောင်းရုံလောက် အတန်အသင့်တတ်တဲ့ ပညာရေးလောက်ပဲ ပေးခဲ့တယ်။ ဒါကြောင့်မို့လို့ အင်္ဂလိပ်ခေတ်မှာ ကျွန်ပညာရေးစနစ်လို့ နာမည်သမုတ်ခဲ့တယ်။ အခုလည်း ဆက်ပြီးသင်ပေးလည်း ရုံးအုပ် စာရေးအဆင့်လောက်ပဲ ပညာကို သင်ပေးတယ်။ နောက်ဆုံး ကျောင်းချင်းယှဉ်ကြည့်လိုက် စစ်တပ်ကဖွင့်တဲ့ ကျောင်းတွေနဲ့ ပုံမှန်အများပြည်သူ တက်ရောက်တဲ့ကျောင်းတွေမှာ ဖွဲ့စည်းတည်ဆောက်မှုပိုင်းတွေ သင်ကြားမှု ပိုင်းတွေဟာ အရမ်းကွာတယ်။ တစ်ဖက်ကို တမင်ကို နှိမ်ချထားတယ်။ နောက်ဆုံး စစ်ရေးတက္ကသိုလ်နဲ့ ရိုးရိုး ဆေးတက္ကသိုလ်တောင် မတူဘူးဆိုတာ သိထားရတယ်။ အခြေအနေ အရပ်ရပ်တွေလည်းမတူဘူး။ ဒါဟာ စေတနာ ကွာတယ်ဆိုတာ သိသာတယ်။ ဒါ့ကြောင့် ကျွန်ပညာရေးဆိုတာ အစိုးရယန္တရားလည်ပတ်ရာမှာ ဝန်ထမ်းတွေ မွေးထုတ်ပေးရုံလောက်ပဲ စေတနာထားတဲ့ ပညာရေး။ ဒါကို စစ်တပ်က အကောင်အထည်ဖော် တာဖြစ်တဲ့အတွက် ဒီပညာရေးစနစ်ကို စစ်ကျွန်ပညာရေးလို့ ခေါ်တာ၊ စာတွေကတော့ တူတယ် စေတနာမတူ ဘူး၊ အဲဒီမှာ ကွဲပြားသွားတာ။
မေး ။ ။ စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတာနဲ့ တပြိုင်တည်း စာသင်ကျောင်းတွေမှာ ဗုံးကွဲတာတွေ တွေ့ရတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ရင်ရော အစ်ကိုဘက်က ဘယ်လိုတွေးမြင်မိလဲ။
ဖြေ ။ ။ ဒီကိစ္စမှာလည်း တော်တော်စဉ်းစားစရာကောင်းပါတယ်။ ကျောင်းစဖွင့်မယ့်ရက်တွေမှာ တစ်ချို့တွေ က ရုံး/ကျောင်းတွေ ရှေ့မှာ ဆန္ဒပြတာတွေ့ရတယ်။ ဒါပေမယ့် တကယ့်ပြည်သူလူထုက သူတို့ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖော်သွားတာ တွေ့ရတယ်။ အကြမ်းဖက်တဲ့နည်းကို အသုံးပြုလိမ့်မယ်လို့ ကျွန်တော်တော့ မမျှော်လင့်ဘူး၊ ကျွန်တော်ကိုယ်တိုင် ဆရာတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆရာအသိုင်းအဝိုင်းကို အန္တရာယ်ပြုလေ့မယ်လို့ ကျွန်တော်တော့ မယုံကြည်ဘူး။ နောက်ထပ်စဉ်းစားစရာရှိတာက ဗုံးဆိုတဲ့ လက်နက်ရှိ နေပြီဆိုရင် ရှိတဲ့လူတွေက ဒီနေရာမှာ သုံးမလား။ သူတို့ရွံမုန်းပါတယ်ဆိုတဲ့ သူတို့ရဲ့ရန်သူတွေဆီမှာ သွားသုံး မလားဆိုတာ စဉ်းစားစရာရှိတယ်။ အဲဒီတော့ ကျောင်းလာတက်တဲ့ ဆရာ/မကို ခွဲဖို့အတွက် သုံးမယ်လို့ မထင်ပါ ဘူး။ ဗုံးဆိုတာ ပေါပေါများများ စတိုးဆိုင်မှာ သွားဝယ်လို့ရတဲ့ ပစ္စည်းမဟုတ်ဘူး။ သုံးချင်းသုံး အခြားနေရာမှာ သုံးလိမ့်မယ်။ ဆရာ/မကို လာခွဲတာသည် ကျောင်းမတက်ဖို့ ခြိမ်းခြောက်ချင်တဲ့ ပြည်သူလူထုထဲကတော့ ဖြစ်နိုင်မယ် မထင်ဘူး၊ ဒါကျွန်တော့်ရဲ့ သုံးသပ်မှုပါ။ မှားကောင်းလည်း မှားနိုင်ပါတယ်။
မေး ။ ။ အပြင်မှာ ပြန့်နေတဲ့ စကားတွေကတော့ ကျောင်းတွေမှာ ဗုံးပေါက်တာတွေက ကျောင်းမတက်ရေး လှုပ်ရှားနေသူတွေ ဗုံးခွဲတာဆိုပြီး လူထုကြား ပြောနေကြတဲ့ စကားတွေကရော လက်ခံနိုင်စရာရှိသလား/ မရှိသလား ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြစေလိုပါတယ်။
ဖြေ ။ ။ လုံးဝ ကျွန်တော်ပယ်ချတယ်။ လုံးဝလက်မခံနိုင်ပါဘူး။ မဖြစ်နိုင်ပါဘူး။ အဲဒီလို ဗုံးတွေ လက်နက်တွေ သာ ရကြည့် ကျွန်တော်တို့အခုကြားနေရတဲ့ တစ်နိုင်ငံလုံး ဟိုနေရာအသံထွက် ဒီနေရာအသံထွက်ကြားနေရ တယ်။ နောက်တစ်ခါ PDF တပ်တွေ ဖွဲ့ထားတယ်လို့လည်း ကျွန်တော်ကြားတယ်။ အဲဒီလိုတွေသာရှိနေရင် သူတို့သတ်မှတ်ထားတဲ့ ရန်သူ အချင်းချင်းသာတိုက်မှာပါ။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ ဆရာ/ဆရာမတွေကို ခြိမ်းခြောက်ဖို့အတွက်တော့ ဗုံးထောင်တာတွေလုပ်မယ်လို့ မထင်ပါဘူး။ ဒီစကားကိုတော့ လုံး၀ လက်မခံနိုင်ပါ ဘူး။
မေး ။ ။ လူမှုကွန်ရက်မှာ ဆရာ/ဆရာမတွေကို ခြိမ်းခြောက်တာတွေ၊ ကျောင်းအပ်မယ့် မိဘတွေကို ပြဿနာ ရှာမယ်လို့ ပြောတာမျိုးတွေကို တွေ့လာရတယ်။ ဒါတွေကိုလည်း ကျောင်းမတက်ရေး လှုပ်ရှားသူတွေက လုပ်တာ ဆိုတာမျိုးတွေ ထပ်ထွက်လာတယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ကျောင်းမတက်ရေး လှုပ်ရှားသူတွေက အဲဒီလောက်ကြီး တက်တက်ကြွကြွလုပ်နေတာတော့ မြေပြင် မှာ ကျွန်တော်လေ့လာစုံစမ်းရသလောက် မရှိပါဘူး။ ကျောင်းမတက်ရေး လုပ်ချင်ရင် အဲဒီလောက်ကြီး ခက်ခက်ခဲခဲ လုပ်စရာလည်း မလိုဘူးလို့မြင်တယ်။ ကျောင်းရှေ့မှာ သွားပြီး သံပုံးတီးတာနဲ့ ဒီဘက်က Non- CDM ဆရာ/ဆရာမ က ရှက်ကြောက်ပြီးတော့ ကျောင်းမသွားရဲဘူး ခင်ဗျာ။ ကျွန်တော်တစ်ရက်က ကျောင်းရှေ့ မှာ သွားလေ့လာတယ်။ သံပုံးလေးကိုင်ပြီး ကျောင်းရှေ့ကစောင့်တာနဲ့ ဒီဘက်က ဆရာ/မက ကြောက်လန့်ပြီး မလာဘူး၊ အဲဒီတော့ ရိုးရိုး သံပုံးပဲ လိုပါတယ်။ ဗုံးလက်နက်လည်း မလိုပါဘူး။ အဲဒီတော့ ခြိမ်းခြောက်နေ တယ်ဆိုတဲ့ လူတွေက အွန်လိုင်းပေါ်မှာ လူမှုကွန်ရက်တွေမှာပဲ တွေ့နေရတာရှိတယ်။ ဖေ့စ်ဘုတ်ဆိုတာက လည်း ပရိုဖိုင်အမှန်နဲ့ သုံးတဲ့သူ ရှိသလို အကောင့်တုတွေနဲ့ ဝါဒဖြန့်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ဒီအခြေအနေကိုတော့ အတည်ယူလို့ရမယ် မထင်ပါဘူး။ မြေပြင်မှာလည်း ဆရာ/မ ပေါင်းများစွာနဲ့ ချိတ်ဆက် ပြီးတော့ အဆက်အသွယ်တွေ ရပါတယ်။ ကျွန်တော့ ်မိတ်ဆွေတွေထဲမှာလည်း CDM ရော၊ Non-CDM ရော ရှိပါတယ်။ အဲဒီ အသံကိုတော့ လုံးဝမကြားရပါဘူး။ ဖေ့စ်ဘုတ်မှာတော့ ရိုင်းပြစွာ ဆဲဆိုနေတာတွေ တွေ့ရပါ တယ်။ ဒါတွေကိုတော့ ဘယ်အထဲက လူတွေက လုပ်နေလဲဆိုတာတော့ ပြောရခက်ပါတယ်။ သတင်းမီဒီယာ တွေမှာလည်း တိကျခိုင်မာတဲ့သတင်း Source ကနေပြီးတော့ အင်တာဗျူးတွေပဲဖြစ်ဖြစ် ခြိမ်းခြောက်ခံရတဲ့ ဆရာ/မတွေ နဲ့ တွေ့ဆုံမေးမြန်းထားတာတွေ ခုထိတော့ လုံးဝမတွေ့ရသလောက်ရှိပါတယ်။ အဲဒါကြောင့် အဲဒီ အခြေအနေကလည်း မြေပြင်မှာမရှိဘဲနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပဲ အကောင့်တုတွေကြောင့် ဖြစ်နေ တယ်လို့ ကျွန်တော်ယူဆပါတယ်။
မေး ။ ။ အခုဆို ကျောင်းမတက်ရေးလှုပ်ရှားတဲ့ လူထုကမ်ပိန်းသလို တစ်ဖက်မှာ ကျောင်းတက်ချင်တဲ့ မိသားစုနဲ့ ကလေးတွေရှိတယ်။ စစ်ကောင်စီကလည်း ကျောင်းကို မဖြစ်မနေဖွင့်မယ် ဆိုတော့ ဒီကြားထဲမှာ ကျောင်းတက်ချင်တဲ့လူတွေအပေါ် ဘယ်လိုလုပ်သင့်လဲဆိုတဲ့ အတွေးအမြင်လေးကို သိလိုပါတယ်။
ဖြေ ။ ။ ဒီနေရာမှာတော့ ကျွန်တော်တို့ရဲ့ ရင့်ကျက်မှုအားနည်းတဲ့အပိုင်းလို့ ဆိုရင်လည်း ကျွန်တော့်ကို ဝိုင်းဆဲ ကြမလားမသိဘူး၊ အဲဒီတော့ ကိုယ့်ဆန္ဒကို လွှတ်လွှတ်လပ်လပ် လုပ်ကြရမှာပေါ့။ ကျောင်းတက်ချင်တဲ့ မိဘ တွေနဲ့ ကျောင်းသားတွေကို ပဋိပက္ခဆန်ဆန်သွားလုပ်နေတာကလည်း သဘာဝတော့မကျဘူး၊ ကျွန်တော်တို့က သဘောတရားပိုင်းဆိုင်ရာ ဆွေးနွေး ပြောကြဆိုကြမယ်။ တက်တဲ့ မိဘနဲ့ မတက်တဲ့ မိဘဆိုတာ ကျေးရွာထဲမှာ အတူတူပဲ ရှိနေကြတာ။ အကျိုးအကြောင်း မျက်နှာချင်းဆိုင်ဆွေးနွေးလို့ ရပါတယ်၊ အဲဒါကိုမှ သူတို့ကလက်မခံ လို့ ကျောင်းသွားတက်တယ်ဆိုလည်း သူတို့ရဲ့ဆန္ဒကို ကျွန်တော်တို့က လေးစားအသိအမှတ်ပြုရမှာပါ။ ဒီအပေါ် မှာတော့ သွားတက်ရကောင်းလားဆိုပြီး ရန်လို မုန်းထားပြုတာကတော့ ကျွန်တော်လည်း လက်မခံပါဘူး။ အပြန်အလှန်ပေါ့လေ။ နှစ်ဖက်စလုံးကတော့ တစ်ဖက်ကို ရန်ပြုတာမျိုးတော့ မဖြစ်သင့်ဘူး။ မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုး၊ တိုင်ပင်တာမျိုးပဲ ဖြစ်စေချင်တယ်။ ပြီးတော့ တစ်ခုပဲစဉ်းစားစေချင်တယ်။ ကျောင်းသွားတက် မယ့်အထဲမှာ သားသမီးကို ပညာရေးနစ်နာမှာစိုးတဲ့ မိဘနဲ့ စစ်အာဏာသိမ်းအစိုးရနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူတွေနဲ့ အတူတူတော့ စဉ်းစားလို့ မရဘူးပေါ့။ သူတို့ကကျတော့ စစ်အစိုးရက ကျောင်းဖွင့်တဲ့ရည်ရွယ်ချက်က တည်ငြိမ်သွားပြီ နိုင်ငံကို ကောင်းမွန်စွာထိန်းချုပ်သွားပြီ ဆိုတာကို သရုပ်ဖော်ဖို့အတွက် ကျောင်းဖွင့်ပြတာကို သူတို့နဲ့ဆက်စပ်နေတဲ့အသိုင်းအဝိုင်းကတော့ သွားတက်ပြမှာပဲ။ သူတို့က တစ်အုပ်စုပါ။ အဲဒါကြောင့်မို့လို့ ပြည်သူအချင်းချင်းတော့ ပဋိပက္ခ မဖြစ်စေချင်ပါဘူး။ တစ်ဖက်အုပ်စုနဲ့တော့ ခွဲပြီး စဉ်းစားဖို့လိုပါမယ်။
မေး ။ ။ နိုင်ငံရေးအတ္တတွေနဲ့ သားသမီးပညာရေးကို အဆုံး မသတ်သင့်ဘူးဆိုပြီး တွေးတဲ့မိဘတွေအပေါ် ရော အစ်ကို့အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။
ဖြေ ။ ။ အဲဒီလို မြင်တဲ့သူတွေလည်းတွေ့ရပါတယ်။ ဆွေးလည်းဆွေးနွေးဖြစ်ပါတယ်။ ဒါပေမယ့် အရာရာဟာ နိုင်ငံရေးခေါင်းစဉ်အောက်မှာ ရှိနေတာကိုတော့ သတိပြုရမှာပါ။ နိုင်ငံရေးစနစ်တစ်ခု မကောင်း မတည်ငြိမ်ရင် ကျွန်တော်တို့ပဲ ခံရမှာ။ ဒါကို ၁၉၆၂ ဦ်းနေဝင်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ကျွန်တော်တို့နိုင်ငံရဲ့ ပညာ ရေးဆိုတာကလည်း အရင်တုန်းက ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့အနေအထားကနေ နောက်ကို ရောက်သွား တာပဲ။ ဒီနိုင်ငံနဲ့ ကျန်တဲ့နိုင်ငံတွေနဲ့ ကုန်ထုတ်လုပ်မှုခြင်း နှိုင်းယှဉ်ကြည့်လိုက် GDP ချင်း နှိုင်းယှဉ်ကြည့်လိုက် အောက်ကိုရောက်နေတယ်။ အဲဒီတော့ နိုင်ငံရေးစနစ်နဲ့ ပညာရေးစနစ်က ဒွန်တွဲနေတယ်။ ကိုယ့်သားသမီး မနစ်နာအောင် ကျောင်းပို့လိုက်မယ်။ နောက်မှ စစ်အာဏာရှင်အစိုးရကို ဖြုတ်ချတာ တော်လှန်တာ တစ်ပိုင်းလို့ ခွဲတွေးလို့ မရဘူး။ နိုင်ငံရေးစနစ် မကောင်းရင် စီးပွားရေးစနစ်ပါ ညံ့တဲ့အပြင် ပညာရေးစနစ်ပါ ညံ့ပြီး အကုန်လုံး အဖက်ဖက်က ယိုယွင်းလာမှာပဲ။ ဒါက အခုမှကြုံတွေ့ရတာလည်းမဟုတ်ဘူး။ ကျွန်တော်တို့တိုင်းပြည်ဆို လက်ရှိမှာ ဖွံဖြိုးမှု အနည်းဆုံးနိုင်ငံထဲမှာရှိတယ်။ ဒါက ဘာကြောင့်လည်းဆိုတော့ ပထမက နိုင်ငံရေးစနစ်ပေါ့။ ဒုတိယက ပညာရေး၊ အဲဒီတော့ ကုန်ထုတ်လုပ်မှုတွေမှာ ကွာခြားသွားတယ် အခြားလုပ်ငန်းတွေအားလုံးမှာပါ ကျွန်တော်တို့က အားနည်းသွားတယ်။ ဒါဟာ နိုင်ငံရေးပါပဲ။ ကျွန်တော်တို့က ရှောင်လွှဲထွက်လို့ မရပါဘူး။ နိုင်ငံရေး စနစ်ကိုသာလျင် ကောင်းမွန်တည့်မတ်အောင် အရင်ကြိုးစားသင့်ပါတယ်။ ပြီးမှသာ ပညာရေးစနစ်ကို စဉ်းစားဖို့ လိုပါမယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။ မိတ်ဆွေတွေကိုလည်း အဲဒီလိုပဲ အကြံပြုပါ တယ်။
မေး ။ ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ လူမှုကွန်ရက်ပေါ် ကာတွန်းတစ်ခု တက်လာတာကို ဆရာတို့လည်း မြင်လိုက်မ ယ်ထင်ပါတယ်။ စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ ဆရာမတစ်ယောက်ရဲ့ ပုံပေါ့၊ အဲဒီပုံကိုတွေ့လိုက်တော့ ဘယ်လို မြင်မိလဲခင်ဗျာ။
ဖြေ ။ ။ ဒီပုံကိုတွေ့တော့ ကာတွန်းဆရာကလည်း ကျွန်တော့်မိတ်ဆွေထဲမှာ ပါပါတယ်၊ သူဟာအခြားအခြား သော ကာတွန်းတွေမှာလည်း ဒီစစ်အာဏာရှင်အစိုးရကို သရော်တဲ့ကာတွန်းမြောက်များစွာကို ပြောင်မြောက်စွာ ရေးဆွဲထားပါတယ်။ အဲဒါေတွေအကုန်လုံးကိုလည်း သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။ ဒီတစ်ခုမှာက သူကတော့ သရုပ်ဖော်တဲ့သဘောက တစ်ဖက်က စစ်အာဏာသိမ်းအစိုးရကနေ ခိုင်းသမျှကို Non-CDM ဆရာ/မတွေက လိုက်လုပ်ပေးနေတယ် ဆိုတာကို သရုပ်ဖော်တဲ့အခါမှာ အလွန်အကျွံသရုပ်ဖော်လိုက်တယ်။ Sex-Harassments ဆန်ဆန်ဖြစ်သွားတဲ့ အနေအထား၊ မဖွယ်မရာပုံဖြစ်သွားတယ်။ အဲဒီနေရာမှာတော့ ကျွန်တော် က ကျောင်းဆရာ တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်နှမတစ်ယောက်ကို စော်ကားသလို နည်းနည်းတော့ ခံစား လိုက်ရတယ်။ အဲဒါထက် ပိုပြီးတော့ အဆင်ပြေတဲ့ Presentation မျိုးနဲ့ ဒီ Message ကို ပြောင်းပေးရင် အများစု က ကျေနပ်မှာပါ။ အခုကတော့ မဖွယ်မရာ ဆန်သွားတယ်။ ဒီပုံကတော့ တော်တော်လေး မနှစ်ခြိုက်ပါဘူး။ အခြား ပုံတွေတော်တော် များများကတော့ နှစ်ခြိုက်ပါတယ်။
မေး ။ ။ ကျွန်တော်ကတော့ အဲဒီပုံကို မြင်လိုက်တဲ့အချိန်မှာ CDM တွေ Non-CDM မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ငယ်ငယ်တည်းက သင်ခဲ့ရတဲ့ ဆရာ/မတွေကို ပြန်တွေးမိပြီး ဆရာ၊ဆရာမတွေအပေါ် ဒီလိုမျိုး လုပ်ရက်သလား ဆိုပြီး စိတ်မချမ်းသာဖြစ်ခဲ့ရတယ်။ ပညာရေးစနစ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်ထက်မှာ ဆရာ/မတွေ နဲ့ ပတ်သက်ပြီး Non-CDM လုပ်တဲ့ ဆရာ/မတွေအပေါ်မှာ တပည့်ကျောင်းသားတွေအနေနဲ့ ဖေ့စ်ဘုတ်မှာ ပြောဆို ဆက်ဆံရေးသားတာတွေကို ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ဆရာ/မတွေနဲ့ တပည့်တွေရဲ့ချစ်စရာကောင်းတဲ့ ဆက်ဆံရေး ဓလေ့က ပျက်စီးသွားသလားပေါ့ အစ်ကိုရော ဘယ်လိုမြင်မိလဲခင်ဗျာ။
ဖြေ ။ ။ ကျွန်တော်တို့က ဆရာ/မ ဆိုတာကို အနန္တော အနန္ဒ ငါးပါးမှာ တစ်ပါးအပါအဝင်ထားတာပေါ့။ အဲဒီလို ဆရာ/မတွေရှေ့ သွားရင်တောင် ခေါင်းငုံ့၊ လက်ပိုက်ပြီး ဦးညွှတ်သွားလေ့ရှိတယ်။ ဒီအလေ့အကျင့်က ကျွန်တော်တို့ အသက်ကြီးလာတဲ့အထိ ကိုယ့်ထက်အသက်ကြီးတဲ့ ဆရာဆရာမရှေ့သွားရင် ဒီတိုင်းသွားလေ့ ရှိတယ်။ အဲဒီလိုမျိုး လေးစားရတဲ့ ဆရာ/မတွေ အဆင့်ကနေ နောက်ပိုင်းကျတော့ အယူအဆတွေနည်းနည်း လေး ပြောင်းလာကြတယ်၊ ခေတ်အမြင်တွေနဲ့ ဆရာ/မဆိုတာလည်း လစာပေးပြီးခိုင်းထားတဲ့ ဝန်ထမ်းတစ်မျိုး လို့ အလုပ်သမားတစ်ယောက်လို မြင်လာကြတယ်။ ဒါကလည်း နိုင်ငံရေးအယူအဆတွေမှာ ဆက်နွယ်လာတဲ့ သဘောတရားမျိုးလို့လည်း ယူဆနိုင်ပါတယ်။ ပြည်သူက လစာပေးပြီးခိုင်းထားတဲ့ အမြင်မျိုးမြင်လာတဲ့ အချို့ ရှိပါတယ်။ အဲဒါမျိုးမှတဆင့် ဆရာ/မ ဆိုတာ ကျေးဇူးပြုတတ်သူလို့ မမြင်ဘဲ ရိုင်းပြဆက်ဆံတာမျိုးတွေ ရှိလာ တာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ချစ်စရာကောင်းတဲ့ ဆရာ/တပည့် ဆက်ဆံရေးက နောက်ပိုင်းမှာ ယိုယွင်းလာတာကို တွေ့လာရပါတယ်။ အဲဒီအတွက်လည်း စိတ်မကောင်းပါဘူး။
မေး ။ ။ အဲဒီတော့ ပညာရေးစနစ်ကို ပြင်ရမယ်ဆိုရင် ဒီလိုမျိုးအချက်တွေပါ ပြောင်းလဲသွားနိုင်ပါသလား။
ဖြေ ။ ။ အဲဒါက ကျွန်တော်တို့နိုင်ငံရဲ့ကောင်းမွန်တဲ့ဓလေ့ကို စာရွက်ထဲမှာ ပြင်လို့မရပါဘူး။ ကာယကံရှင်ရဲ့ အယူအဆတွေပေါ်မှာပဲ ပြင်လို့ရမှာပါ။ စာရွက်ထဲမှာတော့ ဆရာ/မ တွေကို ဘယ်လိုရိုသေပါ၊ ဘယ်လိုလေးစား ပါ လို့ စည်းမျဉ်းစည်းကမ်းတွေကို တမင်သတ်မှတ်ထားလို့ ရတာမှမဟုတ်တာ။ အစဉ်အလာအရ ဆရာ/မ ကို လေးစားတာလေ။ နောက်ပြီး ကျွန်တော်တို့ပညာရေးစနစ်ကို သမိုင်းကြောင်း ကောက်ကြည့်ရင် အစောပိုင်းက ဘုန်းတော်ကြီးသင်ပညာရေးက စခဲ့တာဆိုတော့ ဆရာ/မ နဲ့ ကျောင်းသားက မိဘနဲ့သားသမီး သဖွယ် နွေးထွေး တဲ့ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အစဉ်အလာအတိုင်း ကောင်းမွန်စွာဆက်သွားရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။
မေး ။ ။ လက်ရှိ စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်တော့မယ့်အနေအထားမှာ ကျောင်း ဆရာ/မ ပေါင်း ၈ ထောင်ကျော်လောက် CDM လုပ်လို့ အထုတ်ခံနေရတာဆိုတော့လေ ဒီပမာဏဟာ အလွန်များပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းဆရာတစ်ယောက်အနေနဲ့ရော ဆရာ/မများ အဖွဲ့ချုပ်ရဲ့ အမှုဆောင်တစ် ယောက်အနေနဲ့ရော ဘယ်လိုမျိုး မြင်မိပါသလဲ ခင်ဗျာ။
ဖြေ ။ ။ အဲဒီတော့ ကျွန်တော်တို့က အနီးစပ်ဆုံးအာဏာသိမ်းခံရတဲ့ ၈၈ နဲ့ပြန်ပြီး နှိုင်းယှဉ်ကြည့်ရင် ၈၈ တုန်း ကရော ဆရာ/မတွေက ဒီလိုမလုပ်ခဲ့ဘူးလား။ ဆန္ဒပြရာမှာရော ဒီလိုသပိတ်မှောက်ရာမှာရော ၈၈ မှာတုန်းက လည်း ဆရာ/မ တွေ ပါခဲ့တယ်။ အခု ၂၀၂၁ မှာလည်း ဆရာ/မတွေ ပါခဲ့တယ်။ ဒီကြားကာလမှာ မတူတာက လူထုက ဒီမိုကရေစီရဲ့သဘောတရားနဲ့ အနှစ်သာရကို ဦးသိန်းစိန် လက်ထက်ကနေ စရင် ကျွန်တော်တို့ ၁၀ နှစ်လောက် ရလိုက်တယ်။ ပြည်သူ့အစိုးရ အရပ်သားအစိုးရလို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပိုပြီးတော့ သိလာတယ်။ အဲဒီတော့ ကျွန်တော် တို့ ဆရာ/မ တွေကိုယ်တိုင်ကလည်း ဒီမိုကရေစီရဲ့အနှစ်သာရကို ကောင်းကောင်းခံစားနားလည်ခဲ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီ ၂၀၂၁ မှာ အရင် ၈၈ တုန်းကနဲ့မတူတာက ဆရာ/မတွေကိုယ်တိုင်က ဒီ CDM လှုပ်ရှားမှုမှာ ကိုယ်တိုင်ပူးပေါင်းပါဝင်လာကြတယ်။ ပူးပေါင်းပါဝင်တဲ့ ရှစ်ထောင်ကျော်ထဲမှာ ပါမောက္ခချုပ်တွေပါတယ် ပါမောက္ခဌာနမှူးတွေ ပါတယ်။ နိုင်ငံရေးစိတ်ဓါတ်တက်ကြွတဲ့ သုံးဆယ့်ငါး၊ လေးဆယ် အရွယ်တွေတင် မကဘူး။ ပင်စင်သွားခါနီး ဆရာ၊ ဆရာမကြီးတွေပါ ပါလာတယ်။ ဒီဟာရဲ့အဓိပ္ပါယ်ကို ကောက်ချက်စွဲရရင် ပြည်သူလူထုအားလုံးက ပညာတက်……
အင်တာဗျူး မေးမြန်းနေစဉ်အချိန်အတွင်းမှာပဲ အင်တာနက်ပြတ်တောက်မှုဖြစ်ပေါ်ခဲ့တဲ့အတွက် အင်တာဗျူး အမေး/အဖြေ ရပ်တန့်ခဲ့ရပါတယ်။