မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ရမည်

 854

ဖူးပြည့် (NP News) - ဇွန် ၁၇
မော်တော်ယာဉ်များတွင်တပ်ဆင်သည့် လက်ရှိဖောင်းကြွနံပါတ်ပြားတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဒေသ သင်္ကေတ၊ ရောက်ရှိအက္ခရာ နှင့် ဂဏန်းများသာပါရှိရာမှ ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသ သင်္ကေတတို့အပြင် မြို့နယ်ကိုယ်စားပြုဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

ထိုသို့ထပ်တိုးထည့်သွင်းခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင်ယာဉ်များတွင် တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်မည့် အပြင် မော်တော်ယာဉ်တည်ရှိသည့်မြို့နယ်ကိုပါ ခွဲခြားသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး ပြည်နယ်ဒေသ သင်္ကေတ၊ မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်တို့ပါရှိသော အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ပထမအဆင့်အနေဖြင့် ကန ဦးမှတ်ပုံတင်ခြင်း၊ နယ်ဝင်၊ အမည်ပြောင်းခြင်း ဆောင်ရွက်သည့် မော်တော်ယာဉ်များနှင့် ပိုင်ရှင်ဆန္ဒအရ ပြောင်းလဲတပ်ဆင်လိုသည့်ယာဉ်များတွင် လာမည့် ဇူလိုင်လဆန်းမှစ၍ ပြောင်းလဲတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပြောင်းလဲတပ်ဆင်ပေးမည့် ဖောင်းကြွနံပါတ်ပြား၏ သတ်မှတ်ဈေးနှုန်းလည်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။

အရပ်သားအစိုးရလက်ထက်တွင်လည်း မော်တော်ယာဉ်၏ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီစစ်ဆေးနိုင်ခြင်း၊ မော်တော်ယာဉ်ရောက်ရှိသည့်နေရာ၊ ဒေသကိုသိရှိနိုင်ခြင်း၊ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်များကို အလွယ်တကူခြေရာခံစိစစ်ဖော်ထုတ်နိုင်ခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ယာဉ်များအား စစ်ဆေးဖမ်းဆီးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည့် Developing Vehicle Registration by Radio Frequency Identification (RFID) စနစ်ကို ဆောင်ရွက်ခဲ့ဖူးသည်။
#NPNews

Related news

© 2021. All rights reserved.