အိန္ဒိယရှိ ဘင်္ဂါလီဒုက္ခသည်စခန်း မီးလောင်ပြာကျသွားသဖြင့် ရာပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်

 940

ဝတီ (NP News)- ဇွန် ၁၄
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဘင်္ဂါလီ (မူရင်းတွင် Rဂျာဟု ရေးထား) ဒုက္ခသည်စခန်းတွင် မီးအကြီးအကျယ်လောင်သဖြင့် ဒုက္ခသည်ပေါင်းရာပေါင်းများစွာ နေရာစရာ၊ ထိုင်စရာမရှိ ဖြစ်သွားကြောင်း ဇွန်လ ၁၃ ရက်အယ်လ်ဂျာဇီးရားသတင်းတွင် ဖော်ပြထားသည်။

မီးသည် ဇွန်လ ၁၂ ရက်နေ့က လောင်ကျွမ်းခြင်းဖြစ်ပြီး စခန်းတစ်ခုလုံးဆီ အလျင်အမြန်ကူးစက်သွားကာ တဲပေါင်း ၅၅ ခုပြာကျသွားခဲ့ကြောင်းသိရသည်။ အဆိုပါမီးလောင်မှုတွင် သေဆုံးသူ သို့မဟုတ် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူမရှိဟု သတင်းတွင် ဖော်ပြထားသည်။ ယင်းဒုက္ခသည်စခန်းသည် ၂ဝ၁၈ ခုနှစ်ကလည်း မီးလောင်ပြာကျသွားခဲ့သေးသည်။ ၆ နာရီခန့်ကြာ ငြှိမ်းသတ်လိုက်ပြီးမှသာ မီးညွန့်ကျိုးသွားသည်ဟု ယခုမီးလောင်မှုနှင့်ပတ်သက်ကာ မီးသတ်ဌာနကပြောသည်။

ထိုစခန်းသည် မိသားစုပေါင်း ၅၅ ခု ပြွတ်သိပ်နေထိုင်နေသည့် စခန်းဖြစ်ပြီး နေစရာ၊ စားစရာအတွက် ကူညီပေးကြရန် မီးဘေးဒုက္ခသည်များက အစိုးရနှင့် လူမှုအဖွဲ့အစည်းများကို ပန်ကြားထားသည်။ မီးလောင်ရခြင်းအကြောင်း ရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ဒုက္ခသည်အချို့ကမူ ယင်းသည် ရှို့မီးဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

အိန္ဒိယတလွှားရှိ အချို့မြို့ကြီးများတွင် မည်သည့်အထောက်အထားမှမရှိဘဲ နေထိုင်နေသည့် ဘင်္ဂါလီဒုက္ခသည် စုစုပေါင်း ၄ဝဝဝဝ ခန့်ရှိပြီး မြန်မာစစ်တပ်က ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းသဖြင့် ဘင်္ဂါလီပေါင်း ၇၅ဝဝဝဝ ကျော်သည် ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြရကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကြီးတွင် ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂါလီဒုက္ခသည်ပေါင်း တစ်သန်းကျော်လက်ခံပေးထားသည့်အပြင် ဘင်္ဂါလီဒုက္ခသည်အများအပြားသည် အိန္ဒိယနှင့်မလေးရှားအပါအဝင် အိမ်နီးချင်းအာရှနိုင်ငံများတွင်လည်း ခိုလှုံလျက်ရှိကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.