ဂျိုးဘိုင်ဒင်၏ မဟာဗျူဟာအရ အရေးပါသည့် ဥရောပခရီးစဉ်

 606

ကိုလှိုင် - ဇွန် ၁၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြီးခဲ့တဲ့အပတ်က ဥရောပကို ခရီးထွက်ခဲ့ပါတယ်။ ပထမဆုံး အင်္ဂလန်မှာ G7 အစည်းအဝေးတက်ခဲ့ပြီး၊ အဲဒီနောက်မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ခရီးဆက်ခဲ့ပြီတော့ နေတိုး စစ်စာချုပ်အဖွဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အပြီးသတ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်သုံးခုစလုံးက မဟာဗျူဟာအရ အရေးကြီးတဲ့ကိစ္စတွေလို့ဆိုနိုင်ပါတယ်။
G7 အစည်းအဝေးမှာ အရေးအပါဆုံးကိစ္စကတော့ အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံရဲ့ အဂ္ဂမဟာဗျူဟာ စီမံကိန်းဖြစ်တဲ့ BRI ပိုးလမ်းမရပ်ဝန်း စီမံကိန်းကို တန်ပြန်နိုင်ဖို့ Build Back Better World (B3W) လို့ခေါ်တဲ့ အစီအစဉ်ပါပဲ။ ဒါကတော့ ပထဝီစီးပွားရေးမဟာဗျူဟာ သဘောတရား Geo-economic strategic concept တစ်ခုလို့ ဆိုနိုင်ပါတယ်။
Build Back Better ဆိုတာကတော့ ၂၀၀၄ခုနှစ် အရှေ့တောင်အာရှ ဆူနာမီဘေးသင့်ကာလတုန်းက ပြန်လည်ထူထောင်ရေးလုပ်ရာမှာ လူသိများလာတဲ့ စကားလုံးပါ။ အမေရိကန်မှာတော့ ထရမ့်ရဲ့ Make America Great Again ကြွေးကြော်သံကို တုန့်ပြန်ဖို့ ဘိုင်ဒင်က သူ့ရဲ့ မဲဆွယ်ဆောင်ပုဒ်အဖြစ် သုံးခဲ့တာ ဖြစ်ပါတယ်။ သူ သမ္မတ ဖြစ်လာတော့ မဟာဗျူဟာပြိုင်ဘက်ဖြစ်တဲ့ တရုတ်ကို ယှဉ်ပြိုင်ရာမှာ ကမ္ဘာနဲ့ချီပြီး သုံးစွဲလာခဲ့တာပါ။

သူက တရုတ်ကို ဦးတည်ဆန့်ကျင်ဖို့ B3W လုပ်တာလို့တော့ ပေါ်ထင် မပြောပါဘူး။ သူ့ရဲ့ အကြောင်းပြချက်က ကမ္ဘာမှာ ကြီးမားလှတဲ့ ဆင်းရဲချမ်းသာ ကွာဟမှုဟာ ကိုဗစ်ဂယက်ကြောင့် ပိုပြီး ကျယ်ပြန့်လာတယ်။ဖွံ့ဖြိုးဆဲတွေနဲ့ ဖွံ့ဖြိုးပြီးတွေအကြားမှာ အခြေခံအဆောက်အဦ ကွာဟချက်က ဒေါ်လာ ထရီလီယံ ၄၀ကျော်လောက်ရှိနေတယ်။ဒါကိုကုစားဖို့ B3W အစီအစဉ်နဲ့ ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ရာသီဥတု၊ကျန်းမာရေး၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ကျားမ တန်းတူရေး ကဏ္ဍတွေမှာ ဦးစားပေးမယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အမေရိကန်နဲ့ G7အုပ်စု အစိုးရတွေရဲ့ ငွေကြေးနဲ့ စိုက်ထုတ်ရင်းနှီးဖို့ မဟုတ်ပါဘူး။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း IFI တွေနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကိုပဲ ရင်းနှီးမြှုပ်နှံစေမှာဖြစ်ပါတယ်။ အစိုးရတွေက အာမခံချက်တွေပဲ ထုတ်ပေးမှာပါ။ အဲဒီအာမခံချက်ရရင် IFI တွေနဲ့ ဘဏ်ကြီးတွေက ငွေချေးပေးပြီး ပုဂ္ဂလိကတွေက အိမ်ရှင်နိုင်ငံက ဒေသခံတွေနဲ့ပေါင်းပြီး ရင်းနှီးမြှုပ်နှံဖို့ဖြစ်ပါတယ်။ အစိုးရတွေက ထောက်ပံ့ငွေနဲ့ ချေးငွေနည်းနည်းပါးပါးပဲပေးမှာပါ။ ဒါက အမေရိကန်နဲ့ ဂျပန်တို့ လုပ်ဖို့ကြိုးစားနေတဲ့ Blue Dot Network (BDN) ပုံစံကိုယူထားတာဖြစ်ပါတယ်။

လက်တွေ့မှာတော့ BDN တောင်မှ အခုအထိ ရေရေရာရာလုပ်ငန်းမစနိုင်သေးသလို သူ့ထက်ကျယ်ပြန့်တဲ့ B3W ကလည်း ဘယ်ဆီဘယ်ဝယ် မှန်းဆမရသေးတဲ့အနေအထားပါပဲ။ ကိုဗစ်ကာလ တစ်နှစ်ကျော်လာပေမဲ့ အပြီးအပြတ် မနှိမ်နိုင်ဘဲ လှိုင်းသစ်တွေ ထပ်လာနေချိန်မှာ၊ နိုင်ငံအစိုးရတွေ၊ပုဂ္ဂလိက လုပ်ငန်းတွေ အားလုံးလိုလို ငွေပြတ်ပြီးကြပ်တည်းနေကြတာမို့ တောင်မင်းကို မြောက်မင်း မကယ်နိုင်ဖြစ်နေကြတာပါ။ ဘိုင်ဒင်ကိုယ်တိုင်လည်း ဒီစီမံကိန်းမှာ ဒေါ်လာ ဘီလျံ ရာချီသုံးမယ်လို့ပြောပေမဲ့ အမေရိကန်က ဘယ်လောက်ထည့်မယ်၊ ငွေကြေးဘယ်လိုရှာမယ်ဆိုတာတောင် တိတိကျကျ ပြောသွားနိုင်တာ မရှိလေတော့ သူ့ရဲ့ ကျန်တဲ့ သက်တမ်း သုံးနှစ်ခွဲမှာ ဒါကြီးက "လေထိုးလေလျော်" နဲ့များ ပြီးသွားလေမလားလို့ သံသယပွားစရာဖြစ်နေပါတယ်။
နေတိုးထိပ်သီးအစည်းအဝေးမှာတော့ ဘိုင်ဒင်ရဲ့ လိုလားချက်က စစ်ရေးမှာ နေတိုးအားကို ပြန်စုစည်းပြီး ရုရှားနဲ့တရုတ်ကို ရင်ဆိုင်ဖို့ဖြစ်ပါတယ်။ အရင်က နေတိုးရဲ့ မဟာဗျူဟာ သုံးသပ်ချက်မှာ ရုရှားကို အပြုသဘောဆောင် မိတ်ဖက် လို့သတ်မှတ်ထားတာကို ပယ်ဖျက်ပြီး ရုရှားနဲ့တရုတ်ကို ခြိမ်းချောက်မှုအဖြစ် သတ်မှတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်နေတဲ့နေတိုးနိုင်ငံတွေကတော့ တရုတ်ကို ခြိမ်းချောက်မှုလို့သုံးရမှာ တွန့်တုတ်နေကြတဲ့အတွက် စိန်ခေါ်မှုအဆင့်လောက်နဲ့ပဲ ထားလိုက်ရတာတွေ့ပါတယ်။

ပူတင်နဲ့ဆွေးနွေးပွဲကတော့ နှစ်ဘက်စလုံးက "ဆင်ဖမ်းမယ် ကျားဖမ်းမယ်" ကြိမ်းဝါးထားကြလို့ ပွဲကြီးပွဲကောင်းတစ်ခု ပုဝါမရှူ ရေမကူကြေး တိုက်ကြတာတွေ့ရတော့မယ်လို့ မှန်းခဲ့ကြတာပါ။ စီစဉ်ထားတာကလည်း ဒီခေါင်းဆောင်နှစ်ယောက်ကို ဧည့်ခံ စားသောက် အနားပေးချိန်မရှိ ၅နာရီ မာရသွန် ဆွေးနွေးဖို့ဆိုတော့ ဘာတွေများ ရလဒ်ထွက်လာမလဲလို့ စိတ်ဝင်စား နေခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ ဆွေးနွေးပွဲက ၃နာရီပဲကြာပါတယ်။ ဆွေးနွေးတဲ့ ပြဿနာအများစုက တသ်ဘက်နဲ့တစ်ဘက် ညှိမရနိုင်တာကများလေတော့ " သဘောထားတူညီမှုမရှိကြောင်း သဘောတူခဲ့ကြပါသည်"( Agree to disagree ) ဆိုတာတွေနဲ့ပဲ ခပ်မြန်မြန်ပြီးသွားပုံ ရပါတယ်။ သဘောတူတာဆိုလို့ နျူကလီယာ လက်နက်ထိန်းချုပ်ရေး ဆက်လက်ဆွေးနွေးဖို့နဲ့ နှစ်ဘက် တင်းမာမှုကြောင့် ပြန်ခေါ်ထားတဲ့ သံအမတ်တွေ ပြန်ထားကြဖို့ နှစ်ချက်ပဲ ရှိတာ တွေ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အစားအသောက်မပါ ၅နာရီဆိုတာတွေ့တော့ အိန္ဒိယ ပါကစ္စတန် လွတ်လပ်ရေးအကြိုကာလ နှစ်နိုင်ခွဲဝေရေး အဝေမတဲ့ဖြစ်နေကြရာမှာ စိတ်မရှည်တော့တဲ့ ဗြိတိသျှ ဘုရင်ခံချုပ်မောင့်ဘက်တန်က ဟိန္ဒူခေါင်းဆောင် နေရူးနဲ့ မွတ်စလင်ခေါင်းဆောင် ဂျင်းနားတို့ကို သဘောတူညီချက်မရရင် ထွက်မလာစေနဲ့ဆိုပြီး နှစ်ယောက်ထဲ အခန်းတစ်ခန်းထဲမှာ အစာမပေးရေမပေးဘဲ ထည့်ထားခဲ့တာကို သတိရမိပါတယ်။

ခြုံပြီးသုံးသပ်ရရင်တော့ ဘိုင်ဒင်ရဲ့ ဥရောပ ခရီးစဉ်ဟာ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ကို လက်တွေ့ဖော်ဆောင်ဖို့ အစပျိုးလိုက်တာပါ။ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုပေမဲ့ အနည်းဆုံး တော့ မီဒီယာတွေနဲ့ ပြည်သူတွေကို မဟာဗျူဟာအားပြိုင်ပွဲမှာ ရုရှားနဲ့ တရုတ်ကို ရင်ဆိုင်ထိန်းချုပ်ဖို့ သူ့ဘက်မှာလည်း အသိုင်းအဝိုင်းနဲ့ ထောက်ကူပေးမယ့် အင်အားရှိပါတယ်ဆိုတာ ပြသဖို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။

(ရေးသားသူ ကိုလှိုင်သည် နစက၏အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်ပြီး ယခင်က နိုင်ငံရေးသုတေသီတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏လူမှုကွန်ရက်၌ ကန့်သတ်အဖြစ် ဖော်ပြထားမှုကို ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်)

Related news

© 2021. All rights reserved.