ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး(၁၂)ဦးသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရမှု တရုတ်အလယ်ပိုင်းမှာ ဖြစ်ပွား

 366

မိုးတိမ် (NP News) - ဇွန် ၁၃
ဂက်စ်ပိုက်လိုင်းတစ်ခု ကြီးမားတဲ့ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ(၁၂)ဦးသေဆုံးပြီး ရာနဲ့ချီတဲ့လူထု ဒဏ်ရာရခြင်း၊ ပျောက်ဆုံးနေခြင်းများ တရုတ်နိုင်ငံအလယ်ပိုင်း ရှီယန်မြို့မှာ ဒီကနေ့(ဇွန်လ ၁၃)က ဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ(၁၃)ရက် နံနက်ပိုင်းမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ကျန်းဝမ်ခရိုင်၊ ရှီဟန်မြို့မှာတော့ ရှားပါးတဲ့ဖြစ်ရပ်တစ်ခုလို့လည်း ဆိုကြပါတယ်။ နံနက်(၆)နာရီခွဲလောက်ကတည်းက လူနေရပ်ကွက်အိမ်ရာတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာက ဇွန်လ(၁၃)ရက် ညနေ(၆)နာရီလောက်အထိ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ မပြီးစီးနိုင်တဲ့အထိ ကြီးမားခဲ့တာလို့လည်း သိရပါတယ်။ လတ်တလောမှာတော့ သေဆုံးသူအနည်းဆုံး(၁၂)ဦးအထိ ရှိလာနေပြီး ဒဏ်ရာရသွားသူ(၁၃၈)ဦးအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေတဲ့၊ ကယ်ဆယ်ထုတ်နေရဆဲ ပြည်သူတွေများစွာရှိနေသေးတယ်လို့ တရုတ်မီဒီယာတွေဖြစ်တဲ့ CGTN နဲ့ ဆင်ဟွာတို့က ဖော်ပြလာပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆောက်အဦးဟာ ၁၉၉၀ ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး အောက်နှစ်ထပ်က ဈေးအဖြစ် ထားရှိသလို အိမ်ထောင်စုပေါင်း (၉၀၀)ကျော်နဲ့ လူဦးရေပေါင်း(၂၀၀၀)ကျော်နေထိုင်တယ်လို့လည်း ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို တရုတ်မီးသတ်တပ်ဖွဲ့ဝင်ပေါင်း (၁၇၀)ကျော်၊ မီးသတ်ကားပေါင်း(၃၈)စီးနဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ်(၆)စီး အပါအဝင် ရှာဖွေရေးခွေးများကိုပါ ထည့်သွင်းအသုံးပြုထားရတယ်လို့လည်း နာရီပိုင်းအလိုက် တရစပ်တင်ဆက်ပေးနေတဲ့ CGTN က ဆိုပါတယ်။ အခင်းဖြစ်စဉ်ကို မြို့တော်ဝန်ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး အချိန်ပြည့်ပါဝင်လှုပ်ရှားပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကိုသာ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး ဘာကြောင့်ပေါက်ကွဲမှုဖြစ်သလဲဆိုတဲ့အကြောင်းအရင်း ဇစ်မြစ်ရှာဖွေမှုကိုတော့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ပြီးမှသာ ဆက်လက်လုပ်သွားမယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Related news

© 2021. All rights reserved.