ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအတွက် သေရေး၊ ရှင်ရေး ရက်သတ္တပတ် စတင်ပြီ

 578

သုတကျော် (NP News)
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီ ရုံးခန်းများ သတ်မှတ်အရေအတွက်ပြည့်မီရေး ဆောင်ရွက်ပြီး နောက်ဆုံးတင်ပြရမည့် နေ့ရက်နှင့် ပတ် သက်၍ ထုတ်ပြန်အသိပေးပြီးနောက် ရွေးကောက်ပွဲမဝင်မီ နိုင်ငံရေးပါတီများအတွက် သေရေး၊ ရှင်ရေး ရက်သတ္တပတ်မှာ မကြာမီစတင်တော့မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါတီများ အားလုံး ပါဝင်နိုင်ရေးအတွက် ရည်မှန်းကာ ပါတီဝင် ဦးရေပြည့်မီစေရေးနှင့် သတ်မှတ်ပါတီရုံးခန်း အရေအတွက် ပြည့်မီအောင်ဖွင့်လှစ်နိုင်ရေး အချိန်မီ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများသို့ ကြိုတင်အကြောင်းကြား ခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စာအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၅)ပုဒ်မခွဲ (စ)နှင့် (ဇ) တို့အရ နိုင်ငံ ရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး ကော် မရှင်သို့ နောက်ဆုံးတင်ပြရမည့်နေ့ရက်ကို စက်တင်ဘာလ (၉)ရက်ဟု သတ်မှတ်ထားကြောင်း ထုတ် ပြန်ချက်အရ သိရသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ဖြစ် ပါက ပါတီဝင်ဦးရေ အနည်းဆုံး (၅၀ဝဝဝ) ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး (၁၀ဝဝ)ကိုလည်းကောင်း စည်းရုံးရ မည်ဖြစ်ကာ ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ဖြစ် ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံ၌လည်းကောင်း၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး (၅)မြို့နယ်၌လည်းကောင်း ပါတီရုံး ခန်းများ ဖွင့်လှစ်ရမည်ဖြစ်သည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုတစ်ဝန်း လုံးစည်းရုံးမည့်ပါတီ (၉)ပါတီ အတွက် ပိုမိုထိခိုက်နိုင်ဖွယ်ရာ ရှိပြီး ယင်းတစ်နိုင်ငံလုံး အဆင့် ယှဉ်ပြိုင်မည့် ပါတီများထဲတွင် ပြည် ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ၊ ပြည်သူ့ပါတီ၊ ပြည် သူ့ရှေ့ဆောင် ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ စသည်ဖြင့် ပါတီများပါဝင်ကာ ယခုသတင်း ရေးသားသည့် ဩဂုတ်လ (၂၂)ရက်မှ စ၍ ရေတွက်ပါက (၁၇)ရက်သာ ကျန်တော့မည် ဖြစ်သည်။
ယင်းသတ်မှတ်ရက်အတွက် အရေအတွက် ပြည့်မီကြောင်း မတင်ပြနိုင်သည့် နိုင်ငံရေး ပါတီများအနေဖြင့် ဆက်လက်ရပ်တည်ခွင့်မရှိဘဲ ပယ်ဖျက်ခံရနိုင်ကြောင်းလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသော နောက်ဆုံးတင်ပြရမည့်ရက်မှာ နိုင်ငံ ရေးပါတီများဘက်က ကြိုတင်တွက်ဆထားသော ရက်နှင့် ကွာဟသွားခဲ့ကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ဆိုသည်။
“အဓိက သူတို့ကြေညာလိုက်တဲ့ရက်က နိုင်ငံရေးပါတီတွေဘက်က တွက်ထားတဲ့ရက်နဲ့ တော် တော်ကွာဟ သွားတယ်ဗျ။ သူတို့ ပြောတုန်းက ဥပဒေ ပြဋ္ဌာန်းချက်က ရွေးကောက်ပွဲ ကျင်းပမယ့် ရက် ပေါင်း (၉၀)အလိုမှာ ပြည့်မီရမယ်ပြောတယ်။ ကျွန်တော်တို့က ထွက်လာတည်းက ရက်ပေါင်း (၉၀)လို့ တွက် တော့ စက်တင်ဘာ (၂၇)ရက်က ရက်ပေါင်း (၉၀) နဲ့ ကွက်တိပဲ။ အဲဒီလိုဖြစ်မလာဘဲ ကတိုက် ကရိုက် လုပ်ရတော့ တချို့နိုင်ငံရေးပါတီတွေမှာ တော်တော် ကသီလင်တ နိုင်တယ်။ ထုတ်ပြန်ချက် ကလည်း ပြင်းထန်ပါတယ်။ မပြည့်ရင် အရေးယူမယ်ဆိုတာ ထုတ် ပြန်ထားတာကိုး။ မမီနိုင်တဲ့ နိုင်ငံရေး ပါတီတွေက ပြုတ်ကျန်ခဲ့တဲ့ အနေအထားဖြစ်သွားမယ်” ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲအတွက် ထိခိုက် သွားနိုင်သော ပါတီများထဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် စည်းရုံများ ပါတီအများဆုံး မပါဝင်ဘဲ ကျော်ဖြတ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
“ဒီပြဿနာကို ရင်ဆိုင်ရမှာက ပြည် ထောင်စုအဆင့် ပါတီတွေက ရင်ဆိုင်ရမယ်။ ပြည် နယ်နဲ့ တိုင်းပါတီ တော်တော်များများကတော့ လုပ်နိုင်လိမ့်မယ်။ ပြည်နယ်နဲ့ တိုင်းပါတီတွေမှာလည်း အဲဒီ လိုရင်ဆိုင်ရမယ့် အခက်အခဲတွေရှိတယ်” ဟု ၎င်က သုံးသပ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတ်မှတ်ချက် အတိုင်းအဆင်ပြေအောင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
“တစ်လလောက် ကြိုပြောရင်တော့ မဆိုးဘူးပေါ့လေ။ ကိုယ်က စက်တင်ဘာလ (၂၈)ရက်နဲ့ တွက်ထားတာပေါ့။ သို့ပေမယ့်လည်း လကုန် လောက်မှာ အားလုံးပြီးစီးအောင် လုပ်မယ်ဆိုပြီး ပစ်မှတ် ထားလုပ်နေတော့မလိုလည်း၊ လိုလည်း ပြည့်သွားမှာပါ။ တစ်ခုရှိတာက အခက်အခဲ က ပါတီတွေမှာ အခုက တိုင်းပြည်စီးပွားရေးက တော်တော်ဆိုး နေတာကိုး။ ရန်ပုံငွေ ရရှိမှုက အကန့်အသတ်ရှိတယ်။ ရှိစုမဲ့စု စိုက်ထုတ်သုံးစွဲပြီး ကြိုးစားနေရတာပေါ့”ဟု ၎င်းက ဆိုသည်။
လာမည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ် (၁၀၂)မြို့နယ်တွင် ရွေး ကောက်ပွဲ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားရာ ယင်းမြို့နယ်များထဲတွင် ကချင်ပြည်နယ်မှ (၆)မြို့နယ်၊ ကယားပြည်နယ်မှ (၂)မြို့နယ်၊ ကရင်ပြည်နယ်မှ (၃)မြို့နယ်၊ ချင်းပြည်နယ်မှ (၂) မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၂)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ (၄)မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးမှ (၈) မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ (၉) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ (၈)မြို့နယ်၊ မွန်ပြည်နယ်မှ (၅) မြို့နယ်၊ ရခိုင်ပြည်နယ်မှ (၃) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၂)မြို့နယ်၊ ရှမ်းပြည်နယ်မှ (၁၂)မြို့ နယ်၊ ဧရာဝတီမှ(၈) မြို့နယ် နှင့် နေပြည်တော်ကောင်စီနယ်မြေမှ (၈)မြို့နယ် ပါဝင်သည်။
“သူက အပိုင်း (၁)၊ အပိုင်း (၂)၊ အပိုင်း (၃) လုပ်ကြတဲ့နေရာမှာ ကျွန်တော့်အမြင်ပေါ့နော်။ မှား ကောင်းမှားနိုင်ပါတယ်။ ရွေးကောက်ပွဲ မဲပေးစက် ရွှေ့ပြောင်းဖို့ လွယ်ကူနိုင်တဲ့အနေအထားကို လုပ်ကြ တာလားဆိုတာ တစ်ချက်ပေါ့နော်။ နောက်တစ်ချက်ကလည်းပဲ လိုအပ်ချက်အရ သက်ဆိုင်ရာ နယ်မြေ တွေကို ခွဲခြားပြီးတော့ လုပ်ဆောင်တယ်လို့ မြင်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ၎င်း၏ ပုဂ္ဂလိက အမြင်ကို ပြောကြားသည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းအတွက် ပြည်ထောင်စု ရွေးကောက်ပွဲနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ သာ သိမည်ဖြစ်သော်လည်း မမြင်နိုင်သော အကြောင်းများလည်းရှိနိုင်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဆွေက ဆိုသည်။
“Easy Going လုပ်လို့ရတာကို သိပ်မလုပ်ဘဲ အချိန်မရွေးလုပ်လို့ရတဲ့နေရာဆိုပြီး ထားတာ လည်း ဖြစ်ချင်ဖြစ်မယ်။ ကျန်တဲ့နေရာတွေကို မျှပြီးသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ လုံခြုံရေးရယ် ဖိဖိစီးစီးနဲ့ အောက်မှာ ရှိတဲ့သူတွေကို ထွေအုပ်တို့က ပူးပေါင်းပြီး လုပ်ရမယ်ပြောတာဖြစ်တဲ့အတွက် အပိုင်း (၁)နဲ့(၂) ဆိုပြီး ခွဲလုပ်တာလို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:

Related news

© 2021. All rights reserved.