G7 အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို

 593

ဂျန်ဇက် (NP News) - ဇွန် ၁၄
ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံများအဖွဲ့G7အဖွဲ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အာဏာ သိမ်းမှုနှင့် အရပ်သားများအပေါ်အကြမ်းဖက်ဖြိုခွင်းမှုများအပေါ် ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ ဗြိတိန်တွင် ကျင်းပခဲ့သည့် ၄၇ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးထည့်သွင်းဆွေးနွေးခဲ့စဉ် G7 အဖွဲ့ဝင်အဖွဲ့ဝင်ခေါင်းဆောင်များက ယခုကဲ့သို့ပြစ်တင်ရှုတ်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

G7အဖွဲ့ဝင်ခေါင်းဆောင်များက "မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်ဖြိုခွင်းတွေအပေါ် အပြင်းထန်ပြစ်တင်ရှုတ်ချပါတယ်။ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ် ပေးစေလိုပါတယ်။ မြန် မာနိုင်ငံမှာဒီမိုကရေစီပြန်ရရှိရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီထောက်ပံ့ပေးသွားမယ်"ဟု ပြောသည်။

ထို့ပြင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးက အဓိကကဏ္ဍကပါဝင်ခြင်းကို လက်ခံကြိုဆိုကြောင်း၊ အာဆီယံအဖွဲ့သဘောတူညီထားသည့် အချက်ငါးချက်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ၊ စစ်ကောင်စီကို အကျိုးဖြစ်စေမည့် ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့မှုနှင့် လက်နက်ရောင်းချခြင်းမျိုးလုပ်ဆောင်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ မလုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းကြောင်း G7 အဖွဲ့ဝင်ခေါင်းဆောင်များပြောသည်။

G7 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေး ရေးနှင့်ပတ်သက်ပြီး စိုးရိပ်မိကြောင်း၊ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးလာသူများနှင့် အကူအညီ လိုအပ်နေသူများကို အနှောင်အဖွဲ့ကင်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးမှုများ ပေးနိုင်ရန် တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာတုန့်ပြန်အကူညီပေးရေးအစီအစဉ် (Humanitarian Response Plan) နှင့် အခြားအဖွဲ့အစည်းများထံမှတဆင့်ကူညီထောက်ပံ့ရေးကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဗြိတိန်တွင်နေထိုင်သည့် မြန်မာနိုင်ငံသားထောင်ချီကလည်း ပြီးခဲ့သည့်ရက်ပိုင်းက G7 အစည်းအဝေးကျင်းပရာနေရာကို စုံရုံးရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.