မွန်ဘိုင်းတွင် လူနေအဆောက်အဦးပြိုကျမှုကြောင့် ကလေး ၈ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံး

 399

ရောင်နီ (NP News)- ဇွန် ၁၁
အိန္ဒိယနိုင်ငံအနောက်ပိုင်း မွန်ဘိုင်းမြို့ရှိ လူနေအဆောက်အဦးတစ်ခု ပြိုကျခဲ့ပြီးနောက် ကလေး ၈ ဦး အပါအဝင် လူအနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။ ပြိုကျမှု အပျက်အစီးများကြား လူအများအပြား ပိတ်မိနေမည်ကို စိုးရိမ်ခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဆောက်အဦး ပြိုကျခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားသည်။ အဆိုပါ မတော်တဆမှုသည် Malad’s Malwani ဧရိယာ၊ Abdul Hamid လမ်းရှိ New Collector Compound တွင် ည ၁၁နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လူနေအဆောက်အဦးပြိုကျခဲ့ပြီးနောက် မကြာမီ မီးသတ်တပ်ဖွဲ့များ ရောက်ရှိလာခဲ့ပြီး ဒေသခံရဲများ၏ အကူအညီဖြင့် အပျက်အစီးများကြား ပိတ်မိနေသူ ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ မတော်တဆမှုအ နီးအနားရှိ အခြားအဆောက်အဦးသုံးခုသည်လည်း အန္တရာယ်များသည့် အခြေအနေတွင်ရှိနေပြီး နေထိုင်သူများကို ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရကြောင်း Brihanmumbai မြူနီစီပယ်ကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။ ပြိုကျခဲ့သည့် အဆောက်အဦးကို Mohammad Rafiq ကပိုင်ဆိုင်ပြီး ၎င်း၏မိသားစုဝင် ၉ ဦး သေဆုံးခဲ့ကာ ၎င်းနှင့်သားတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းသိရသည်။

လာမည့်နေ့များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုများရှိလာနိုင်ခြင်းကြောင့် ယင်းဒေသရှိ ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများမှ နေထိုင်သူများကို ရွှေ့ပြောင်းခဲ့ရကြောင်း အရာရှိများက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့၏နေရာများစွာတွင် ရေလျှံမှုများဖြစ်လာနိုင်သည့် သတိပေးချက်များစွာရှိနေပြီး ယခုအဖြစ်အပျက်အတွက် ရဲတပ်ဖွဲ့ကသင့်လျော်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အကြီးတန်းအရာရှိ Dilip Sawant ကဒေသခံမီဒီယာကို ပြောသည်။
#NPNews

Related news

© 2021. All rights reserved.