“ နှစ်ဖက်လုံးကတော့ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် သီလချိုးဖောက်တဲ့အဆင့်တွေပါ ဖြစ်နေကြပြီ ” (အင်တာဗျုး)

 2006

အိဖြူ (NP News) - ဇွန် ၈
စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်တို့ကြား ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြည်သူလူထု ငြိမ်းချမ်းစွာနေထိုင်ခွင့်ရဖို့အတွက်ကသာ အရေးကြီးဆုံးဖြစ်လာပြီလို့ သဘာဝတရားရိပ်သာဆရာတော်က မိန့်ကြားပါတယ်။ အထူးသဖြင့် ဆရာတော်ဟာ ထာဝရငြိမ်းချမ်းရေးအဖွဲ့ငယ်တစ်ခု စတင်ဖွ့ဲစည်းပြီး နှစ်ဖက်ကြားမှာ ပြေလည်အောင် ဘယ်လိုတွေဆက်သင့်တယ်ဆိုတာကို ညှိနှိုင်းရေးပုံစံသစ်နဲ့ လုပ်ဆောင်ပေးလိုနေပါတယ်။ ဒါကြောင့်လည်း လက်ရှိ ကြိုးစားဆောင်ရွက်ပေးနေမှုအခြေအနေတွေကို NP News သတင်းဌာနက အခုလိုပဲ မေးမြန်းခဲ့ပါ တယ်။
NP - ဆရာတော်ဘုရား။ ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေကို ကြည့်ပြီး မိန့်ချင်တာလေးရှိရင် ပထမဆုံးအနေနဲ့သိပါရစေ ဘုရား။
ဆရာတော် - နိုင်ငံရေးကတော့ အုပ်ချုပ်တဲ့ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ခံရတဲ့ပြည်သူတွေအဆင်ပြေဖို့က အဓိကလို့ ဆရာတော်ကတော့ နားလည်တာပေါ့။ အချင်းချင်းအဆင်ပြေတယ်ဆိုရင် နိုင်ငံရေးကလည်း တည်ငြိမ်တာပေါ့။ အဆင်မပြေဘူးဆိုရင် မတည်ငြိမ်ဘူးပေါ့။ မြန်မာနိုင်ငံရဲ့အနေအထားကလည်း မိသားစု အချင်းချင်းတောင်မှ အဆင်မပြေကြတာတွေ ရှိကြတယ်။ အဲဒီတော့ နောက်လိုက်ချင်း အဆင်မပြေတော့ ခေါင်းဆောင်ချင်းအဆင်မပြေတာလည်း မထူးဆန်းဘူးပေါ့လေ။ အများစုဖြစ်တဲ့ပြည်သူပြည်သားတွေက ရင့်ကျက်လာပြီး စည်းလုံးညီညွတ်မှုရှိလာမှ အနည်းစုဖြစ်တဲ့ခေါင်းဆောင်တွေ ပြည်သူထဲက ပေါက်ဖွားလာ တဲ့ခေါင်းဆောင်တွေက စည်းလုံးညီညွတ်မှုရှိမယ် ရင့်ကျက်မယ်လို့ ဆရာတော်ကတော့ ဒီလိုပဲမြင်ပါတယ်။ ခေါင်းဆောင်ကောင်းလည်း လိုအပ်တာပဲလေ။ နောက်လိုက်ကောင်းဖြစ်ဖို့ မကြိုးစားဘဲနဲ့ ခေါင်းဆောင် ကောင်းဆိုတာ မဖြစ်လာနိုင်ဘူး။ နောက်လိုက်ကောင်းဖြစ်ခဲ့လို့လည်း ခေါင်းဆောင်ကောင်းဖြစ်လာတာပဲ။ နောက်လိုက်ကောင်းတွေများမှပဲ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာ။ နောက်လိုက်ကောင်းကိုက နည်းနေတယ်ဆိုရင်တော့ နောက်လိုက်တန်းကနေ ခေါင်းဆောင်ဖြစ်လာမှာ မဟုတ်သလို ခေါင်းဆောင် ကောင်းတစ်ယောက်ပေါ်ထွက်လာဖို့ကလည်း မလွယ်ကူဘူးပေါ့။ ဆရာတော်ကိုယ်တိုင်လည်း ၂ဝဝ၇ ခုနှစ် ကတည်းက သဘာဝတရားရိပ်သာကိုဖွင့်လှစ်ခဲ့တဲ့အခါကျတော့ ဘာသာရေး၊ ဒုက္ခရောက်လို့ ရောက်လာတဲ့ လူမှုရေးပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ အဖွဲ့အစည်းပိုင်းဆိုင်ရာတစ်ခု၊ ရိပ်သာတစ်ခုရဲ့ခေါင်းဆောင် ဖြစ်တော့လည်း ဒီလိုကိစ္စတွေ အမြဲတမ်းဖြေရှင်းနေရတာပေါ့။ အထူးသဖြင့်တော့ ယောကီအချင်းချင်း တစ်ဦးအပေါ်တစ်ဦး မကောင်းမြင်နေကြတာ များတယ်။ အဲဒီလိုမကောင်းမြင်တဲ့အတွက် ဦးဆောင်တဲ့သူ တွေကလည်း မခံနိုင်ကြဘူး။ အပြစ်ပြောတဲ့ ပြဿနာပဲရှင်းနေရတော့ ရိပ်သာကောင်းဖို့အတွက် လုပ်ရတာ ထက် ယောကီအချင်းချင်းဖြစ်တဲ့ပြဿနာကိုရှင်းရတာ များလာတော့ ကြာတော့လည်း အဆောင်မှူးပဲဖြစ် ဖြစ် ရိပ်သာတာဝန်ခံပဲဖြစ်ဖြစ် ပေါက်ကွဲတာပေါ့။ သည်းမခံနိုင်တော့ဘူး။ အဲဒါကို ဆရာတော့် အနေနဲ့ကေ တာ့ သည်းခံနိုင်အောင် လေ့ကျင့်ပေးရတယ်။ နောက်လိုက်က နားမလည်နိုင်ပေမယ့်လည်း ခေါင်းဆောင် ကတော့ ပိုပြီး အသိဉာဏ်ကြီးပြီး နားလည်မှုပေးနိုင်ရမှာပေါ့။ ခေါင်းဆောင်ဆိုကတည်းကိုက နောက်လိုက် ကို ပြုပြင်ပေးနိုင်တဲ့အရည်အချင်းနဲ့ ခွင့်လွှတ်နိုင်တဲ့အရည်အချင်းလည်း ရှိကို ရှိရမယ်။
သန်လျင်သဘာဝတရားရိပ်သာမှာ လက်ရှိ လူပေါင်း ၄၃ဝဝ ရှိပါတယ်။ နယ်ရိပ်သာတွေမှာလည်း အချင်း ချင်းဖြစ်တဲ့ ပြဿနာတွေ၊ နိုင်ငံရပ်ခြားက အချင်းချင်း၊ အချင်းချင်းဆိုတာက ယောကီအချင်းချင်း၊ ယောကီ ဆိုတာမှာ မြန်မာနိုင်ငံသားရော နိုင်ငံခြားသားရော ဘုန်းကြီးရော သီလရှင်ရော ဗုဒ္ဓဘာသာအချင်းချင်းရော ဘာသာခြားတွေရော လူပုဂ္ဂိုလ်ပေါင်းစုံ ပါဝင်တယ်။ ပညာတတ်ရော၊ မတတ်တဲ့သူရော၊ ဆင်းရဲတဲ့သူရော ချမ်းသာတဲ့သူရော၊ ပေါင်းစုံပါဝင်တယ်။ အဲဒါတွေရဲ့ပြဿနာတွေကို တောက်လျှောက်ဖြေရှင်းပေးနေရတော့ ကိုယ်ကိုယ်တိုင်တောင် မနည်းကြိုးစားပြီး သည်းခံခွင့်လွှတ်ပေးနေရတယ်။ မနည်း ဒီအလုပ်ကို ဆက်လုပ် နေရတာပေါ့။ လုပ်မယ့်သူ မရှိလိုသာ ဆက်လုပ်ပေးနေရတဲ့သဘောမျိုးပါ။ တရားအလုပ်လည်းဖြစ်တယ်။ ပရဟိတအလုပ်လည်းဖြစ်တယ်။ ကိုယ်ကတောင်မှ သည်းမခံဘူး ခွင့်မလွှတ်ဘူးဆို လူပုဂ္ဂိုလ်တွေဆိုရင် တော့ သည်းခံခွင့်လွှတ်ဖို့ဆိုတာ မလွယ်တော့ဘူးပေါ့။ လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာတာဝန်ခံတွေလည်း ရှိကြတာ ပေါ့။ အဆောင်မှူးတွေလည်း ရှိကြတယ်။ အဲဒီတော့ ဆရာတော့်အနေနဲ့ကတော့ မြန်မာနိုင်ငံသားတွေရဲ့ အဓိကအားဖြင့် လူမှုရေး၊ ဘာသာရေးပြဿနာတွေကို ရိပ်သာတစ်ခု အဖွဲ့အစည်းတစ်ခုမှာတာဝန်ယူပြီး ထမ်းဆောင်နေရတာဖြစ်တဲ့အတွက်လည်း မြန်မာနိုင်ငံသားတွေရဲ့အကြောင်းကို တော်တော်လေးတော့သိ တယ်။ သဘာဝတရားရိပ်သာကလည်း မြန်မာပြည်အနှံ့ တစ်ရာလောက်ကိုရှိတာဆိုတော့ လူမျိုးဘာသာ လူတန်းစားပေါင်းစုံရဲ့ အားနည်းချက်တွေ အစွဲလမ်းကြီးတာတွေကို ကြုံတွေ့နေကြရတယ်။ ဒီလိုလုပ်ရင်း လုပ်ရင်းနဲ့ပဲ သဘာဝတရားရိပ်သာကတော့ မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ နေရာအတည်တကျနဲ့ အခိုင်အမာဖြစ်လာတာပေါ့လေ။ တာဝန်ခံပေးမယ့် အမာခံလုပ်ပေးမယ့် ဦးဆောင်ပေးမယ့်သူ မလုံလောက် ပေမယ့်လည်း ရှိလာတယ်။ မှီခိုမယ့်သူတွေလည်းရှိလာကြတယ်။ ပြဿနာတွေကတော့ ဒီလိုပဲရှိနေကြတာ ပဲ။ ဒါပေမယ့် အခုခေတ်နိုင်ငံရေးလိုမျိုးတော့ တဖက်နဲ့တဖက်အပြုတ်တိုက်မယ်ဆိုတာမျိုး ဆိုးဆိုးဝါးဝါးကြီး တော့ မဖြစ်ဘူးပေါ့။ စိတ်တွေတော့ ဖြစ်ကြမှာပေါ့လေ။ ဒါပေမယ့် ယောကီဖြစ်နေတဲ့အတွက်တော့ ကိုယ်ထိ လက်ရောက်ဆိုတာမျိုးတော့ အင်မတန်ကိုနည်းပါတယ်။ ဆရာတော့်အနေနဲ့ ဒီနိုင်ငံရေးနဲ့ပတ်သက်လာရင် လည်း ဗုဒ္ဓဘာသာဝင်နိုင်ငံလည်းဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် အများစုလည်းဖြစ်တယ်ဆိုတော့ ဒီတရားကို လည်း ဒီလိုနိုင်ငံရေးအခြေအနေမျိုးမှာပါ အားကိုးသင့်တယ်ဆိုတာကို နားလည်တယ်။ တရားကို ဒီအခြေ အနေမှအားမကိုးရင် ဘယ်အခြေအနေမှာအားကိုးမလဲ။ ဒီလိုကျဉ်းထဲကြပ်ထဲ သူရော ကိုယ်ပါ ပျက်စီးနေကြ တာက ရုပ်ပိုင်းရော စိတ်ပိုင်းရော သက်ရှိပိုင်းရော သက်မဲ့ပိုင်းရောပေါ့။ ပိုပိုပြီးတော့ ဆိုးဝါးလာတဲ့အခြေ အနေမျိုးကိုကြုံတွေ့နေရတဲ့အတွက် ကောင်းမှုကုသိုလ်အလုပ်တွေကို ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို အဓိကထားပြုလုပ်ရင်းနဲ့ပဲ ဒီပြဿနာတွေကိုဖြေရှင်းဖို့ရာ ကြိုးစားစေချင်တာ။ အပြန်အလှန်ကူညီစေချင် တာပေါ့။ အပြန်အလှန်နားလည်မှု ပေးစေချင်တာပေါ့။ အပြန်အလှန် သီလစောင့်ထိန်းစေချင်တာပေါ့။ မတည့်တာက ကိစ္စမရှိပါဘူး။ ဆရာတော့်ရိပ်သာမှာလည်း မိသားစုအချင်းချင်းတောင်မတည့်တာတွေက ရှိ နေတာဆိုတော့ မတည့်တာက ကိစ္စမရှိဘူး။ ဒါပေမယ့် ကောင်းမှုကုသိုလ်အလုပ်ကိုတော့ သီလမပျက်ဘဲနဲ့ တတ်နိုင်သလောက် ရိပ်သာဆိုရင်တော့ ရိပ်သာအကျိုး၊ သူ့အကျိုး ကိုယ့်အကျိုးပေါ့။ နိုင်ငံနဲ့ပတ်သက်လာ ရင်တော့ နိုင်ငံအကျိုးပေါ့။ ဒါတွေကိုခေါင်းဆောင်တဲ့သူအချင်းချင်းရော နောက်လိုက်အချင်းချင်းရော ကုသိုလ်ဖြစ်လုပ်ဖို့ အဓိကထားပြီးကြိုးစားကြမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အာဏာလု နေတဲ့သဘောမျိုး အာဏာရဖို့အတွက်သာဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ ငါ့ပါတီ အနိုင်ရဖို့ဆိုတဲ့စိတ်ကိုပဲ အဓိကထားရင်တော့ ဒီကိစ္စကပြေလွယ်ဖို့ မလွယ်ဘူး။ ဘာလို့လဲဆိုရင် ဘယ်သူကမှ အနိုင်မခံချင်ဘူး။ အရှုံးမပေးချင်ဘူးဆိုတဲ့စိတ်တွေက ရှိနေကြတာဆိုတော့။ (ကဲ) ဘယ်သူပဲ ဦးဆောင်ဦးဆောင် ဘယ်သူ ပဲနိုင်နိုင် ဘယ်သူပဲရှုံးရှုံး တိုင်းပြည်တိုးတက်ဖွံံ့ဖြိုးဖို့ အမျိုးဘာသာသာသနာလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ တွေကိုပါ ပြည့်စုံအောင်စဉ်းစားပြီးတော့မှ ဦးဆောင်တဲ့သူအချင်းချင်း၊ နိုင်ငံရေးသမားတွေ အချင်းချင်း၊ နောက်လိုက်တွေအချင်းချင်းကို အတူတူအလုပ်လုပ်စေချင်တာပေါ့။ ယောကီလို ကျင့်စေချင်တာပေါ့။ မြန်မာနိုင်ငံလောက် ယောကီများတာ ရိပ်သာများတာလည်း မရှိနိုင်ဘူး။ မြန်မာနိုင်ငံမှာမှ ယောကီလိုမကျင့် နိုင်ဘူး ဓမ္မမိတ်ဆွေလို မပေါင်းနိုင်ဘူးဆိုရင်တော့ တခြားနိုင်ငံတွေမှာ မျှော်လင့်စရာမရှိဘူးပေါ့။ မြန်မာနိုင်ငံ က တခြားနိုင်ငံတွေနဲ့မတူတဲ့အတွက် ကုသိုလ်တရားကိုအဓိကထားပြီးတော့ ဖြေရှင်းစေချင်တာပါ။ သီလ မပျက်ဘဲနဲ့ ညှိနှိုင်းပြီး ဖြေရှင်းစေချင်တာပါ။
NP - ဆရာတော့်အနေနဲ့ ထာဝရငြိမ်းချမ်းရေးစာတန်းပြုလုပ်ပြီး နစကဥက္ကဋ္ဌနဲ့ ဆရာတော်တို့ရဲ့ထာဝရ ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ လုပ်ဆောင်မှုက ဘယ်လိုရည်ညွန်းထားလဲဆိုတာ ရှင်းပြပေးလို့ရမလား ခင်ဗျာ။
ဆရာတော် - ငြိမ်းချမ်းရေး စာတန်းဖြစ်လာတာကလည်း ဒီအဖွဲ့ကြောင့်ဖြစ်လာတာ။ ဒီစာတန်းဖြစ်လာတာ ကလည်း ညှိနှိုင်းဖြေရှင်းတာကို လက်မခံတော့ဘူး ရင်ကြားမစေ့တော့ဘူးဆိုတဲ့ လက်နက်ချင်း ရှင်းတော့ မယ်ဆိုတာမျိုး အသေခံပြီးတိုက်ခိုက်တော့မယ်ဆိုတဲ့စိတ်တွေက အရမ်းပြင်းပြလာကြတော့ အဲဒါတွေကို ခံစားနေကြရတာပေါ့။ အွန်လိုင်းမှာပဲဖြစ်ဖြစ်ပေါ့။ ဆရာတော်လည်း ဆွမ်းခံကြွနေတော့ လူပေါင်းစုံ နဲ့တွေ့ နေရတဲ့အခါကျတော့ ကိုယ်နဲ့ပတ်သက်တဲ့ ဒကာ၊ ဒကာမတွေနဲ့ ပြောဆိုကြည့်တယ်ဆိုရင် စိတ်တွေကို ခံစားကြည့်လို့ရနေတာပေါ့။ ပူလောင်နေကြတာပေါ့။ ဆရာတော်တို့ကတော့ မသတ်ဖြတ်ဘူး။ သူတစ်ပါး မိသားစုကို မဖျက်ဆီးဘူး။ သူတစ်ပါးပစ္စည်းကို မတရားမယူဘူး။ မဟုတ်တာတွေ မသေချာတာတွေ မပြော ဘူး။ အသိဉာဏ်အားနည်းစေတဲ့ အရက်၊ မူးယစ်ဆေးဝါးတွေကိုမသုံးစွဲဘူးဆိုတာကို လက်ခံထားတာ။ အခု ကတော့ သီလကိုလုံခြုံရေးအဖြစ်၊ မိမိရဲ့လုံခြုံရေး ကာကွယ်ရေးစောင့်ထိန်းကြတဲ့ သံဃာဆိုလည်း ဟုတ်တယ်။ ယောကီဆိုလည်း ဟုတ်တယ်။ တရားပြဆရာဆိုလည်း ဟုတ်တယ်။ ကိုယ်နဲ့ပတ်သက်တဲ့ ဒကာ၊ ဒကာမတွေကပါ ယောကီတွေပဲဖြစ်ဖြစ်၊ အလှူရှင်တွေပဲဖြစ်ဖြစ် သီလကိုပယ်ပြီးတော့မှ သီလအပျ က်ခံပြီးတော့ အနိုင်ယူဖို့ပဲကြိုးစားကြတော့မယ်ဆိုတာကတော့ တော်တော်လေးကို စိတ်မကောင်းစရာပေါ့။ တော်တော်လေးကို ဆိုးဝါးတဲ့အခြေအနေပေါ့။ မကောင်းတဲ့စိတ်ကပြင်းထန်လာပြီး အများစုကို ပျံ့သွားပြီ ဆိုရင်တော့ အခြေအနေကလည်း မကောင်းတော့ဘူး။ ဖြစ်လာမယ့်အခြေအနေကလည်း ဘယ်လိုမှကို မကောင်းနိုင်တော့ဘူး။ သေရမှာကိုမကြောက်ကြတော့ဘူး။ အသေခံပြီး အနိုင်ရအောင်ကြိုးစားကြတော့ မယ်ဖြစ်နေပြီး အသေခံပြီး တရားအားထုတ်မယ်ဆိုရင်တော့ ဆရာတော်တို့အနေနဲ့က သာဓု ခေါ်ရမှာပေါ့ လေ။ အခုက ဘာမှပြည့်စုံသေးတာမဟုတ်တဲ့နိုင်ငံရဲ့အရေးအတွက် အဲဒီလိုဖြစ်နေတယ်။ ကိုယ့်နိုင်ငံက ပြည့်စုံနေလို့ တိုးတက်နေလို့ ဒီအတွက်ကာကွယ်ရရင်တော့လည်း တမျိုးပေါ့။ အခုမှ ကြိုးစားနေဆဲရှိသေး တာပေါ့လေ။ နိုင်ငံဒီမိုကရေစီအတွက် ဆိုပြီးတော့မှ ဒီမိုကရေစီဆိုတာကလည်း ဗုဒ္ဓဘာသာယဉ်ကျေးမှု မြန်မာနိုင်ငံနဲ့ အံဝင်ခွင်ကျဖြစ်တဲ့စနစ်မျိုးဖြစ်လာဖို့တောင် မနည်းကြိုးစားရဦးမှာလို့ ဆရာတော်ကတော့ နားလည်တယ်။ အခုကျတော့ ကိုယ်နားလည်တဲ့ လုပ်ချင်တာလုပ်လို့ရတဲ့ ဒီမိုကရေစီအတွက်ဆိုပြီး လူငယ် အများစုက သူတို့နားလည်ထားတဲ့ကိုယ့်ရဲ့လွတ်လပ်ခွင့်အတွက် လုပ်ချင်တာလုပ်လို့ရဖို့အတွက်ကိုပဲ အသက်စွန့်တယ်ဆိုတဲ့သဘောတရားမျိုးတွေဖြစ်ကြတယ်ဆိုတာလည်း ရှိတာပေါ့။ အဲဒီအတွက် ဆရာတော် ရှင်းပြမယ်ဆိုပြီးတော့ စာရေးဖြစ်တာပါ။ ဆရာတော်က အလုပ်အရမ်းများတော့ တော်ရုံတန်ရုံ စာမရေးဖြစ် ဘူး။ ရေးရင်လည်း မပြီးဘူး။ တဖက်က မကောင်းလွန်းတဲ့ ကြမ်းတမ်းလွန်းတဲ့စိတ်တွေကြောင့် ဒီအချိန်မှာ အရေးကြီးလာပြီ။ တရားရေအေးတော့ တိုက်ကျွေးမှ ဖြစ်တော့မယ်။ ကိုယ်နဲ့ပတ်သက်တဲ့သူတွေအတွက် ကိုယ့်မှာတာဝန်ရှိတယ်။ ဆရာတော်က ဘာလုပ်နေတာလဲ။ ဝင်မပါဘူးလားဆိုပြီး ဆရာတော့်ရဲ့အနေ အထားကိုစောင့်ကြည့်နေတာတွေလည်းရှိတယ်။ တစ်ခုခုလုပ်စေချင်တာမျိုးပေါ့။ တစ်ခုခုလုပ်ဖို့လည်း လိုအပ်လာတာပေါ့။ အဲဒီတော့ ဆရာတော်လည်း ငြိမ်းချမ်းရေးပဲ လုပ်မယ်ဆိုပြီး ဒီစာတန်းကို ရေးတာပေါ့။ နိုင်ငံရေးအခြေအနေကို တရားအမြင်နဲ့ ကမဋ္ဌာန်းစရိယာ တစ်ပါးအနေနဲ့ဖော်ပြတာပေါ့။ အဲဒါက အကုသိုလ်ကို ကုသိုလ်ဖြစ်အောင် ကြည့်တဲ့အမြင်ပေါ့။ ဘာလို့လည်းဆိုတော့ ဒီလိုမကောင်းတဲ့သတင်းတွေ၊ သတ်ဖြတ်ကြ၊ ဖျက်ဆီးကြ၊ တစ်ဖက်ကိုတစ်ဖက်အပြန်အလှန်စွပ်စွဲကြနဲ့ ဒါတွေကိုပဲ ကိုယ်တွေ့မဟုတ်ဘူးဆိုရင်လည်း သတင်းတွေက သိရခက်။ အမျိုးမျိုးပြောချင်တိုင်းပြော လုပ်ချင်တိုင်းလုပ်ပြီး အမှန်တရားဆိုတာ ရှာရတာခက်တဲ့ အချိန်ဖြစ်တယ်။ အဲဒီတော့ တခြားတဖက်က ကုသိုလ်ဖြစ်အောင်ရှာလို့ မရမယ့်အတူတူတော့ ကုသိုလ်ဖြစ်အောင်ကြည့်မယ်ဆိုပြီးတော့မှ ဒီစာလေးကို ရေးလိုက်တာ။ နောက်တော့မှ ထာဝရလွတ်လပ်ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်လေးကို တပ်လိုက်တာပေါ့။ ပြီးတော့ ဒီစာကိုသဘောကျတာကလည်း အွန်လိုင်းကိုတင်လိုက်တာနဲ့ ဒီလိုသဘောမျိုးဆို ဝင်ကူညီပါမယ်ဆိုတဲ့ အမာခံအဖွဲ့ဝင်တွေပေါ်လာတာပေါ့။ ဆရာတော်အနေနဲ့လည်း ထာဝရလွတ်လပ်ရေးငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းမယ်ဆိုပြီးတော့မှ တောက် လျှောက်ဒီလိုဖွဲ့စည်းဖြစ်သွားပြီး တဖြည်းဖြည်း ပတ်သက်တာတွေများလာတာပေါ့။ ပတ်သက်တဲ့သူတွေ ကတော့ အေးချမ်းလာကြတာပေါ့။
NP – ဆရာတော်တို့ ထာဝရလွတ်လပ်ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ နစက ဘက်ကိုရော သက်ဆိုင်ရာအဖွဲ့ တွေကိုရော အိတ်ဖွင့်စာ ပို့ခဲ့တယ်နော်။ ဒါပေမယ့် နှစ်ဖက်အဖွဲ့အစည်းက လက်ခံမယ်လို့ ထင်ပါသလား။
ဆရာတော် - စိတ်တွေကတော့ ကူးဆက်တာပေါ့။ ဆရာတော့်အနေနဲ့ကလည်း ရဟန်းဘဝနဲ့တရားပြတာ ၁၈ နှစ်ဆက်တိုက်ရှိပြီ။ အမာခံယောကီတွေလည်းရှိကြတယ်။ တချို့ကတော့လည်း ပုဂ္ဂိုလ်စွဲကြောင့် လက်ခံတာလည်းရှိသလို တချို့ကျတော့လည်း ဒီလိုလုပ်တာကို နားလည်သဘောပေါက်လို့ လက်ခံတာ တွေလည်းရှိတယ်။ ပရဟိတလည်းလုပ်တော့ ပရဟိတဘက်က ပရဟိတနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကိုယ် မိသားစုလိုသဘောထားတဲ့ ဒုက္ခရောက်တဲ့သူတွေမိသားစုတွေကလည်း ရှိကြတာပေါ့။ ဆရာတော် ဒီလို လုပ်တာကို ဘယ်သူလက်ခံခံ/လက်မခံခံ ဆရာတော်ဒီလိုလုပ်တာကိုတော့ လက်ခံတယ် ယုံကြည်တယ်ဆို တဲ့ အမာခံပရိသတ်ကနေတဆင့် တပ်ဘက်ကလည်းလက်ခံတာတွေ တူတာချင်းတွေ့ကြတာပေါ့နော်။ ဆရာတော်ကတော့ ညှိနှိုင်းစေချင်တယ်။ ငြိမ်းချမ်းစေချင်တဲ့ဆန္ဒတစ်ခုနဲ့ပဲ ကြိုးစားတဲ့အခါကတော့ ဒီလို လုပ်တဲ့လူတွေနဲ့ပတ်သက်လာတာပေါ့။ တချို့ အရပ်ဘက်တွေကကျတော့လည်း စောင့်ကြည့်နေတာမျိုး တွေရှိတာပေါ့လေ။ ဖြစ်နိုင်ပါ့မလား။ ဆရာတော်ကလည်း ဒီလိုခက်ခဲ့တဲ့အလုပ်တွေ အများမလုပ်နိုင်တဲ့ အလုပ်တွေကို တစ်ခုပြီးတစ်ခု အသစ်အဆန်းတွေ သူများမလုပ်တာတွေကိုလုပ်နေကြဆိုတော့လည်း ဆရာတော့်အပေါ်မှာ ယုံကြည်မှုရှိပြီးတော့ ယုံကြည်မှုမပျက်ကြဘဲ ဆရာတော်လုပ်ရင်တော့ အတိုင်းအတာ တစ်ခုထိ ဖြစ်နိုင်တယ်ဆိုပြီး နားလည်တဲ့သူတွေရှိတော့ ဆရာတော်လုပ်သလောက်တော့ဖြစ်နေပါတယ်။ ဆရာတော် ဒီလိုအပင်ပန်းခံပြီးတော့ ကြိုးစားနေသရွေ့ ပါဝင်ပတ်သက်တဲ့သူတွေ ငြိမ်းချမ်းတဲ့သူတွေ များ လာတယ်ဆိုတာကတော့ ကိုယ်တွေ့လဲကြုံရသလို နားလည်တဲ့အတိုင်းလည်းဖြစ်လာပါတယ်။ ပိုပြီးတော့ အားကြီးလာတာပေါ့လေ။ အဲဒီတော့ ဆက်လုပ်သလောက် ထိရောက်အကျိုးရှိလိမ့်မယ်လို့တော့ ဆရာတော့်အနေနဲ့ နားလည်ထားပါတယ်။ အလုပ်ချင်းယှဉ်လိုက်ရင်လည်း ဒီလိုလုပ်တာသည် အကောင်း ဆုံးပေါ့။ တဖက်ဖက်ကို ရပ်တည်လိုက်တာသည်လည်း အကုသိုလ်အလုပ်ဖြစ်တယ် မကောင်းဘူးပေါ့။ နှစ်ဖက်စလုံးကတော့ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် သီလချိုးဖောက်တဲ့အဆင့်တွေပါ ဖြစ်နေကြပြီ။ ဆရာတော်တို့ သီလရှင်တို့ ယောဂီတို့အတွက်ကတော့ သီလက အသက်ပဲ။ သီလပျက်တယ်ဆိုရင် အသက်ဆုံးရှုံးတဲ့သဘောမျိုးဖြစ်နေတာပေါ့။ ကိုယ့်အတွက်လည်း မလုံခြုံဘူး။ ကိုယ်လုပ်တဲ့အတိုင်းလည်း ကိုယ်ပြန်ခံရမယ်။ ကိုယ်သတ်ရင် ကိုယ်ပြန်အသတ်ခံရမယ်။ အဲဒီတော့ သူတစ်ပါးသေတာလည်း မကောင်း သလို ကိုယ်သေတာလည်း မကောင်းဘူး။ သူတစ်ပါးပိုင်ဆိုင်တာကိုဖျက်ဆီးရင် ကိုယ်ပိုင်ဆိုင်တာလည်း သေချာပေါက် ဖျက်ဆီးတာခံရလိမ့်မယ်။ မြန်မာနိုင်ငံက ချမ်းသာတာလည်း မဟုတ်ဘူး။ ဒီလိုကြားထဲမှာမှ ပစ္စည်းတွေကို ဖျက်ဆီးခံရတာရော ဖျက်ဆီး တာရော မကောင်းဘူး။ သူတစ်ပါးမိသားစုကို ပြစ်မှားတယ် ဆိုတာလည်း ဘယ်လိုပဲဖြစ်ဖြစ် မကာင်းတဲ့အလုပ်တွေဆိုတော့ ကိုယ်လည်းမလုပ်ဘူး။ တဖက်သာလုပ်တာ ကို မခံရတာလည်းကောင်းတာပေါ့။ အခုဒီနိုင်ငံရေးနဲ့ပတ်သက်ပြီး မုသာဝါဒကတော့ သေးသေးမွှားမွှားလေး ဖြစ်ပြီး ပြောချင်တာတွေပြောဖို့ပဲ။ မှားတာ/မှန်တာတွေက အဓိကမဟုတ်ဘူး။ ပြောလိုက်ရတာကိုက အရသာရှိ ကျေနပ်တာတွေဖြစ်နေကြတာဆိုတော့ ဆရာတော့်အနေနဲ့ ဒီလိုလုပ်ရပ်တွေကို တတ်နိုင်သ လောက်လျော့နည်းစေချင်လို့လည်း ဒီအလုပ်ကို အပြိုင်လုပ်တာပေါ့။ တဖက်က သူပြောတာ သူ့အလုပ် သူလုပ်တတ်တာကို သူလုပ်တာပေါ့။ မကောင်းတာလုပ်ဖို့ကလည်း ဘာမှမခက်ဘူး လွယ်တာပေါ့။ ကောင်း တာလုပ်တတ်ဖို့စိတ်ကူးရတာကိုက ခက်သလို တကယ်လုပ်တွေ့လုပ်ရင် ပိုပြီးတော့တောင် ခက်တယ်။ ဆရာတော့်အနေနဲ့ကလည်း ကိုယ်တင်မကဘူး ကိုယ့်အဖွဲ့အစည်းကပါ သူတစ်ပါးပိုင်ဆိုင်မှုကိုမဖျက်ဆီး ဘူး။ သူတစ်ပါးသားမယားကို မဖျက်ဆီးဘူး။ ဒီလိုတွေမဖြစ်အောင် မဟုတ်တာ၊ မသေချာတာတွေကို မဖြန့်ဘူး မပြောဆိုဘူးပေါ့။ ကိုယ်နဲ့ပတ်သက်တဲ့သူတွေလည်း ဒီလိုမဖြစ်အောင်လို့ တားဆီးတဲ့အလုပ်မျိုး ပေါ့။ အရက်၊မူးယစ်ဆေးဝါးတွေကို မဖြတ်နိုင်သေးတဲ့သူတွေ သုံးစွဲနေကြတာမျိုးရှိကြတာပါပဲ။ ဆရာတော့် အနေနဲ့ကတော့ ဒီလိုဟာတွေကိုတတ်နိုင်သလောက်လျော့နည်းအောင်ကြိုးစားရင်း အများကိုပါဆွဲခေါ်ရင်း နဲ့ပဲ သဘာဝတရားရိပ်သာက နေရာတွေ အလှူရှင်တွေ ယောကီတွေရော ပိုပိုပြီးများပြားလာတာပေါ့။ ဒီငြိမ်းချမ်းရေးကလည်း သဘာဝတရားရိပ်သာလုပ်တဲ့ပုံစံအတိုင်း လုပ်တာဆိုတော့ အချိန်ကြာလေလေ ပိုပြီးတော့မှ နားလည်သဘောပေါက်လာလေလေပေါ့။ နားလည်တယ်ဆိုတာက နိုင်ငံရေးရဲ့အမှန်တရားကို ပြောတာ။ နဂိုတုန်းက ဆရာတော်တို့က နိုင်ငံရေးနဲ့မပတ်သက်ဘူး။ မဆိုင်ဘူးပေါ့။ ကိုယ့်အလုပ်က ဘာဝနာ ပွားများတဲ့အလုပ်နဲ့ပဲ ရှုပ်နေတာဆိုတော့ အဲဒီပြဿနာတွေရဲ့အမှန်တရားကိုရှာရတာ။ လောကီပြဿနာ တွေရဲ့အမှန်တရား လူလူချင်းပြဿနာတွေရဲ့အမှန်တရား၊ တရားဘာဝနာတွေရဲ့အမှန်တရားကိုသာ ရှာရ တာ။ အခုကျတော့ နိုင်ငံရေးရဲ့အမှန်တရားတွေကိုနားလည်သဘောပေါက်အောင် ကြိုးစားပြီးတော့ ကိုယ်နဲ့ ပတ်သက်တဲ့သူတွေနားလည်တယ်ဆိုရင်တော့ တဖက်မှာလည်း ဒကာ၊ ဒကာမတွေ နားလည်သဘော ပေါက်လာပြီးတော့ အမှားနည်းသွားမယ်။ အကြမ်းဖက်တာတွေ လျော့နည်းသွားမယ်လို့တော့ မျှော်လင့် ထားပါတယ်။
NP – နှစ်ဖက်အဖွဲ့အစည်းက သီလဖောက်နေကြတယ်လို့ ဆရာတော် အပေါ်မှာမိန့်ခဲ့သလို ဘာသာရေး ဘက်မှာလည်း ဆရာတော်၊ သံဃာတော်တွေကို ဆဲဆိုနေကြတာတွေလည်း ရှိနေပါတယ်။ မြန်မာ့လူမှု့ အဖွဲ့အစည်းက နိုင်ငံရေးနဲ့ရောယှက်ပြီး ပျက်စီးမှုအသစ်စတင်နေပြီလို့ ပြောလို့ရပါသလား။ ဒါဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စည်းပေါက်မှုကနေ ဆင့်ပွားဖြစ်လာတာတွေလို့ ပြောလို့ရမလား။
ဆရာတော် - ဆရာတော်ကိုယ်တိုင်နားလည်တာကတော့ ဗုဒ္ဓဘာသာဝင်တော်တော်များများက ဗုဒ္ဓဘာ သာအကြောင်းကို သေသေချာချာနားမလည်ကြဘူး။ နာမည်ခံ ဗုဒ္ဓဘာသာပဲများတယ်။ အဲဒီတော့ ဘာသာ ရေးကို စိတ်ဝင်စားတာထက် ဘုန်းကြီးတွေကိုသိတာထက် နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေကို ပိုသိကြပြီး ပိုစိတ်ဝင်စားကြတယ်။ အဲဒါကြောင့်လည်း နိုင်ငံရေးကို ပိုပြီးတန်ဖိုး ထားကြတယ်။ အနုပညာတွေ အားကစားတွေကို ဘာသာတရားထက်ပိုပြီးတော့ ပိုစိတ်ဝင်စားကြတယ်။ သူတို့ရဲ့စိတ်ကိုပြောတာပေါ့နော်။ ပါးစပ်ကတော့ ဘယ်ပြောပါ့မလဲ။ ပါးစပ်ကတော့ ဘုရား တရား သံဃာကို ယုံကြည်တယ် တန်ဖိုးထားတယ်ပေါ့။ တကယ်တမ်း စိတ်ထဲမှာကျတော့ ဘုရား တရား သံဃာတွေ မရှိဘဲနဲ့ ရာထူးအာဏာတွေ ထင်ပေါ်ကျော်ကြားမှုတွေ ငွေကြေးတွေကိုပဲ ကိုးကွယ်တန်ဖိုးထားကြတာတွေကရှိ တယ်။ အများစုက ပညာပိုင်း အားနည်းတယ် အတွေ့အကြုံ အသိအမြင်ပိုင်း အားနည်းကြတဲ့သူတွေက လည်း များကြတယ်ဆိုတော့ အခုလိ နိုင်ငံရေးနဲ့ပတ်သက်လာတဲ့ သံဃာတိုင်းကတော့ နိုင်ငံရေးသမား အများစုရဲ့အမြင်ကျဉ်းမှု အသိဉာဏ်နည်းမှုတွေကြောင့်တော့ ပြောဆိုစွပ်စွဲပြောဆိုတာတွေကတော့ ခံရမှာ ပဲဆိုတဲ့အကြောင်းအကျိုးကိုတော့ နားလည်ထားတယ်ပေါ့။ အဲဒါကိုတော့ ရှောင်လို့မရနိုင်ဘူး။ နိုင်ငံက တိုးတက်လာပြီး ချမ်းသာကြွယ်ဝလာပြီးတော့ ပြည်သူပြည်သားတွေကို တကယ့်လူ့အခွင့်အရေးပြည့်ဝ အောင် ပညာရေးအဆင့်အတန်းမျိုးနဲ့သင်ပေးနိုင်တယ်။ ဆေးကုပေးနိုင်တယ်။ တာဝန်ယူပေးနိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့အဆင့်အတန်းမျိုးထားပေးနိုင်တယ်ဆိုရင်တော့ သူတို့က မလုပ်သင့်တာကို မလုပ်ကြ တော့ဘူးပေါ့။ အတွေ့အကြုံဆိုရင်လည်း သူတို့က စာတွေ့ပဲဖြစ်ဖြစ် လက်တွေ့ပဲဖြစ်ဖြစ် အများကြီးတွေ့ မြင်သွားပြီဆိုရင်တော့ ဘာသာတရားနဲ့ပတ်သက်တဲ့ သံဃာတော်တွေကိုပုတ်ခတ်ပြောဆိုတာမျိုးတွေ နည်းပါးသွားလိမ့်မယ်လို့တော့ ဆရာတော်က နားလည်ထားတယ်။ အဓိကကတော့ ဆရာတော်တို့ဘာသာ ရေးနဲ့ပတ်သက်တဲ့ ဦးဆောင်တဲ့အပိုင်းတွေမှာလည်း အားနည်းချက်တွေရှိကြတာပေါ့။ အများနဲ့ထိတွေ့မှု အားနည်းပြီးတော့ အများပြည်သူကိုရှင်းပြနိုင်မှု အားနည်းကြတာပေါ့။ အဲဒါတွေကြောင့်လည်း နောက်ပိုင်း ကျတော့ လူကြီးကိုပြောမရနိုင်ရင်တောင်မှ ငယ်ငယ်လေးကတည်းက ကလေးတွေကိုပြောဆိုဆုံးမနိုင် အောင် ဓမ္မစကူးလိုမျိုးနဲ့ကြိုးစားမယ်ဆိုတာမျိုးတွေဖြစ်လာတာပေါ့။
NP - စာတမ်းမှာ တာဝန်ရှိသူတွေ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးရေးကို ရေးသားထားတာ တွေ့ရပါတယ်။ ဒါဟာ နစကဥက္ကဋ္ဌနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည်ညှိနှိုင်းပြီး နိုင်ငံကို ပြန်တည်ဆောက်စေချင်တာ လား ခင်ဗျာ။
ဆရာတော် - ဆရာတော်နားလည်တာကတော့ ညှိလို့မရလို့ဖြစ်သွားတဲ့ကိစ္စဆိုတော့ အချင်းချင်းပြန်ညှိဖို့ေ တာ့ မလွယ်လောက်ဘူးပေါ့။ ဆရာတော်သိသလောက်တော့ ညှိပြီးသွားပြီ။ အဲဒါကြောင့် ဆရာတော်တို့က မညှိ တော့ရင်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နားလည်မှုမှားတာ မဖြစ်နိုင်ဘူးလား။ တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်း မရှိတာကြလို့ နားလည်မှုလွဲတာရော မဖြစ်နိုင်ဘူးလား။ ဒါလည်းဖြစ်နေကြပါပဲ။ တကယ် တမ်းကျတာ့ လူတစ်ယောက်ကို ယုတ်မာတယ် ကောက်ကျစ်တယ်ပြောပေမယ့်လည်း တကယ်တမ်းကျ တော့ အသိဉာဏ် ချင်းတူတာ။ သူမှန်တယ်ထင်တာနဲ့ ကိုယ်မှန်တယ်ထင်တာနဲ့မတူတာ။ လက်ခံထားတဲ့ အမှန်တရားချင်း မတူတဲ့အခါကျတော့ သူက ရိုင်းတယ်လို့ထင်တယ်။ ကိုယ်က ယုတ်မာတယ်လို့မြင်ပေမယ့် တစ်ဖက်ကလည်း ဒီလိုဖြစ်ရင် ဒီလိုလုပ်ရမှာပဲဆိုတဲ့ တုံ့ပြန်မှုမျိုးရှိကြတာလေ။ အဲဒါကိုလည်း ဆရာတော် ခဏခဏဖြေရှင်းနေကြပါ။ အခုလည်း နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ ဆရာတော်တို့အနေနဲ့က ကြားထဲက ဝင်ပြီး ညှိပေးဖို့ပါ ကြိုးစားကြတာပါ။ ညှိပါလို့ ပြောရင်တော့ ညှိဖို့ မလွယ်တော့ဘူး။ သူတို့က ဒီအခြေအနေ ရောက်မှတော့ ညှိဖို့ကဆိုတာ စဉ်းစားဖို့တောင်တကယ်မလွယ်တော့ဘူး။ ဖြစ်နိုင်တာကတော့ ဆရာတော် တို့က ဘယ်လိုဖြစ်တာလဲဆိုပြီး ဖြစ်စဉ်အမှန်တရားကို သိအောင်ကြိုးစားပြီးမှ ဆရာတော်တို့က ကြားထဲက နေဝင်ပြီး ညှိပါမယ်။ သူတို့အချင်းချင်းမညှိနှှိုင်းဘူးဆိုရင်တောင်မှ ဆရာတော်တို့ဘက်က ဒီအဖွဲ့အစည်းနဲ့ တက်နိုင်သလောက် ဆက်စပ်ပတ်သက်တဲ့တာဝန်ရှိသူတွေကို တစ်ဆင့်ခံပြီးတော့ ဖြေရှင်းညှိနှိုင်းကြည့်မယ် ဆိုတာမျိုးကို ဦးစားပေးတာပေါ့။ နိုင်ငံခြားအဖွဲ့အစည်းတွေရော သံရုံးတွေကပါ စိတ်ဝင်စားတယ်ဆိုရင်တော့ သူတို့နဲ့ပါပေါင်းပြီးတော့ သူ့ဘက်ကိုယ့် ဘက်အမြင်တွေကို အပြန်အလှန် ညှိနှိုင်းဖို့ စိတ်ကူးထားတာပါ။ ညှိနှိုင်းဖြစ်ဖို့ပါ ဝင်ပါတာပေါ့။ ညှိနှိုင်းတယ်ဆိုတဲ့ နေရာမှာလည်း အဆင်ပြေဖို့ကို ဆရာတော်တို့ကတော့ တရားသဘောနဲ့ပေါ့။ ဆရာတော်ကိုယ်တိုင်ကလည်း အမြဲတမ်းဒီပြဿနာကို ရှင်းနေရတာ။ ညှိလို့သာ မရရင် ဒီသဘာဝတရားရိပ်သာမှာ လူတောင်ရှိမှာ မဟုတ်တော့ဘူး။ အခုလူပေါင်းမြောက်များစွာရှိတယ်ဆို တာ ဒီပြဿနာတွေနဲ့ပဲ အချင်းချင်းက အဆင်ပြေလို့ရောက်ကြတာမဟုတ်ဘူး။ ပြဿနာပေါင်းစုံနဲ့ရောက် လာကြပြီးတော့ သူတို့မတည့်ပေမယ့်လည်း ဆရာတော်က တတ်နိုင်သလောက် တရားနဲ့ညှိပြီး ဖြေရှင်းပေး နားချပေးတဲ့အခါကျတော့ အဆင်ပြေသွားတယ်ပေါ့။ အဲဒီလိုအမှန်တရားကို အဓိကထားပြီးတော့ ဖြေရှင်း တာပေါ့။ အခုလည်း ဒီသဘောတရားမျိုးပါ။ လက်ခံတဲ့သူလည်းလက်ခံမှာပေါ့။ လက်မခံတဲ့သူလည်း လက်မခံဘူးပေါ့။ ဒါပေမယ့် အလကားတော့မဖြစ်ပါဘူး။ ဆရာတော်ကတော့ အဓိက ကိုယ်ပါမှ ဒီအဖွဲ့ အစည်းပါမှရယ်ဆိုပြီး မဟုတ်ဘူးပေါ့။ အဓိကက ပြေလည်အောင် ညှိနှိုင်းသွားနိုင်ဖို့ပဲ။ ဘယ်သူပဲလုပ်လုပ် လက်ရှိအနေအထားအရ အလိုအပ်ဆုံးပေါ့။ ဒီလိုဖြစ်ချင်တာကလည်း အများကြီးပဲပေါ့။ အပြန်အလှန်သာ အကြမ်းဖက်ကြမယ်ဆိုရင်တော့ မဆိုင်ဘဲနဲ့ ဆုံးရှုံးနစ်နာတဲ့သူတွေက အများကြီးဖြစ်လိမ့်မယ်။ တကယ် လုပ်တဲ့သူ ခံရတာထက် မဆိုင်တဲ့သူတွေ ခံရတာကပိုပြီးတော့များလိမ့်မယ်။ အဲဒါဆိုရင်တော့ အကုသိုလ် များတယ်။ ကိုယ်က မဆိုင်တဲ့သူတွေကိုလုပ်ရင် ကိုယ်ဘက်ကလည်း မဆိုင်တဲ့သူတွေ ခံရမယ်။ တကယ် တမ်းတော့ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်တယ်ဆိုတာက သူတို့ကတော့ ကျွမ်းကျင်ပြီးသားတွေသူတို့ကျေ တာ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာနားလည်ကြတာပေါ့။ ဒါပေမယ့် သာမန်အရပ်သား အများစုကတော့ နားမလည်ကြဘူး။ အဲဒီလိုနားမလည်တော့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေက များပြားနိုင်တာ ပေါ့။ အဲဒီလိုမဆိုင်တာတွေ ဆုံးရှုံးနစ်နာတာတွေမဖြစ်စေချင်လို့လည်း ဒီလို ညှိနှိုင်းဖြေရှင်းတဲ့အလုပ်ကို အချိန်တစ်ချိန်မှာ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်သွားစေချင်တာပါ။
NP - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တကယ်ပဲလိုအပ်လို့ ထိန်းသိမ်ထားတယ်လို့ မြင်မိပါသလား။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဘက်က စွပ်စွဲသလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော မဲသမာမှုတွေကို လုပ်တယ်ဆိုတဲ့ကိစ္စကို မဖြေရှင်းဘဲ တမင်လမ်းကြောင်းလွှဲပြီးတော့ လူထုကို လမ်းပေါ်တင်ပေးလိုက်တယ်လို့ မြင်မိပါသလား။ ဆရာတော်ဘုရားရဲ့အမြင်လေး သိပါရစေ။
ဆရာတော် - ဆရာတော်ကလည်း ပြည်တွင်းပြည်ပအဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်တဲ့သူဖြစ်နေတော့ ဒီခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့က ဘယ်လိုမှမလွယ်ပါဘူး။ ရေရှည်ဖြစ်ဖို့လည်း မလွယ်ဘူးပေါ့။ တရားဝင်နိုင်ငံရေးမှာ ခေါင်းဆောင်တာပဲဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ် နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ဒီလို အနှောင့် အယှက်အဖျက်အဆီးပေါင်းစုံကြားထဲမှာ ရေရှည်ဦးဆောင်နိုင်ဖို့ဆိုတာ သူ့မှာလုံလောက်တဲ့အတိတ်ကံရော ပစ္စပ္ပုန်ကံရောပေါ့။ ပစ္စပ္ပုန်မှာတော့ ဘယ်သူကမှ အမှားတွေမကင်းဘူပေါ့လေ။ ဒါပေမယ့် ပစ္စပ္ပုန်မှာပြုလုပ် တဲ့အမှားထက် မှန်ကန်တဲ့လုပ်ရပ်တွေက အားကြီးလို့သာရပ်တည်နိုင်ကြတာပါ။ ဒီလိုမဟုတ်ရင်တော့ ဒုက္ခ ရောက်နေကြပြီပေါ့။ အဲဒီတော့လည်း ကောင်းတဲ့သဘောထားကတော့ ဗုဒ္ဓဘာသာတွေလည်းဖြစ်တာပါ တယ်။ အဖွဲ့အစည်းတွေမှာဦးဆောင်တဲ့သူတွေလည်း ပါတယ်ဆိုတော့ စိတ်ရင်ကောင်းတော့ရှိကြမှာပဲလို့ ဆရာတော်နားလည်တယ်။ တမင်သက်သက်ကြီးတော့ ကောက်ကျစ်လိမ့်မယ် ယုတ်မာလိမ့်မယ် လောဘ ကြီးလိမ့်မယ် အာဏာမှအာဏာပဲ အာဏာမရလို့မဖြစ်ဘူး ဒီလောက်ကြီးတော့ ဆိုးဆိုးရွားရွားကြီးသဘော ထားမရှိဘူးဆိုတာတော့ နားလည်တယ်။ ဒါပေမယ့် လူကတော့ ဖောက်ပြန်သွားနိုင်တယ်။ အခြေခံကတော့ ကောင်းတယ်။ ဒါကတော့ သူမှမဟုတ်ဘူး။ နောက်ဆုံး ဆိုးတဲ့မိုက်တဲ့သူပဲဖြစ်ဖြစ် မူးတဲ့ရူးတဲ့သူပဲဖြစ်ဖြစ် သူတို့မှာတော့ စိတ်ရင်းကောင်းလေးတွေတော့ ရှိကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကို မစွန့်နိုင်ရင်တော့ ကိုယ်က လူဆိုးလူမိုက် အရက်သမားဖြစ်ပြီးတော့ အများရဲ့အထင်သေးတာ စွပ်စွဲတာ ခံနေကြရတာပေါ့လေ။ ဒါပေမယ့် အဲဒီလို လူမှာတောင်မှ ကောင်းတဲ့စိတ်ရှိတယ်။ အဲဒါကို ဆရာတော်တို့က ကူညီပေးနိုင်ရင် ကောင်းတဲ့ဘက်ကိုအားသာသွားနိုင်တယ်။ သူ့ဟာသူဆိုရင်တော့ မလွယ်ဘူးလေ။ ဆရာတော်တို့က တရားအားထုတ်တဲ့ ယောဂီ၊ တရားပြဆရာ၊ ကိုယ်ကိုယ်တိုင်က ရဟန်းတစ်ပါးလည်း ဖြစ်တယ်။ ပရဟိတတွေလည်း လုပ်နေတယ်။ အဲဒီတော့ ဆရာတော့်မှာ ဘုရား တရား သံယာ အားကိုးရှိ သေးတယ်။ ကိုယ်က သံဃာအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းဆိုကတည်းက အဖွဲ့အစည်းထဲမှာကို က အဆင့်အတန်းအမြင့်ဆုံးပေါ့နော်။ ကျောထောက်နောက်ခံအင်အားလည်း အားကောင်းတာပေါ့။ ကျန်တဲ့ စစ်တပ်ပဲဖြစ်ဖြစ် နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ သူတို့မှာက သီလကိုစောင့်ကြ ၊ သီလကိုတန်ဖိုးထားကြတာ မဟုတ်ဘူး။ ပြီးတော့ ကောင်းမှုကုသိုလ်ကိုလည်း ဆရာတော်တို့လို လုပ်နေတာမျိုးမဟုတ်ဘူး။ အဲဒီအခါ ကြတော့ သူတို့လည်းအကူအညီလိုတယ်ပေါ့။ ကောင်းတာလုပ်ချင်တယ်။ နိုင်ငံကိုကောင်းစေချင်တယ်။ အများအကျိုးဆောင်ရွက်ချင်တဲ့စိတ်ကတော့ အနည်းနဲ့အများတော့ ရှိကြမှာပဲဆိုတာကိုတော့ ဆရာတော့် အနေနဲ့ သေသေချာချာနားလည်တယ်။ အဲဒီလိုစိတ်ရင်းကောင်းလို့လည်း ဒီလောက်အထိ အသက်ရှင်ပြီး ရပ်တည်နေနိုင်တာပေါ့။ စိတ်ရင်းသာ မကောင်းဘူးဆိုရင်တော့ ဘယ်လိုမှခံနိုင်မှာမဟုတ်ဘူး။ စိတ်ဖောက် သွားနိုင်တယ်။ ပြီးတော့ ကျန်းမာရေးဆုံးရှုံးသွားနိုင်တယ်။ အဲဒီတော့ ကောင်းတာတွေလည်း ရှိကြတယ်။ တစ်ဖက်မှာလည်း မကောင်းတဲ့အကျင့်တွေကလည်း ရှိကြမှာပဲ။ အားနည်းချက်တွေကလည်း ကိုယ်စီတော့ ရှိကြမှာပေါ့။ ဆရာတော့်အနေနဲ့ကတော့ ကောင်းမှုကုသိုလ်လုပ်ချင်နေတဲ့သူတွေကိုကူညီပေးနေရတာပေါ့။ ဘယ်သူပဲ ဦးဆောင်ပါစေ၊ ပေါင်းပြီးပဲ ဦးဆောင်ပါစေ၊ သူတို့က ဘုန်ကြီးတွေ၊ ယောဂီတွေ၊ သီလရှင်တွေ၊ ယောကီတွေ၊ ပရဟိတသမားစစ်စစ်တွေမဟုတ်ကြတဲ့အတွက် သူတို့သည် တရားပြဆရာတွေလည်း မဟုတ်ကြတဲ့အတွက် သူတို့ကောင်းတာလုပ်ဖို့အကူအညီကတော့ လိုကိုလိုအပ်တယ်တယ်လို့ နားလည် တယ်။ အဲဒီအတွက်လည်း ဆရာတော်ကလည်း တရားပြဆရာတော်တစ်ပါး၊ ပရဟိတလည်းလုပ်နေတာ ဆိုတော့ နိုင်ငံရေးနဲ့နွယ်နေတော့ ဒီပြဿနာတွေပဲ ဒီနိုင်ငံသားတွေပဲ၊ ဒီလိုဒုက္ခသည်တွေကို ကူညီဖြေရှင်း ပေးနေရတာပေါ့။ ဆရာတော်ကတော့ တရား အားကိုးပြီးဖြေရှင်းတာပေါ့။ သူတို့ကတော့ လုပ်ပိုင်ခွင့်တွေ အားကိုပြီးတော့ဖြေရှင်းကြ ယောကီအတတ်ပညာပိုင်းတွေအားကိုးပြီးဖြေရှင်းကြတာပေါ့။ ဆရာတော်တို့ ကတော့ သူတို့ထက်စာရင် အဲဒီအပိုင်တွေမှာတော့ အားနည်းတာပေါ့။ ပါဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက် ပေးခြင်းအားဖြင့် တကယ်လည်း ဖွံ့ဖြိုးတိုးတက်တဲ့ ဘက်ပေါင်းစုံက ပြည့်စုံတဲ့နိုင်ငံတစ်ခုဖြစ်လာဖို့ မြန်မာ နိုင်ငံရဲ့အနာဂတ်ကာလကိုတော့ မျှော်လင့်ထားပါတယ်။ အခုလိုဖြစ်သွားတာကိုတော့ ဆရာတော်အနေနဲ့ ယာယီလို့ပဲ နားလည်လက်ခံထားပါတယ်။ ဒီလိုနားလည်တာတွေကလည်း အများကြီးရှိပါတယ်။ ဘာလို့ဆို ကုသိုလ်ကောင်းမှုတွေရော ပရဟိတတွေရော အများကြီးလုပ်ခဲ့တာဆိုတော့ ဒါတွေက အလကားဖြစ်သွား မှာတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းအချို့ရဲ့ သီလချိုးဖောက်တာတွေနဲ့ အမှားအယွင်းတွေကြောင့် တစ်နိုင်ငံလုံးဒုက္ခရောက်ပြီး ပျက်စီးသွားမယ်ဆိုတာမျိုးကိုတော့ မယုံကြည်ပါဘူး။ လက်မခံပါဘူး။ ကောင်း တဲ့ပရဟိသမားတွေလည်း အများကြီးရှိတယ်။ ယောဂီတွေ တရားပြဆရာတွေလည်းရှိတယ်။ အခြားနိုင်ငံ တွေနဲ့ယှဉ်လိုက်ရင် အများအပြားအခိုင်အမာကို ရှိနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့အနာဂတ်က သေချာပေါက်ကို အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီအတွက်လည်း လိုအပ်သလို ဦးဆောင်တဲ့သူအချင်းချင်းရော နောက်လိုက်ရော ပူးပေါင်းဆောင်ရွက်ဖြစ်ဖို့ကို အမြဲကြိုးစားနေပါတယ်။
NP – မြန်မာနိုင်ငံသမိုင်းမှာ ရှေးအဆက်ဆက်ကတည်းက ဆရာတော်သံဃာတော်တွေ ဘယ်လောက်ပဲ ဆုံးမပါစေ နန်းလုတဲ့ဖြစ်စဉ်တွေက ရှိခဲ့ပါတယ်။ အခုဆိုရင်လည်း အဲဒီလိုအခြေအနေမျိုးဖြစ်လာတယ်။ ဒီလိုအခြေအနေကိုကြည့်ပြီးတော့ သံဃာတော်တွေလည်း စိတ်ချမ်းသာမှာတော့ မဟုတ်ဘူးပေါလေ။ အဲဒီတော့ ဆရာတော့်အနေနဲ့ နှစ်ဖက်ခေါင်းဆောင်တွေအပေါ်မှာ သိကိုသိစေချင်တဲ့ ပြောကိုပြောချင်တဲ့ စကားဆိုရင် ဘာများဖြစ်မလဲ ခင်ဗျာ။
ဆရာတော် - အခုကတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ်စီကလည်း အရည်အချင်းကရှိကြတော့ ကိုယ့် အားကိုယ်ကိုးကြတာမျိုးပေါ့။ ဒါကတော့ လောကီမှာတော့ ထုံးစံပဲ။ ကိုယ့်ကိုယ်ကိုယ် အားကိုးသလိုပဲပေါ့။ ဒါပေမယ့် ကိုယ်ဆိုတာက ဘယ်လိုမှ မပြည့်စုံပါဘူး။ ဘုရား တရား သံဃာနဲ့ယှဉ်လိုက်ရင် သဘာဝတရား အကြောင်း အကျိုးပေါ့။ အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံဥပဒေတောင်မှ ဘယ်လိုမှ မပြည့်စုံပါဘူး။ အဲဒါနဲ့ယှဉ် လိုက်ရင်လည်း မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံဥပဒေတောင်မှ ဘယ်လိုမှမပြည့်စုံပါဘူး။ မြန်မာနိုင်ငံအခြေခံဥပဒေ ဆိုရင်တော့ ပြောလို့ မရတော့ဘူးပေါ့။ တဖက်မှာ ဘုရားရှင်ဆိုတာလည်း သတ္တဝါအနန္တရဲ့ခေါင်းဆောင်ပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင် မဟုတ်ဘူး။ အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သူများမလုပ်တဲ့ ကောင်းမှုကုသိုလ်အလုပ်ကို ဘာမှမကျန်အောင်လုပ်နိုင်တယ်။ သူများမစွန့်နိုင်တဲ့ မကောင်းတဲ့အကျင့်စရိုက် တွေကို ဘာမှမကျန်အောက်စွန့်လွှတ်နိုင်တယ်။ အမှားမှန်သမျှကို မကျန်အောင်ပြင်နိုင်အောင်တယ်။ သိစရာမှန်သမျှကို ဘာမှမကျန်အောင်သိအောင်ကြိုးစားနိုင်တဲ့ ဘုရားရှင်ဆိုတဲ့ခေါင်းဆောင်ကိုတော့ ဘယ်နိုင်ငံရေးခေါင်းဆောင်မှတော့ ယှဉ်လို့မရနိုင်ပါဘူး။ ဒီလိုအရာတွေကို မကွယ်ပျောက်သွားအောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ လက်တွေ့လိုက်နာကျင့်သုံးနေတဲ့ အမာခံတရားကျင့်တဲ့ သံဃာတော်တွေ ကတော့ ရှိကြတာပါပဲ။ ဒီလို ဘုရား တရား သံဃာနဲ့ပတ်သက်နေတဲ့ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ပြောရ မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာကောင်းတာတစ်ခုက ဘာသာတရားပဲလို့ပြောရလောက်အောင်ထိပါ။ ဆရာတော် ထိုင်းနိုင်ငံကအစ အနောက်နိုင်ငံတွေကိ ရောက်သွားတဲ့အခါမှာ ဟိုဘက်နိုင်ငံတွေက ရုပ်ဝတ္ထုပိုင်းဆိုင်ရာနဲ့ ဟိုဘက်ကလူတွေရဲ့ပညာရေးစနစ်ပိုင်းတွေကိုကြည့်တော့ လူတွေကို ပညာပေးနိုင် တာ အရမ်းတော်တယ်။ စင်ကာပူဆိုရင် ခွေးကအစ လမ်းကူးမျဉ်းကြားကကူးတတ်အောင် သင်ပေးထားကြ တယ်။ အဲဒီလောက်ထိက ထရိန်နင်ကောင်းကြတယ်။ မြန်မာနိုင်ငံမှာကျတော့ ဆရာတော်တို့ကိုယ်တိုင် လည်း ငယ်စဉ်ကတည်းက အဲဒီလိုသင်ကြားခဲ့ရတာမဟုတ်ဘူး။ အဲဒီတော့ မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲ မဆုံးဖြတ်ရဲ မစွန့်စားရဲ ဒီလိုဘဝနဲ့ပဲ ကြီးပြင်းလာခဲ့ရတယ်။ ဒါတောင်မှ ဆရာတော်က စာတွေဖတ်လို့ မခံချင်စိတ်နဲ့ကြိုးစားလွန်း လို့လုပ်ရဲကိုင်ရဲဖြစ်လာသလို ဆရာကောင်းတွေနဲ့တွေ့လို့ တရားလည်း အားထုတ်ဖြစ်သွားတယ်။ ဒါပေမယ့် အများစုကတော့ အဲဒီလိုမဟုတ်ဘူး။ တခြားထေရဝါဒနိုင်ငံတွေနဲ့ မြန်မာနိုင်ငံကိုယှဉ်လိုက်ရင်တောင် မြန်မာနိုင်ငံက ထေရဝါဒအမာခံနိုင်ငံဖြစ်နေရက်နဲ့တောင်မှ တရားကို လက်တွေ့လိုက်နာကျင့်သုံးတဲ့အပိုင်းမှာ အားနည်းကြလို့ပေါ့။ သဘောတရားကတော့ ကောင်းပြီးသားပေါ့။ ကုသိုလ်တရားကလည်း ဘာသာတရားနဲ့နွယ်နေတာဆိုတော့ ထိုက်သင့်သလောက်တော့ ကောင်းပြီးသား ပေါ့။ လက်တွေ့လိုက်နာကျင့်သုံးဖို့ကျတော့ လွတ်လပ်ခွင့်မရှိတာလည်းပါသလို မှားမှာကြောက်တဲ့ အကြောက်တရားတွေကြောင့် စဉ်းတောင်မစဉ်းစားရဲကြဘူး။ လွတ်လွတ်လပ်လပ်လုပ်ဖို့ ပြောဖို့မပြောနဲ့ စဉ်းတောင်မစဉ်းရဲကြဘူး။ ဒီလိုပဲတွေးရမယ် လုပ်ရမယ်ဆိုတဲ့ ထိန်းချုပ်မှုတွေအောက်မှာ ဆရာတော်တို့ ကိုယ်တိုင်လည်း ဒီလိုပဲကြီးပြင်းခဲ့ရတာပါပဲ။ ဒါတွေဟာလည်း မဇ္ဇိုမပဋိပဒါ အလယ်လမ်းစဉ်ကို အသုံးချနိုင် တဲ့အပိုင်းမှာ အားနည်းတာပေါ့။ ဒီနိုင်ငံမှာပဲ ဒီလိုဖြစ်တာဆိုရင် ဒီနိုင်ငံမှာပဲ အဖြေက ရှိပြီးသားပါ။ ဗုဒ္ဓဘာ သာနိုင်ငံမှာဖြစ်တဲ့ပြဿနာအတွက် ဗုဒ္ဓဘာသာနိုင်ငံမှာပဲ နိုင်ငံရေးအဖြေက ရှိပြီးသားပါ။ ဒါပေမယ့် လူတွေ က လက်တွေ့လိုက်နာကျင့်သုံးတဲ့အပိုင်းတော့ တော်တော်အားနည်းကြတယ်။ အဲဒါကြောင့်လည်း ဆရာတော့်အနေနဲ့ကတော့ ကိုယ့်အားကိုယ်ကိုးတာကိုလျော့ပြီးတော့ တရားအားကိုးပြီး ဖြေရှင်းတဲ့နည်းကို လုပ်စေချင်တာပေါ့။ ဆိုလိုတာက ကုသိုလ်ကောင်းမှုများများလုပ်ပေါ့။ သီလကို မပျက်စောင့်ထိန်းကြ။ ဒီလို ကပ် ဆေးနေတဲ့ထဲမှာ သီလ မလုံရင်တော့ ကပ် ဆေးတဲ့ထဲကို ပါသွားမှာပဲ။ ရှောင်ဖို့မလွယ်ဘူး။ အဲဒီတော့ သီလကိုစောင့် ဘာဝနာ ကိုယ့်စိတ်ကိုယ်ထိန်းပေါ့။ ပြီးတော့ အနတ္တ ကိုယ့်လောဘ ဒေါတ မောဟကိုရှု့ ဖြစ်ချင်တိုင်းမဖြစ်တာကို လက်ခံနိုင်ဖို့ကြိုးစားပေါ့။ အတင်းအကြပ်ကြီး ငါလုပ်မှဖြစ်မယ် ငါဦးဆောင်မှဖြစ် ယ်ဆိုပြီး သူတစ်ပါးကိုပယ်တာမျိုးတွေ မလုပ်နဲ့။ ဒါတွေကလည်း တရားသဘောအရ မသင့်တော်ဘူးပေါ့။ တကယ်တမ်းကျတော့ နိုင်ငံရေးဆိုတာ လုပ်ရဲဖို့တောင် မလွယ်သလို ရေရှည်လုပ်ရဲဖို့ဆို ပိုမလွယ်ဘူး။ လုပ်နိုင်ဖို့လည်း မလွယ်ကူးဘူး။ အဲဒီတော့ လုပ်နိုင်တဲ့ခေါင်းဆောင်အချင်းချင်းက အဆင်ပြေပြေညှိနှိုင်း ပေါင်းပြီးတော့ လုပ်စေချင်တာပေါ့။ ဒီလိုသာ ညှိနှိုင်းပြီးလုပ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်။ အခု လည်း အဲဒီလိုဖြစ်ချင်ကြတာပဲ။ ဖြစ်အောင်ကြိုးစားရင်းနဲ့မှ တဝက်တပျက်မှာ ညှိလို့မရဘူးဆိုပြီးတော့မှ ငါပဲ လုပ်တော့မယ် မင်းမပါနဲ့ဆိုတဲ့စိတ်တွေက နှစ်ဖက်စလုံးမှာရှိကြလိမ့်မယ်လို့တော့ နားလည်ပါတယ်။ အဲဒါဆို ကိုယ့်ဘာသာကိုယ်ပဲလုပ်တော့မယ် မပေါင်းတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်သွားတာပေါ့။ ဒါပေမယ့် ပေါင်းပဲ ပေါင်းခဲ့ကြပြီးပြီလေ။ ပေါင်းလို့လည်း ရခဲ့တာပဲလေ။ ပေါင်းတာက ပိုကောင်းတယ်ဆိုတာကိုလည်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရဲ့အကျိုးရလာဒ်တွေ အခြေအနေတွေကိုပြန်ပြီးတော့ကြည့်ရင်လည်း သိနိုင်တာပဲ။ ဘယ်သူမှလည်းကိုယ်လုပ်ချင်တဲ့အတိုင်းလုပ်လို့တော့ မရပါဘူး။ စစ်တပ်မှာ အားနည်းချက်ရှိ တယ်ဆိုရင်လည်း ကျန်တဖက်က ဒါကိုဖြည့်ပြီးပေါင်းလုပ်လိုက်ရင် ဖြည့်ပြီးသားဖြစ်သွားတာပေါ့။ အရပ်ဖက် မှာ အားနည်းချက်ရှိတယ်ဆိုလည်း ကျန်တဲ့တဖက်က စစ်တပ်အပါအဝင် နိုင်ငံဝန်ထမ်းတွေရော ဆိုင်ရာ တာဝန်ရှိသူတွေက ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကို တာဝန်ခွဲဝေယူပြီးတော့ ကိုယ့်အလုပ်ကိုယ်လုပ်တာမျိုး ပေါင်းပြီးလုပ်ကြတာမျိုးတွေက လုပ်လည်းလုပ်ခဲ့ပြီးပြီဆိုတော့ အချိန်တန်ရင်တော့ ဒီလိုပဲပြန်ဖြစ်သွားလိမ့် မယ်လို့တော့ ဆရာတော့်အနေနဲ့တော့ ယုံကြည်မျှော်လင့်တယ်။
NP - အခုဆိုရင် ပြည်သူတွေဟာ ဆဲဆိုတာတွေကို ပုံမှန်လို ပါးစပ်က အလွယ်တကူ ထွက်လာကြပါတယ်။ ဒါကို အရှင်ဘုရားတို့ကိုယ်တိုင် မြင်ရ ကြားရတဲ့အခါတွေမှာ စိတ်ထဲ ဘယ်လိုခံစားမိပါသလဲ။
ဆရာတော် - ဆရာတော်က တရားပြနေတာဆိုတော့ လူတွေရဲ့အကြောင်းကို သိတာပေါ့။ ကိုယ်ကလူဆို ရင် ကိုယ်တစ်ယောက်တည်းအကြောင်း သိရုံနဲ့မပြီးဘူး။ လူတွေရဲ့အကြောင်းကိုလည်း သိဖို့လိုတာပေါ့။ လူတွေကို အထင်ကြီးရင် ကြီးနေမယ်။ အထင်သေးရင် သေးနေမယ်။ လူဆိုတာ ကောင်းတယ်ဆိုပြီးတော့ တဖက်သတ်ပြောနေလို့မရဘူး။ ကောင်းတဲ့သူလည်းကောင်သလို ဆိုးတဲ့သူလည်း ဆိုးတယ်။ အသိဉာဏ်ရှိ တဲ့သူလည်းရှိတယ် အသိဉာဏ်အားနည်းတဲ့သူလည်း ရှိတယ်။ အကောင်းအဆိုးကရောနေပြီး လူဆိုတာ ပြောင်းလဲနိုင်သလို စိတ်ဆိုတာ ပြောင်းလဲနိုင်တာပေါ့။ ဒီလူက လူကောင်းပဲလို့ ဘယ်လိုမှ သေချာပေါက် ပြောလို့မရဘူူး။ လူဆိုးပဲဆိုပြီးတော့လည်း ဆုပ်ကိုင်ထားလို့မရဘူး။ ပြောင်းလဲသွားနိုင်တာမျိုးပေါ့။ လူတွေ က အဆင်ပြေတော့တစ်မျိုး အဆင်မပြေတော့တစ်မျိုး၊ ကိုယ့်ကိုယ်မထိခိုက်တုန်းကတစ်မျိုး၊ ကိုယ့်ကိုယ်ထိ ခိုက်လာပြီဆိုရင် တစ်မျိုးဖြစ်တတ်ကြတဲ့ပြောင်းလဲမှုတွေကို တွေ့ကြုံရတာပေါ့။ တကယ်ကောင်းတဲ့လူဆို ရင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အမြဲကောင်းနေရမှာပေါ့။ တကယ်မှန်တယ်ဆိုရင်လည်း ဘယ်လိုအခြေ အနေမှာပဲဖြစ်ဖြစ် အမှန်တရားပဲဖြစ်ရမှာပေါ့။ အခုဟာကကျတော့ လူတွေက ပြောင်းလဲနေတာ။ စိတ်တွေ ကိုက ပြောင်းလဲနေတာ။ အခုနိုင်ငံရေးအခြေအနေမှာလည်း စိတ်တွေက မတည်ငြိမ်ကြဘဲ ဟိုဘက်ဒီဘက် ကစားတာမျိုးတွေလည်းဖြစ်ကြတာပေါ့။ နိုင်တဲ့ဘက်ကိုအားပေးချင်တာ အားကြီးတဲ့ဘက်ကို ဝင်ပါချင်တဲ့ စိတ်တွေက အစပေါ့။ ဒါတွေကို နားလည်သဘောပေါက်စေချင်တယ်။ လူတွေကိုယုံကြည်စိတ်ချ အားကိုးေ နရာကနေပြီး မကောင်းမှုရှောင်ကြဉ်ခြင်း ကောင်းမှုဆောင်ခြင်း စိတ်ကိုဖြူစင်အောင်ထားခြင်း ဆိုတဲ့ တရား အလုပ်တွေကိုပြောင်းပြီးတော့မှ အားကိုးစေချင်တဲ့သဘောပေါ့။ ဒီလို နားလည်သဘောပေါက်လာမယ်ဆို ရင် ဒီဖြစ်ရတဲ့အထဲက အရှုံးထဲက အမြတ်တရားရလိုက်တယ်လို့ပဲမှတ်ရမယ်။ ဆုံးရှုံးတာတွေ ဆုံးရှုံးတာပေါ့။ အသက်တွေ ပိုင်ဆိုင်မှုတွေဆုံးရှုံးလိုက်ရပေမယ့် တရားရသွားတယ်ဆိုရင်တော့ ဆုံးရှုံးရကျိုးနပ်တယ်လို့ တော့ နားလည်သဘောပေါက်အောင်တော့ ဆရာတော်က ကြိုးစားကြစေချင်တာပေါ့။ ဘယ်လောက်ပဲ တည်ဆောက်တည်ဆောက် အချိန်မရွေးပျက်စီးသွားနိုင်တယ်။ ဘယ်အရာမှ သေချာပေါက်ပြောလို့မရ သလို ဘာမှမမြဲဘူး။ ကောင်းတာလည်း မမြဲသလို မကောင်းတာလည်း မမြဲဘူးဆိုတာကို ကိုယ်တိုင်သဘော ပေါက်နားလည်စေချင်တယ်။ အဲဒါဆိုတော့ ရုပ်ဝတ္ထုတွေကို စွဲလမ်းတပ်မက်မနေတော့သလို ပုဂ္ဂိုလ်အစွဲတွေ လည်း သိပ်ပြီးတော့ ရှိမနေတော့ဘူးူပေါ့။ ဘုရားကမှသာ ပြီးပြည့်စုံတာ။ အများပြည်သူလူထုမှာ ရှိကြတဲ့ အမှားကတော့ အားကိုးရာလူအစစ်မဟုတ်တာကိုလည်း အားကိုးကြတယ်။ မိမိကိုယ်ကိုယ်အားကိုးတယ် မဟုတ်ရင် တဖက်လူအပေါ်အားကိုးတာမျိုး မိဘ ဆွေမျိုးတွေအပေါ် အားကိုးကြတာမျိုးပေါ့။ အဲဒါကို နားလည်သဘောပေါက်တယ်ဆိုရင်တော့ နောက်ကျရင် ဒီလိုမှားတော့ဘူးပေါ့။ အခုကတော့ တရားရှိပါ လျက်နဲ့တရားကို အားမကိုးသလို ကုသိုလ်ကောင်းမှုတွေကိုလည်း အားမကိုးဘဲနဲ့ နည်းစနစ်ကောင်းတို့ ခေါင်းဆောင်ကောင်းတို့ကို ရှေ့တန်းတင်လွန်းလွန်းလို့ ဆုတ်ကိုင်မှုအားကြီးလွန်းလွန်းလို့ လောဘကြီး လွန်းလို့ အလို ကြီးလို့ အရ ကြီးတာလို့တော့ ဆရာတော့်အနေနဲ့ နားလည်သဘောပေါက်ပါတယ်။ အဲဒီ တော့လည်း ဆပ်စရာရှိတဲ့အကြွေးတွေဆပ်လိုက်ရတယ်ပေါ့။ ကပ် ဆေးတော့လည်း ကပ် ဆေးတဲ့ထဲ ပါသွားတော့လည်း ကံကောင်းတဲ့သူတွေပဲ ကျန်ခဲ့တော့လည်း ရေရှည်အတွက်တော့ ကောင်းတာပေါ့လို့ပဲ ပြောရမှာပေါ့။ ကံဆိုးတဲ့သူတွေကျပြန်တော့လည်း ဘယ်သူကမှထောင်ချနေစရာမလိုဘူး သတ်ဖြတ်နေစရာ မလိုဘူး။ သူ့ဘသာသူ ကပ် ဆေးတဲ့ထဲမှာပါသွားတာ။ တကယ်လည်း ဒါတွေဟာ အမှန်တရားတွေပါပဲ။ ဒါတွေက ရှောင်လို့မရနိုင်ဘူး။ ဘုရားရှင်တောင်မှ ပရိတ်နိဗ္ဗာန်ဆန်တာ အနာဘေးနှိပ်စက်တာတွေရှိသေး တာပဲ။ ရှောင်လို့မရပါဘူး။ ဒီလိုဖြစ်လာတဲ့အတိုင်းအတာတစ်ခုကိုပဲ ဆရာတော်တို့က လက်ခံနိုင်ဖို့ကိုပဲ ကြိုးစားရမှာပါ။ ဒါဟာ အားလုံးနဲ့ဆိုင်တယ်ဆိုတာကိုပဲ နားလည်သဘောပေါက်စေချင်တာပေါ့လေ။ ဘယ်သူမှရှောင်လို့ မရတဲ့ အမှန်တရားတွေပေါ့။
NP - လွန်ခဲ့တဲ့(၂)လ လောက်က ဆရာတော်ရဲ့ဗီဒီယိုဖိုင်တစ်ခု Online ပေါ်မှာ ပြန့်ခဲ့ပါတယ်။ အဲဒီဖိုင်နဲ့ ပတ်သက်ပြီး ဆရာတော့်ကိုကြမ်းကြမ်းတမ်တမ်းပြောတာတွေ ကြားခဲ့ရပါတယ်။ ဆရာတော်လည်း ပြန်ြ ကားခဲ့ရလိမ့်မယ်လို့ ထင်တယ်။ အဲဒီတုန်းက ဆရာတော်ရဲ့အယူအဆက ဘာများဖြစ်ပြီး ဘာကိုရည်ညွှန်း ချင်တာလဲ ဆိုတာ ရှင်းပြပေးလို့ရမလား ခင်ဗျာ။
ဆရာတော် - ဆရာတော်က ပစ္စပ္ပန်အမှားကိုပြင်တာ။ ဘယ်သူက ကိုယ့်ကို စွပ်စွဲပါတယ်။ မောင်းထုတ်ပါ တယ်။ ရိုက်နှက်ပါတယ်ဆိုပြီးတော့ လာတိုင်တယ်ဆိုရင် အဲဒီခံရတဲ့သူက သိပ်ပြီးတော့ ဒေါသကြီးနေတယ် ဝမ်းနည်းနေတယ်ဆိုရင် ဒါက ပစ္စုပ္ပန်အကုသိုလ်ပဲ။ ပြစ်တင်စွပ်စွဲတာတွေ အကြမ်းဖက်တာတွေကပြီးသွား ပြီ။ လက်ရှိခံရတဲ့သူက မခံမရပ်နိုင်ဖြစ်နေတာက အခုလည်းခံရတာမဟုတ်ဘူး။ အဲဒါမျိုးကျတော့ ပစ္ဆုပ္ပန် မှားနေတာက ပြီးသွားတာကို ကိုယ့်စိတ်ထဲကပြီးသွားတယ်လို့ လက်မခံနိုင်ဘူး။ အခုပဲ ခံနေရသလိုလို ပြန်ပြီးတော့ အကုသိုလ်ကို ပွားတာပေါ့။ မကောင်းတာကြီးကို ကိုယ်တင်မကဘူး သူများကိုပါ မျှဝေတာပေါ့။ အကုသိုလ်ကို မျှဝေနေတာမျိုးပေါ့။ လူတွေကတော့ အဲဒီလိုနားလည်ချင်မှနားလည်မယ်ပေါ့။ တရားသဘော အရတော့ အတိတ်ကိုလည်းမပြန်နဲ့ အနာဂါတ်ကိုလည်း မချန်နဲ့ ပစ္စုပ္ပန်ပြဿနာကိုရှင်းရမှာ။ ဟိုဘက်က သူ လုပ်ခဲ့တယ်ဆိုတာကလည်း အကြောင်းမဲ့တော့ မလုပ်ဘူး။ သူကလည်း ဘယ်လိုမဟုတ်တာတွေလုပ်ခဲ့မှန်း မသိဘူး။ မခံချင်အောင် ဘယ်လိုလုပ်ခဲ့လည်း မသိဘူး။ လုပ်လို့သာ ဟိုဘက်ကမခံနိုင်လို့ပြန်လုပ်တာ။ တော်ရုံတန်ရုံဆို ပြန်လုပ်မှာ မဟုတ်ဘူး။ တစ်ဖက်ကလည်း ကိုယ့်အပြစ်ကိုမပြောဘူး။ သူ့အပြစ်ကိုပဲ ပုံချပြီး တော့ ပြောဆိုတာမျိုးက အမြဲတမ်း ဆရာတော်ကြုံနေရတာ။ အဲဒီအခါကျတော့ လောလောဆယ်ပြဿနာ ကို ရှင်းတဲ့အနေနဲ့ ကိုယ့်စိတ်ကိုယ်ထိန်၊ ငိုပြီးတော့မပြောနဲ့ စိတ်တည်ငြိမ်သွားတော့မှ လာပြီးတော့လျှောက် ရိပ်သာထွက်သွားဖို့ ဆုံးဖြတ်ရင်လည်း စိတ်တည်ငြိမ်သွားပြီးမှ ဆုံးဖြတ်။ ဒီလိုမျိုး သူ့ကိုပဲဆုံးမရတာပဲ ဟိုလူ့ ကိုသွားပြီး ဘာမှပြောစရာမလိုဘူး။ အတိုင် ခံရတဲ့သူကနောက်မှ လောလောဆယ်ပြဿနာတက်နေတာက ဒီလူ ဆိုတော့ သူ့ကိုဆရာတော်တို့က ဒါက ဘယ်သူမဆိုကြုံရတာပဲ။ ကိုယ်တစ်ယောက်တည်းကြုံရတာ မဟုတ်ဘူး။ သူလုပ်သလို သူမှလုပ်တတ်တာ မဟုတ်ဘူး။ ကိုယ်လည်းလုပ်တတ်တာပဲ။ မကောင်းတာလုပ် တယ် သီလချိုးဖောက်တယ်ဆိုတာ ဘာမှဆန်းတဲ့ကိစ္စမဟုတ်ဘူး။ အဲဒီတော့ သူလုပ်တာကိုပဲ မကြည့်နဲ့ ကိုယ်လည်း လုပ်ခဲ့တာပဲ။ သူလုပ်တာ သူခံရမှာ။ ကိုယ်လုပ်တာ ကိုယ်ပြန်ခံရမှာ၊ အဲဒီတော့ မရမက လက်စားခြေဖို့မကြိုးစားနဲ။ နားလည်ခွင့်လွှတ်ဖို့ပဲကြိုးစား။ ဒါကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာကို ရှင်းတာ။ ပြီးတော့မှ ဟိုလူ့ကိုခေါ်ပြီး ဘာဖြစ်လို့ဒီလိုလုပ်တာလဲ ဆိုပြီးမှ သူ့ဘက်ကလည်းပြန်ပြီး ပြောဆိုမှာပေါ့။ အဲဒီအခါကျမှ ဒီလိုတော့ မလုပ်သင့်ဘူး။ သူလုပ်တာအကြောင်းမဲ့တော့ မဟုတ်ဘူး။ ကိုယ့်ကိုစွပ်စွဲလို့ ကိုယ့်ကိုမထီမဲ့မြင်လုပ်လို့ ကိုယ့်ကိုစိန်ခေါ်လို့ ဒီလိုလုပ်ရပါတယ်။ ပါးစပ်နဲ့မဟုတ်ရင်တောင် ကိုယ်အမူ အရာနဲ့လုပ်လို့ စိတ်အနှောက်အယှက်ဖြစ်လို့ သည်းမခံနိုင်လို့ စိတ်မထိန်းနိုင်လို့ ပြောဆိုရပါတယ်။ လုပ်ရ ပါတယ်။ ဒါကဖြစ်နေကျ ဒါကသူ့ရဲ့အကျင့်ပဲ ဘာမှတုန့်ပြန်မနေနဲ့သည်းခံလိုက်ပေါ့။ အဲဒီလိုတုန့်ပြန်လိုက်ရင် ပြီးမှာမဟုတ်တော့ဘူး။ အဲဒီတော့ ဒီလိုနည်းနဲ့မဖြေရှင်းနဲ့။ ဒီနေရာက တရားရိပ်သာ တရားနဲ့သာရှင်း သူလုပ်တာသူ့အကြောင်း သူ့ကိုပြန်ပြီးအကျိုးပေးမှာပဲ။ ကိုယ်လုပ်တာကိုယ့်အကြောင်း ကိုယ့်ကိုပြန်ပြီး အကျိုးပေးမှာပဲ။ အဲဒီတော့ မကောင်းတဲ့အကြောင်းတရားတွေကိုတော့ ကိုယ်လည်းမလုပ်နဲ့ သူလုပ်တာကို လည်း အားမပေးနဲ့။ ဒီလိုသဘောတရားမျိုးနဲ့ပဲ ဆရာတော်ကဖြေရှင်းတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက် ရင်လည်း ဆရာတော်က စာတမ်း ရေးကတည်းကိုက စိတ်အေးအေးထားပြီး ရေးခဲ့တာ။ ကိုယ်နဲ့ပတ်သက် တဲ့သူတွေ ဒီစာဖတ်ရတဲ့သူတွေ ငြိမ်းချမ်းပါစေ။ စိတ်သက်သာရာရပါစေ ဆိုပြီးတော့ ထွက်ပေါက်လေး တွေ့ပါစေ ဆိုပြီးတော့မှ ဆရာတော့်အနေနဲ့ ဘာလုပ်ရမှန်းမသိတဲ့သူတွေကိုလမ်းပြတဲ့အနေနဲ့ဝင်ပြီးတော့ ရေးလိုက်တာ။ ဆရာတော့်ဘက်က ဒီတရားရဲ့အမှန်တရားကို ဆရာတော့်အနေနဲ့ ဘာမှသံသယဖြစ်စရာ မရှိဘူး။ တကယ်လို့ ပြောဆိုစွပ်စွဲခဲ့ရင်လည်း ကိုယ့်ဘက်ကရှင်းလို့ရအောင် သေသေချာချာအချိန်ယူပြီး တော့မှ ရေးသားထားတာပါ။ ဒီလိုလုပ်တဲ့အတွက် တစ်ဖက်မှာ စိတ်ကျေနပ်မှုရတယ်။ သက်သာယာရတယ်၊ မျှော်လင့်ချက်တွေရတယ်ဆိုတဲ့ Comment မျိုးလည်း ပြန်ပြီးတော့ ရရှိပြီးသားဖြစ်နေတာပေါ့။ ကိုယ့်ရဲ့ မကောင်းမြင်တဲ့စိတ်ကြောင့် ဒါမှမဟုတ် ကိုယ့်မှာမကောင်းတဲ့စိတ်တွေဖြစ်နေတဲ့အခါကျတော့ ကိုယ်ပြော တဲ့အတိုင်းမဟုတ်ဘူးဆိုရင် ကိုယ်ပြောသလိုလိုက်မပြောဘူးဆိုရင် ဒါဟာ ကိုယ့်ရန်သူပဲဆိုတဲ့ သဘောမျိုးနဲ့ ပေါ့၊ ဒါဟာ စစ်တပ်အားပေးတာပဲဆိုပြီး ဒီလိုစွပ်စွဲပြောဆိုတာမျိုး ခံရတာပေါ့လေ။ ဆရာတော့်အနေနဲ့ ကတော့ ကိုယ်များဒီလိုမျိုးဖြစ်နေမလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် တဖက်ကသူတွေစွပ်စွဲသလိုတော့ သံသယဖြစ်စရာ လုံးဝကို မရှိဘူး။ အချိန်တန်ရင် နားလည်သွားကြလိမ့်မယ်လို့ပဲတွေးတယ်။ အချိန်က ဖြေရှင်းတဲ့သဘောမျိုးပေါ့။ ကိုယ်နဲ့ပတ်သက်တဲ့သူတွေကိုလည်း အဲဒီသဘောမျိုးနဲ့ပဲ ရှင်းပြပါတယ်။ တချို့ ကျတော့လည်း တတ်နိုင်သလောက်ဝင်ပြီး ဖြေရှင်းပေးတာတွေရှိတယ်။ ဒါပေမယ့် အချိန်တန်တော့လည်း သူ့ဘသာသူ ရုတ်သိမ်းသွားတာပဲ။ တကယ်လည်း ဟုတ်မှမဟုတ်ဘဲ။ ဆရာတော့်ရိပ်သာမှာလက်ခံထားတဲ့ သူတွေက အစိုးရဝန်ထမ်းတော်တော်ကို နည်းပါတယ်။ အစိုးရဝန်ထမ်းမဟုတ်တာတွေ ဒုက္ခရောက်တဲ့သူ တွေသာ အများစုပါ။ မိသားစုတွေလည်း ဒီတိုင်းပါပဲ။ ဆရာတော်သာ အာဏာရှိတဲ့ဘက်က ချမ်းသာတဲ့ ဘက်ကလိုက်မယ်ဆိုရင် အခုလိုမျိုး အများပြည်သူတွေ ဆင်းရဲတဲ့သူတွေ ဒုက္ခရောက်တဲ့သူတွေ ရိပ်သာမှာ နေလို့တောင်ရမှာ မဟုတ်ပါဘူး။ ဆရာတော့်ဆီမှာက ဒုက္ခရောက်တဲ့သူတွေ ကံဆိုးတဲ့သူတွေ နှိပ်စက်ခံရတဲ့ သူတွေ လုယူသိမ်းပိုက်ခံရတဲ့သူတွေကို တရားနဲ့မပြတ်ကူညီပေးနေတာပေါ့။ သူတို့ကို ရန်လုပ်တဲ့သူတွေကို ဆန့်ကျင်တာမဟုတ်ဘူး။ ကြက်ခြေနီလိုသဘောမျိုးပေါ့ ဒဏ်ရာရတဲ့လူနာကို ပြုစုတာမျိုး။ တခြားနိုင်ငံရေးနဲ့ သူတို့ရဲ့တိုက်ပွဲထဲမှာ ဘယ်ဖက်ကိုမှဝင်တာမျိုး အားပေးထောက်ခံနေတာ မဟုတ်ဘူး။ ဆေးကုဖို့လိုတဲ့သူ ကို ဆေးကုပေးတဲ့သဘောပဲ။ တရားတော်လည်း အဲဒီလိုပဲ တရားသဘောအရ အကူအညီလိုအပ်တဲ့သူကို ကူညီတာပဲ။ စစ်တပ်က ဟုတ်တာတွေ မဟုတ်တာတွေကိုလည်း မကြည့်ပါဘူး။ ဘက်လိုက်စရာလည်း မရှိပါဘူး။ ဆရာတော့်ဘက်က စိတ်ရှင်းတဲ့အခါကျတော့ ဒါကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာမျိုးတော့ မရှိပါ ဘူး။ သူတို့ပြောဆိုစွပ်စွဲတာနဲ့ပဲ ကိုယ်က ဒုက္ခရောက်သွားမလားဆိုပြီး စိုးရိမ်တာတော့ မရှိပါဘူး။ ကိုယ်ဟုတ်ရင်တော့လည်း ကိုယ်ခံရမှာဖြစ်သလို ကိုယ်မဟုတ်ရင်တော့ သူစွပ်စွဲပြောဆိုတာ သူပြန်ခံရမှာ ပေါ့။ စစ်တပ်ဘက်ကိုလိုက်တယ်ဆိုရင်လည်း စစ်တပ်ဒုက္ခရောက်ရင် ကိုယ်ပါဒုက္ခရောက်မှာပေါ့။ ဒါပေမယ့် ဆရာတော့်အနေနဲ့က ဘက်မလိုက်တဲ့အတွက်လည်း စိုးရိမ်ပူပန်မှုတော့ မရှိပါဘူး။
NP – မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမယ့် တက်လာတဲ့မင်းတွေရဲ့အနောက်ကိုပို့တာလည်း ခံရသလို တခြားဘာသာတွေနဲ့ယှဉ်ရင် နောက်ကိုတွန်းပို့ခံထားရသလိုဖြစ်နေပါတယ်။ ကမ္ဘာကလည်း မြန်မာ ဟာ ဗုဒ္ဓဘာသာခံစစ်နိုင်ငံလို့ ဆိုကြတဲ့အပေါ်မှာရော ဆရာတော့်အနေနဲ့ ဘာမိန့်ချင်တာများရှိပါသလဲ ခင်ဗျာ။
ဆရာတော် - တကယ်လည်း ဗုဒ္ဓဘာသာအတွက် မြန်မာနိုင်ငံက ခံစစ်နိုင်ငံပေါ့။ လူသိထင်ရှားဆရာတော် ကြီးတွေ စာသင်ကျောင်းတိုက်ကြီးတွေ ရှိသလို တဖက်မှာလည်း မထင်မရှားနဲ့သာသနာအတွက် အစစ အရာရာစွန့်လွှတ်ပြီးတော့မှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သံဃာတော်ကြီးပုဂ္ဂိုလ်တွေအများ အပြားကို ရှိပါတယ်။ အဲဒါကြောင့်လည်း သိပ်ပြီးတော့ စိုးရိမ်စရာကြီးတော့မရှိပါဘူး။ လုပ်ချင်တိုင်းလည်း လုပ်လို့မရသလို ပျက်ချင်တိုင်းလည်း မပျက်ပါဘူး။ တချို့ပျက်ချင်တဲ့ဟာလည်း ပျက်မှာပေါ့ မပျက်တာ လည်း မပျက်ပါဘူး။ တကယ့်ကို ထင်ပေါ်ကျော်ကြားတဲ့ဆရာတော်တွေ မရှိဘူးဆိုရင်တောင် မထင်မရှားနဲ့ တကယ်ကို ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကိုရင်လေးတွေကအစ ရဟန်းသံဃာတွေ သီလရှင်တွေ ယောကီတွေ အဆုံး မြန်မာနိုင်ငံမှာ အများအပြားတော့ရှိနေပါတယ်။ အပေါ်ယံကတော့ များပေမယ့်လည်း မြန်မာနိုင်ငံမှာ အများအပြားတော့ ရှိနေတာပေါ့။ အဲဒါကိုနားလည်ဖို့သဘောပေါက်ဖို့တော့ ခက်ခဲ့တယ်။ နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်တဲ့သူတွေဟာ မြန်မာ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကိုဝင်ပြီးတော့ ကူညီကြတာတွေကလည်း အလွန်များပြားသလို အသိဉာဏ်ထက်တဲ့သူတွေ နိုင်ငံခြားသားတွေလည်း ဝင်ပါလာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကလည်း ချက်ချင်းကြီးတော့ မရင့်ကျက်သေးပေမယ့် အချိန်တန်တဲ့အခါကျရင်တော့ ရင့်ကျက်လာကြမှာပါ။ အဲဒီ တော့ ဖျက်ဆီးတာတွေကလည်း ဖျက်ဆီးမှာပဲ။ နိုုင်ငံတံခါးပွင့်သွားတော့ ပိုပြီးများပြားလာမယ် အန္တရာယ် တွေလည်းများပြားလာပေမယ့် တဖက်မှာလည်း ကာကွယ်စောင့်ရှောက်တာတွေကလည်း လူမျိုးကြောင့် နိုင်ငံကြောင့်ရယ် မဟုတ်ဘဲ ဗုဒ္ဓဘာသာကိုတန်ဖိုးထားလို့ စောင့်ရှောက်ပြီးတော့ ကောင်းမှုကုသိုလ်ပြု လုပ်တဲ့ နိုင်ငံခြားသားတွေလည်း ရှိလာမှာပါပဲ။ အဲဒါကြောင့်လည်း ဂရုစိုက်ရမှာဖြစ်ပေမယ့် အထူးတလ ည်ကြီးတော့ စိုးရိမ်စရာကြီး မရှိပါဘူး။ ဒါပေမယ့် အားသာချက်၊ အားနည်းချက်ကတော့ ရောနေပါတယ်။ ကိုယ့်ရှု့ထောင့်တစ်ခုတည်းကတော့ ကြည့်လို့မရဘူးပေါ့။ ထုံးတမ်းစဉ်လာအတိုင်းဆိုရင်တော့ စာသင်သား လေးတွေတော့ နည်းသွားတယ်။ နိုင်ငံရပ်ခြားကိုတော့ သာသနာက ပိုတော့ပြန့်သွားတာပေါ့။ ပရဟိတ လုပ်တဲ့နိုင်ငံခြားသားတွေရော မြန်မာနိုင်ငံသားတွေရော ပိုပြီးတော့ များလာတာပေါ့။ အဲဒီတော့ တဖက်မှာ အားနည်းသွားတယ်ဆိုပေမယ့် တဖက်မှာအားသာတယ်ဆို အဲဒီအားသာတာချက်ကိုအခွင့်ကောင်းယူပြီး ပြည်စုံအောင်ထောက်ပံ့ပေးထားတဲ့ စာသင်သားလေးတွေမွေးထုတ်ဖို့လုပ်ယူတာမျိုးကလည်း တရား သဘောအရ ဇွတ်အတင်းကြီးလုပ်ယူတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဖြစ်ချိန်တန်ရင် ဖြစ်လာအောင်လို့ တရား အားကိုးပြီးကြိုးစားဆောင်ရွက်တာတွေကလည်း ပြည်တွင်းမှာရောပြည်ပမှာပါ ဖြစ်လာမယ်လို့ ဆရာတော့် အနေနဲ့ ယုံကြည်ထားပါတယ်။ အဲဒါကြောင့်လည်း ဘာသာတရားက ဒီလောက်ထိနှစ်ပေါင်းများစွာ ခိုင်မာ လာပြီဖြစ်တဲ့အတွက် ဘာသာတရားထက် နိုင်ငံရေးအခြေအနေကသာ ပိုပြီး စိုးရိမ်ပူပန်စရာတော့ဖြစ်မှာ ပေါ့။ လူတွေ စိုးရိမ်သလောက်မထင်ပါဘူး။ နာမည်မခံဘဲ မထင်မရှားဘဲ ကောင်းမှုကုသိုလ်တွေပြုလုပ်နေ တာတွေလည်း အများကြီးရှိပါတယ်။
NP – ဆရာတော့်အနေနဲ့ ပြည်သူတွေအကုန်လုံးအပေါ် ဘယ်လိုမျိုး မေတ္တာစကားမျိုး ပြောချင်တာများရှိပါ သလဲ ခင်ဗျာ။
ဆရာတော် - ဆရာတော့်အနေနဲ့တော့ ယောကီနည်းလမ်းနဲ့ဖြေရှင်းတာမျိုး ဆန္ဒပြတာမျိုးတို့ လက်နက်အ ချင်းချင်း ပြန်လည်ခုခံကာကွယ်တာမျိုး၊ အပြန်အလှန်လက်စားချေတာပဲဖြစ်ဖြစ် ဒီလိုလုပ်နေကြတာက လည်း အစဉ်အလာကိုဖြစ်နေတာပေါ့။ ဒါကိုတော့ ရှောင်လို့လည်းမရသလို တားလို့လည်းမရဘူး လုပ်တော့ လုပ်နေကြမှာပါပဲ။ ဒါပေမယ့် တဖက်မှာလည်း တရားအားထုတ်တဲ့ယောကီတွေပါ ဒီထဲမှာပါနေတာသလို ယောကီနဲ့ပတ်သက်တဲ့ သားသမီးတွေပါ ပါနေကြတော့ တရားအားကိုးစေချင်တာပါ။ ကောင်းမှုကုသိုလ် တွေကို ဒီအချိန်မှာလုပ်နိုင်သလောက် အစွမ်းကုန်သာလုပ်ပေါ့။ အကယ်၍ လုပ်လို့မရဘူးဆိုရင် သံဃာ တော်တွေ ဆရာတော်တွေ ဆီမှာ လာလုပ်ပေါ့။ ဒီလိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီမှာကတော့ လုပ်စရာများ တယ်။ ဒီလိုလုပ်နေကြဖြစ်တဲ့အတွက်လည်း ဆရာတော်တို့အနေနဲ့တော့ ဒီလိုပြဿနာတွေရဲ့ဒဏ်ကိုခံ လည်း ခံနိုင်သလို ဘေးအန္တရာယ်တွေကိုလည်း ရင်ဆိုင်နေကြလုပ်နေကြဆိုတော့ ရိပ်သာအနေနဲ့ကတော့ မခက်ခဲပါဘူး။ တဖက်မှာလည်း အဆိုးဆုံးတွေဖြစ်နေကြတယ်။ ရှေ့ဆက်ပြီးတော့လည်း အဆိုးဆုံးတွေ ဖြစ်လာနိုင်တယ်လို့ပဲ မျှော်လင့်လို့ရနေတယ်ဆိုတော့ ဆရာတော့်အနေနဲ့တော့ တားလို့မရမယ့်အတူတူ ကံဆိုတာကလည်း ဒီလိုလုပ်မှရမယ်ဆိုတာမျိုးတွေလည်းရှိတယ်။ ရိပ်သာမှာတောင် စိတ်ကိုမထိန်းနိုင်လို့ ခြေလွန်လက်လွန်လုပ်ကြတာတွေ ဘယ်လိုမှပြောဆို မရတာတွေရှိသလို အပြင်မှာလည်း ရှိကြတာပဲ။ အဲဒီလိုကိစ္စတွေထဲမှာ ဝင်ပါတဲ့သူတွေနည်းသွားအောင်လို့ တတ်နိုင်သလောက်တော့ ဆွဲခေါ်မယ်။ နောက် တစ်ခုကတော့ ဒီလိုကိစ္စတွေကြောင့် ဒုက္ခရောက်တဲ့သူတွေရှိတယ်။ ကျူးကျော်တွေကိုမောင်းထုတ်တာ ရှိတယ်။ ဝန်ထမ်းတွေအလုပ်ပြုတ်လို့ နေစရာမရှိတာတွေဖြစ်တယ်။ နောက်တစ်ခုက ဝင်ငွေမရှိဘူး။ စားစရာမရှိဘူး။ အဲဒီလိုသူတွေရပ်တည်နိုင်အောင် နေစရာတွေ၊ အဆောက်အအုံတွေ စီစဉ်ပေးဆောက် ပေးတယ်။ ဒါတွေကို တာဝန်ယူနိုင်တဲ့သူက ယူပေါ့။ လှူနိုင်တဲ့သူက လှူဒါန်းကြပေါ့။ တဖက်ကလည်း ဆရာတော်တို့က ရိပ်သာမှာရှိတဲ့ လူပေါင်း ၄ဝဝဝ ကျော်ကို စားစရာကျွေးဖို့ကိစ္စတွေကိုလည်း ဆရာတော် တို့က ဆွမ်းခံကျွေးတာပေါ့။ ရိပ်သာအသစ်တွေကို တိုးချဲ့ဖွင့်ပေးတယ်။ ရိပ်သာ ပတ်ဝန်းကျင်က စားဝတ် နေရးအဆင်မပြေတဲ့သူတွေကိုပေးနေတယ်။ စားစရာပေးတယ်။ ဆေးကုပေးတယ်။ ဒီလိုကောင်းမှုကုသိုလ် တွေကိုအကြီးအကျယ်လုပ်တာပေါ့။ မနက်ဆိုရင်လည်း ရိပ်သာမှာ တရားထိုင်တယ် တရားနာတယ်၊ အစည်းအဝေးတွေလုပ်တယ်။ ငြိမ်းချမ်းရေးလုပ်တယ်။ စုပေါင်းပြီးဖြေရှင်းတယ်။ ကိုယ့်ဘာသာ ကိုယ်မခံနိုင်ဘူးဆိုရင် စုပေါင်းမျှဝေပြီး ခံစားကြတယ်။ ဖြေရှင်းကြတယ်။ ခံစားချက်ကို ဘုရား တရား သံဃာ အရိပ်ခိုတယ်ပေါ့။ ဒီလိုကောင်းမှုကုသိုလ်အလုပ်တွေကို လုပ်နိုင်သလောက် အစွမ်းကုန်ပြုလုပ်ပြီးတော့ ဒီကပ်ဘေးကြီး ရောဂါဘေး၊ လက်နက်ဘေး၊ အငတ်ဘေးကြီးကို အမြန်ဆုံးပြီးဆုံးသွားအောင်လို့ တတ်နိုင်သလောက် ပူူးပေါင်းပါဝင်ဆောင်ရွက်စေချင်တယ်လို့ မိန့်ကြားရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်။

တင်ပါ့ဘုရား။ အခုလိုရှင်းပြ မိန့်ကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Related news

© 2021. All rights reserved.