ကိုရီးယားနိုင်ငံမှမြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၁.၃) သန်း လှူဒါန်း

 598

ဟိန်း (NP News) ဇွန်- ၁၀

ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့မှတဆင့် အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းကြောင်း UNHCR Myanmar မှ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ၏ လှူဒါန်းမှုအား ၂၀၂၁ ခုနှစ်တစ်လျှောက်တွင် မြန်မာနိုင်ငံအတွင်း အကူအညီ အထူး လိုအပ်နေသည့် နေရာဒေသများ၌ UNHCR နှင့် WFP တို့ ဆောင်ရွက်ကြမည့် အထောက်အပံ့လုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ လှူဒါန်းမှုသည် မြန်မာနိုင်ငံတစ်၀ှမ်းလုံးရှိ ထိခိုက်ခံစားနေရသည့်ပြည်သူများအတွက် UNHCR မှ အသက်ကယ်အကူအညီများနှင့် အရေးပေါ်အကူအညီများ ပိုမိုပေးအပ်နိုင်ရန် အားထုတ်လုပ်ဆောင်မှု အတွက် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးရှိ အနွမ်းပါးဆုံးနှင့် ထိခိုက်အလွယ်ဆုံးသောမြို့နယ်များတွင် မြင့်တက်လာနေသည့် အငတ်‌ဘေးကို ဖြေရှင်းရန် အရေးပေါ် စားနပ်ရိက္ခာ အထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ်ကြောင်း UNHCR က ပြောသည်။

ရခိုင်ပြည်နယ်ရှိ စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် ရိုဟင်ဂျာလူမှုအသိုက်အဝန်းများ အပါအဝင် လူဦးရေ ၃၅,၀၀၀ ကျော်အား ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် WFP မှ လစဉ်‌ပေးအပ်နေသည့် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ သို့မဟုတ် ငွေသား အထောက်အပံ့များကို ထပ်မံအားဖြည့်ပေးမည်ဖြစ်ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.