ထိုင်းနိုင်ငံထဲ ခိုးဝင်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံရ

800

ဝတီ (NP News) - ဇွန် ၁၁
လူမှောင်ခိုကူးသည့် ထိုင်းနိုင်ငံသားနှစ်ဦးနှင့် ခိုးဝင်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၂၈ ဦးကို ထိုင်းအာဏာပိုင်အဖွဲ့က Sangkhla Buri ခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဇွန်လ ၁၁ ရက်ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
အလုပ်သမားများကို ထိုင်းနိုင်ငံထဲ တရားမဝင် ခေါ်သွင်းခအဖြစ် အလုပ်သမားတစ်ဦးလျှင် ဘတ် ၂ဝဝဝဝ ကောက် ခံကြောင်း ဖမ်းဆီးခံရသည့် လူမှောင်ခိုကူးသူတစ်ဦးက ဝန်ခံသည်ဟုရဲတပ်ဖွဲ့က ပြောသည်။
ယာဉ်မောင်းမူမမှန်သဖြင့် ရဲနှင့် စစ်သားများပါဝင်သည့် အဖွဲ့က ကားတစ်စီးကို ဇွန်လ ၁၁ ရက်အစောပိုင်းက စစ်ဆေးရာ ကားအတွင်း မြန်မာအမျိုးသားနှစ်ဦးကို ကုန်ပစ္စည်းများအောက်တွင် ရှာတွေ့သွားခဲ့ပြီး ထိုလူနှစ်ဦးကို ဘုရားသုံးဆူတောင်ကြားလမ်းမှ တင်ခေါ်လာခြင်းဖြစ်ကာ ဘန်ကောက်အထိခေါ်သွားရန် စီစဉ်ထားကြောင်း အသက် ၂ဝအရွယ်ယာဉ်မောင်းက ဝန်ခံခဲ့သည်။ ၎င်းအနေဖြင့် ယခင်ကလည်း ယခုကဲ့သို့နှစ်ကြိမ်လုပ်ခဲ့ဖူးကြောင်းဆက်လက်ထွက်ဆိုခဲ့သည်။
ထိုင်းဘက်ခြမ်းထဲထိရောက်ရန် တောလမ်းမှလာခဲ့ခြင်းဖြစ်ပြီး ကားလာခေါ်သည်အထိ စောင့်နေခဲ့ရကြောင်း ခိုးဝင်မြန်မာနှစ်ဦးက ပြောသည်။
စစ်ဆေးရေးအဖွဲ့က ၎င်းတို့အားလုံးကို ကျန်းမာရေးစစ်ဆေးပေးပြီးနောက် လိုအပ်သည့် အရေးယူမှုများလုပ်နိုင်ရန်အတွက် Sangkhla Buri ရဲစခန်းသို့ ပို့လိုက်ပြီဖြစ်ကာ ခိုးဝင်မြန်မာ ၂၆ ဦး ပြွတ်သိပ်လိုက်ပါလာသည့် အခြားကားတစ်စီးကိုလည်း အထက်ပါစစ်ဆေးရေးအဖွဲ့က ရှာဖွေဖော်ထုတ်နိုင်ခဲ့သေးကြောင်းသိရသည်။ ၎င်းတို့ကိုလည်းလိုအပ်သည့် အရေးယူမှုများလုပ်နိုင်ရန်အတွက် Sangkhla Buri ရဲစခန်းသို့ ပို့လိုက်ပြီဖြစ် ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
#NPNews