ဒေါ်အောင်ဆန်းစုကြည်တို့ကို ရှေ့နေ မထားစေဘဲ ကိုယ်တိုင်ခုခံချေပစေတဲ့ ပုံစံမျိုး ဖြစ်နိုင်တယ်လို့ သတင်းထွက်လာ

 595

Iris (NP News) - ဇွန် ၄

ဒေါ်အောင်ဆန်းစုကြည်နဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကိုယ်စားလှယ်ရှေ့နေတစ်ယောက်မှမပါဘဲ တရားရင်ဆိုင်သွားရနိုင်ခြေရှိနေတယ်လို့ ရှေ့နေဦးခင်မောင်ဇော်က နိုင်ငံခြားမီဒီယာနှစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေပုဒ်မ များစွာနဲ့ တရားရင်ဆိုင်စေမှုများဖြစ်လာခဲ့သော်လည်း ကိုယ်စားလှယ်ရှေ့နေ ထားရှိပေးရေးကိစ္စမှာ ဒွိဟဖြစ်စရာတွေ ရှိနေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ရိုက်တာသတင်းဌာနနဲ့ EFE ကို ပြောထားပါတယ်။ " ကျွန်တော် စိုးရိမ်တာက သူတို့မှာ တရားဥပဒေရေးရာအရ ကိုယ်စားပြုပေးခွင့်တွေ ဆုံးရှုံးပြီးတော့ ကြားနာမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိတော့မှာကိုပါပဲ " လို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပြီး " သူတို့ဘာသာသူတို့ ခုခံချေပ တရားရင်ဆိုင်ရတာတွေ ဖြစ်လာနိုင်တယ် " လို့ EFE ကို ပြောပါတယ်။ သတင်းဌာနနှစ်ခုမှာ ဖော်ပြထားပုံအရ တရားရင်ဆိုင်ရမှုကို ကိုယ်တိုင်ခုခံချေပတာမျိုးဖြစ်နိုင်တယ်ဆိုပေမယ့် တရားရင်ဆိုင်ရမယ့်နေ့ဟာ ဇွန်လ(၂၃)ရက်နဲ့ ဇွန်လ(၂၄)ရက်ဆိုပြီး ကွဲပြားနေတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေတွေနဲ့ တရားစွဲဆိုမှုတွေ ရှိထားသလို အကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနဲလ်ကိုလည်း အလားတူပုဒ်မတွေ တပ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ MRTV ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ကို တရားရုံးထုတ်စစ်ဆေးတယ်ဆိုတဲ့ မြင်ကွင်းမျိုး အာဏာသိမ်းမှု လေးလနီးပါးအတွင်း ပထမဆုံးအကြိမ် ထုတ်ပြခဲ့ပေမယ့် နောက်တစ်ကြိမ်ထပ်မြင်ရဖို့ မလွယ်လှဘူးလို့လည်း ဆိုပါတယ်။

Related news

© 2021. All rights reserved.