KNDO မှ အရပ်သားများအား သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်၍ KNU ဗဟိုဌာနချုပ်က စုံစမ်းနေကြောင်း ထုတ်ပြန်

 974

NP News - ဇွန် ၁၆

KNDO မှ အရပ်သားများအား သတ်ဖြတ်ခဲ့သည် ဟူသော သတင်းနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ်က စုံစမ်းနေကြောင်း ယနေ့ ဇွန်လ ၁၆ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာဒေသဖြစ်သော ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ကနဲလေး- မောခီး ကြားရှိ အူးဟူ ချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်တွင်KNDO မှ အရပ်သားပြည်သား ၂၅ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟူသော ရုပ်သံဖိုင်နှင့် သတင်းများသည် ပြီးခဲ့သည့် ဇွန် ၁၃ ရက်မှ စတင်၍ လူမှုကွန်ရက်နှင့် သတင်းမီဒီယာအချို့တွင် ပျံ့နှံ့ ခဲ့သည့်သတင်းနှင့်ပတ်သက်၍ KNU ဘက်က ပြန်လည်ဖြေရှင်းခဲ့သည်။

"ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အရပ်သားများတို့ကို သတ်ဖြတ်သည့်ဖြစ်စဉ်များတို့ကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာပြီး ထိုကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်ပြီး မိမိတို့၏ သက်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူမှုများပြုလုပ်ရန် သတ်မှတ်ချက်များရှိသည်။

ထို့ကြောင့် အဆိုပါဖြစ်ရပ် အမှန်ပေါ်ပေါက်ရေးအတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်း အရုံး(ဗဟို) မှ နေ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်ဟု" ရေးသားထုတ်ပြန်ခဲ့သည်။

၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှု ရလာဒ်များကိုလည်း ပြည်သူများထံ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

လူမှုကွန်ရက်တွင် KNDO က စစ်တပ်နှင့်ပူးပေါင်းလိုခြင်းမရှိသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းသည်ဟု ပျံ့နှံ့လျက်ရှိပြီး ရုပ်သံဖိုင်ထဲတွင် လူသားအချင်းချင်း ရက်စက်စွာ သတ်ဖြတ်ထားသည် များ ပါဝင်သဖြင့် ကြည့်ရန် မသင့်တော်သော ရုပ်သံဖိုင်တစ်ခုဖြစ်သည်။

#NPNews #KNDO

Related news

© 2021. All rights reserved.