ထိုင်းနိုင်ငံတွင် ဆင်တစ်ကောင် အိမ်တစ်အိမ်ထဲ ထိုးဖောက်ဝင်ရောက်ကာအစာရှာမှုဖြစ်ခဲ့

 790

ရောင်နီ ( NP News ) - ဇွန် ၂၂
တောဆင်ရိုင်းတစ်ကောင်သည် ဇွန်လ ၂ဝရက်က ထိုင်းအပန်းဖြေစခန်းမြို့ Hua Hinရှိ အိမ်တစ်လုံးဆီ ဝင်ရောက်ခဲ့ပြီး မီးဖို ချောင်နံရံမှ အပေါက်တစ်ပေါက်ကို ၎င်းတို့၏ နှာမောင်းဖြင့် အတင်းထိုးဖောက်ဝင်ရောက်ကာ အစာရှာခဲ့ကြောင်း ဇွန်လ ၂၂ရက် CNA သတင်းဖော်ပြချက်အရသိရသည်။

ယင်းနေအိမ်မှ အိမ်ရှင် Ratchadawan Puengprasopporn က ဆင်ကြီး၏ အစာရှာမှုကြောင့် မီးဖိုးချောင်တစ်ခုလုံး ဆူညံသံများထွက်ပေါ်လာချိန်သည် တစ်အိမ်သားလုံး အိပ်နေကြချိန်ဖြစ်ကြောင်း ပြောသည်။ ဆူညံသံများကြောင့် အိပ်ရာကလန့်နိုးလာသည့် သူမတို့ဇနီးမောင်နှံသည် အကြောင်းရင်းကိုသိရရန် မီးဖိုချောင်ဆီသွားကြည့်သည့်အခါ တောဆင်ရိုင်းကြီးတစ်ကောင်က သူ့၏နှာမောင်းရှည်ကြီးကို ဆန့်ထုတ်ကာ အစားအစာများ ထည့်ထားသည့် အိတ်တစ်လုံးကို ဆွဲယူနေခြင်းကို တွေ့ခဲ့ရကြောင်း ပြောသည်။

ယင်းဒေသတွင် ဒေသခံများနှင့်ပန်းခြံများအကြား တောဆင်ရိုင်းများ မကြာခဏတွေ့ရလေ့ရှိပြီး ဒေသခံအာဏာပိုင်များ နှင့် အမျိုးသားဥယျာဉ် အရာရှိများသည် ဇွန်လ ၂၁ ရက်က Ratchadawan ၏ မိသားစုဆီသွားရောက်ခဲ့ပြီး အစားအစာများ၊ အထူးသဖြင့် အငန်ဓာတ်ပါသည့် အစားအစာများကို မီးဖိုချောင်မှ ဖယ်ရှားပစ်ရန် အကြံပေးခဲ့ကြောင်းသိရသည်။ အမျိုးသားဥယျာဉ် နှင့် တောရိုင်းတိရစ္ဆာန် ဝန်ကြီးဌာနမှတိရိစ္ဆာန်အထူးကု ဆရာဝန် Pattarapol Maneeon က မိုးတွင်းကာလ တောတွင်းဧရိယာတွင် ဆားငန်သည့် အစားအသောက် အရင်းအမြစ်များ မလုံလောက်ခြင်းကြောင့် ယင်းသည်တောဆင်ရိုင်းများကို ဒေသခံကျေးရွာများတွင် ဆားရှာဖွေရန် တွန်းအားဖြစ်စေခဲ့ကြောင်း ပြောသည်။

အာဏာပိုင်များက Ratchadawan ၏နေအိမ်ကို ပြန်ပြင်ပေးရန် ကတိပြုခဲ့ပြီး တောထဲတွင် ဆင်အတွက်ဆားအ ငန်ဓာတ်ပါဝင်သည့် အစားအသောက်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုင်းဆင်ထိန်းသိမ်းရေးစင်တာမှ ခန့်မှန်းချက်အရနိုင်ငံတွင် ခန့်မှန်းချေ တောရိုင်းဆင် ၃ဝဝဝ ခန့်ရှိကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.