မြောင်တွင် ရဲနှင့် စစ်ကား မိုင်းခွဲခံရသည်မှာ မဟုတ်မှန်ဘဲ ချောင်းမြောင်းပစ်ခတ်ခံရခြင်းမျိုးသာ ဖြစ်သည်ဟု စစ်ကောင်စီဘက်ကဖြေကြား

 1326

(NPNews) ဇွန် ၂၂

စစ်ကိုင်းတိုင်းမြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရဲနှင့် စစ်ကား မိုင်းခွဲခံရသည်မှာ မဟုတ်မှန်ဘဲ ချောင်းမြောင်းပစ်ခတ်ခံရခြင်းမျိုးသာ ဖြစ်သည်ဟု စစ်ကောင်စီပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၂ ရက်တွင်ဖြေကြားသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကူတို့ကုန်ရွာနှင့် လှေတင်ဦးရွာကြားတွင် ဇွန်လ ၂၁ ရက် ည ၉ နာရီ ၃၀ မ်နစ်အချိန်ခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီး ရဲတစ်ယောက် သေဆုံးသွားသည်ဟု သတင်းမီဒီယာအချို့တွင် ရေးသားထားသည်ကို တွေ့ရသည်။

“ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကူတို့ကုန်ရွာနှင့် လှေတင်ဦးရွာကြားမှာ မိုင်းခွဲခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ခြင်း မရှိပါဘူး။ လှည်ကင်းဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲတွေကို ချောင်းမြောင်း ပစ်ခတ်တာပဲရှိပါတယ်” ဟု စစ်ကောင်စီပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက NPNews ၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။

မီဒီယာအချို၏ဖော်ပြမှုတွင် ရဲတစ်ယောက်သေဆုံးခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသည်ဟု ရေးသားထားသော်လည်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို ပြောကြားခဲ့ခြင်းမရှိပေ။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အနီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းနယ်စပ်က ရေစကြိုမြို့နယ်၊ သာခေါင်ရွာတွင် ဇွန်လ ၁၉ ရက်နေ့ကလည်း ပျူစောထီးအဖွဲ့ဝင်ဆိုသူ သုံးယောက် ပရဟိတကားဖြင့် စစ်ကိုင်းတိုင်းဘက်ကို ခရီးသွားစဉ် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

( ၂၀၂၁၊ မတ်လအတွင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တွေ့ရသည့် စစ်ကားတစ်စီး)

Related news

© 2021. All rights reserved.