ရုရှားနှင့် မြန်မာနိုင်ငံကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း ရုရှားလုံခြုံရေးကောင်စီထုတ်ပြန်
795
ဂျန်ဇက် (NP News) - ဇွန် ၂၂
စစ်ကောင်စီဥက္ကဋ္ဌက ရုရှားအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း နှစ်နိုင်ငံကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေးတိုးမြင့်ရေးအတွက်သဘောတူညီခဲ့သည်ဟု ရုရှားလုံခြုံရေးကောင်စီကသတင်းထုတ်ပြန်လိုက်ကြောင်း themoscowtimes သတင်းဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံပိုင်ရုပ်သံသတင်းဌာနတစ်ခုတွင်လည်း အဆိုပါညီလာခံကိုတက်ရောက်နေသည့် စစ်ကောင်စီဥက္ကဋ္ဌသည် ရုရှားနိုင်ငံထံမှ မြန်မာတပ်မတော်အတွက်စစ်လက်နက်ပစ္စည်းများ အထောက်ပံရရန်နှင့် မဟာမိတ်နိုင်ငံအဖြစ်ပူးပေါင်းဆောင်ရွက်ခွင့်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာနိုင်ငံအပေါ် စစ်လက်နက် ပစ္စည်းတင်သွင်းရောင်းချခြင်းပိတ်ပင်ရန် ကုလသမဂ္ဂညီလာခံတွင် ဆုံးဖြတ်ချက်အပေါ်မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်ရက်ပိုင်းအကြာတွင် စစ်ကောင်စီဥက္ကဋ္ဌသည် ရုရှားနိုင်ငံကိုသွားရောက်ခဲ့ခြင်းဖြစ်သည်။
ရုရှားလုံခြုံရေးကောင်စီကသတင်းထုတ်ပြန်ရာတွင် ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ Nikolai Patrushev သည် စစ်ကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကိုပြည်ပနိုင်ငံများကြားဝင်စွက်ဖက်မှု၊ ဒေသအတွင်းလုံခြုံ ရေးနှင့်ပတ်သက်သည့် ကိစ္စများအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုခရီးစဉ်သည် ယင်းအတွက် မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း ပြည်ပနိုင်ငံကို ထွက်ခွါသည့် ဒုတိယအကြိမ်မြောက်ခရီးစဉ်လည်းဖြစ်သည်။ ရုရှားနိုင်ငံသည် စစ်ကောင်စီအပေါ်အနောက်အုပ်စုများက ပိတ်ဆို့မှုချမှတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများသည် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဧပြီလကသတိပေးခဲ့ဖူးသည်။
ရုရှားအစိုးရကမြန်မာနိုင်ငံတွင်ဖြစ်ခဲ့သည့် ဆန္ဒပြပွဲများအတွင်းအရပ်သားများသေဆုံးခဲ့မှုအပေါ် စိုးရိမ်မိကြောင်း၊ရုရှားနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ဖူးသည်။ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးသည် ရဟတ်ယာဉ်များ၊ တင့်ကားများ၊ ရုရှားထုတ်တိုက်လေယာဉ်များခင်းကျင်းပြသည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ရန် မတ်လက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာခဲ့ဖူးသည်။
#NPNews