အာဆီယံရဲ့ အနာဂတ်က မြန်မာ့အရေးအပေါ် မူတည်နိုင် (ဘာသာပြန်ဆောင်းပါး)
958
ရောင်နီ (NP News) - ဇွန် ၂၂
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ဟာ တောင်တရုတ်ပင်လယ်မှ မြန်မာပြည်တွင်း အကျပ်အတည်းထိ ပြဿနာတွေ ပိုဆိုးလာနေချိန်မှာ ၎င်းရဲ့ သြဇာကြီးထွားလာနိုင်မည်လားဆိုသော မေးခွန်းက ဒေသတွင်းနိုင်ငံများကြားတွင် စတင်ဖြစ်ပေါ်လာသည်။
ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ၁၉၆၇ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အာဆီယံဟာ ဥရောပသမဂ္ဂကဲ့သို့ အင်အားကြီးပြီး ဘက်ပေါင်းစုံ အဖွဲ့တစ်ခု ဖြစ်မလာခဲ့ပါ။ သို့သော်အဖွဲ့ဟာ အသုံးဝင်မှုရှိပြီး ဒေသတွင်းငြိမ်းချမ်းရေးကို အများအားဖြင့် ထိန်းသိမ်းထားသည်။ အဓိကအားဖြင့် နှေးကွေးသော တွေ့ဆုံဆွေးနွေးမှုများနှင့် အဖွဲ့ဝင်များကြား ယုံကြည်မှုတည်ဆောက်ခြင်းအားဖြင့် အရှေ့တောင်အာရှနိုင်ငံများအား ပြည်တွင်းတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်စေခဲ့သည်။ ယခုအခါ အာဆီယံအဖွဲ့သည် အဖွဲ့ပြင်ပနိုင်ငံများနှင့် အဖွဲ့တွင်းရှိ နိုင်ငံများအကြား စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ တရုတ်၏ ကြီးထွားလာသောစွမ်းအား၊ တောင်တရုတ်ပင်လယ်ရှိ ၎င်း၏ရန်လိုသောအပြုအမူများနှင့် အမေရိကန်၏ မဟာဗျူဟာကျသော ပြိုင်ဆိုင်မှုသည် အာဆီယံ၏ အကြီးမားဆုံးသော ပြင်ပစိန်ခေါ်မှုများ ဖြစ်နေသည်။ သို့သော် အာဆီယံအုပ်စုအတွင်းမှာပင် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ ဖြစ်ပေါ်လာသော အကျပ်အတည်းသည် ၎င်း၏ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။ အာဆီယံသည် အင်အားကြီးသော နိုင်ငံရေးများကို စီမံခန့်ခွဲရန်အချိန်ရှိနေသေးသော်လည်း ဒေသတွင်း နေရာအနှံ့အပြားတွင် မဟာဗျူဟာမြောက် အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အရေးတကြီးကိုင်တွယ်ရန် လိုအပ်သည်။ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် ဘရူနိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများအဖြစ် တိုးချဲ့ခဲ့ပြီးနောက်တွင် အာဆီယံအဖွဲ့သည် ၂၀၀၇ ခုနှစ်တွင် ASEAN Charter စာတမ်းကို အတည်ပြုခဲ့သည်။ သီအိုရီအရ ASEAN Charter စာတမ်းသည် ဘက်စုံအဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်မှုများအတွက် မူဘောင်တစ်ခုကိုပေးခဲ့သည်။ တစ်နည်းဆိုရလျှင် အစိုးရမဟုတ်သည့် အားနည်းချက်သာရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းအဖြစ် မဟာဗျူဟာမြောက်ဆာင်ရွက်ချက်များကို လုပ်ဆောင်နိုင်စွမ်းရှိစေသည်။ သို့သော်လည်း ASEAN Charter သည် အသွားနှစ်ဖက်ပါသော ဓားကဲ့သို့ဖြစ်သည်။ စာချုပ်ပါစည်းမျဉ်းများထဲတွင် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀ င်ရောက်စွက်ဖက်မှု မရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ ဒီမိုကရေစီနှင့် အခြေခံဥပဒေဆိုင်ရာအစိုးရ စည်းမျဉ်းများကို လိုက်နာခြင်းတို့ ပါဝင်သည်။
အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုကို ငြင်းပယ်ရန်တာဝန်ရှိပြီး တစ်ပြိုင်တည်းအားဖြင့် နိုင်ငံ၏အတွင်းပိုင်းရေးရာများကို အလေးထားခြင်းဖြစ်သည်။ ထို့ကြောင့် အာဆီယံ၏ အခြေခံမူများသည် တစ်ခုနှင့်တစ်ခု ကွဲလွဲနေပြီး မြန်မာ့အရေးမှာ အာဆီယံက ရှောင်ဖယ်ခြင်းသည် ပဋိပက္ခ ဖြစ်လာသည်။ အာဆီယံ၏ ပုံစံကို ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို လက်ခံခဲ့သကဲ့သို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ခြင်းကိုကြည့်ကာ သိနိုင်သည်။ သို့သော် မြန်မာတပ်မတော်၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် အကျပ်အတည်းပြဿနာများသည် ဒေသတစ်လွှား ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော လှိုင်းများကို ဖြစ်စေခဲ့သည်။ အကယ်၍ အကျပ်အတည်းပိုမိုဆိုးရွားလာပါက အရှေ့တောင်အာရှသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည်များ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများနှင့် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုနဲ့ ကိုဗစ်ကူးစက်မှုအန္တရာယ်ကိုလည်း ပိုမိုဆိုးရွားစေကာ ပြန်လည်နာလန်ထူမှုများကို နှေးကွေးစေနိုင်သည်။ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို (Joko Widodo) က မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသောအရာသည် မြန်မာတစ်ခုတည်းနှင့်သာ ပတ်သက်နေခြင်း မဟုတ်သည်ကို သိရှိခဲ့ပြီး အထူးအာဆီယံထိပ်သီးအစည်းအဝေးကျင်းပရန် တောင်းဆိုလိုက်သည်။ ယင်းအစည်းအဝေးကို ဧပြီလ ၂၄ ရက်က ဂျကာတာမှာ ကျင်းပခဲ့ပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောတူညီချက် ငါးချက်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုကတော့ မရှိသလောက်ပင် တွေ့ရသည်။ အစည်းအဝေးတွင် စစ်အစိုးရခေါင်းဆောင် ပါဝင်မှုကို ပြည်တွင်းတွင် ဝါဒဖြန့်ချိရေး ကိရိယာတစ်ခုအဖြစ်အသုံးပြုခဲ့ကာ စစ်အစိုးရကို အိမ်နီးချင်းနိုင်ငံများက လက်ခံခဲ့သည် ဆိုသည့်အဓိပ္ပာယ်ကို သက်ရောက်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသကဲ့သို့ လူပေါင်း ၈၇၀ ကျော်သေဆုံးခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၄၀ ကျော် ပျောက်ဆုံးနေကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၆၁၀၀ ကျော် ရှိနေသည်။ အခြားတစ်ဖက်မှာလည်း အာဆီယံအဖွဲ့ဝင်များသည် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် လုပ်ပိုင်ခွင့်များ၊ သြဇာများနှင့် သဘောထားကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရသည်။
စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် စီးပွားရေးနှင့် စစ်ရေးဆက်နွယ်မှုများကြောင့် အာဆီယံအဖွဲ့အတွင်း ရှယ်ယာအများဆုံးနှင့် မြန်မာနိုင်ငံအပေါ် သြဇာအရှိဆုံးအဖွဲ့ဝင်နှစ်နိုင်ငံ ဖြစ်သည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံအပေါ်သြဇာလွှမ်းမိုးမှုမရှိသလောက် နည်းပါးသည့်နည်းတူ အာဆီယံတွင် မြန်မာ၏ ပြဿနာကို ထိပ်ဆုံးသို့ ရောက်စေရန် အတွေးအခေါ်နှင့် စွမ်းအင်စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေသည်။ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ဖိလစ်ပိုင်သည် အစပိုင်းတွင် မြန်မာအကျပ်အတည်းကို ပြည်တွင်းရေးကိစ္စလို့ ခေါ်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင်း အစည်းအဝေးကိုဝန်းရံခဲ့သည်။ သို့သော်အရေးအကြီးဆုံးမှာ ဘရူနိုင်းဟာ ဝင်ရောက်ပြောဆိုခြင်း မရှိခဲ့တဲ့အပြင် မြန်မာနှင့် အထူးသံတမန်ထားရှိခဲ့ခြင်းကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဘရူနိုင်းကို အာဏာသိမ်းပြီးနောက် ပူးတွဲအနေအထားကို ထုတ်ပြန်ရန်နှင့် ထိပ်သီးအစည်းအဝေး စီစဉ်ဖို့အတွက် ပါဝင်တောင်းဆိုဖို့ တိုက်တွန်းခဲ့သည်။ အချို့က ယုံကြည်မှု ပေးထားလိုက်ခြင်းသာ အကောင်းဆုံးဖြစ်မည်ဟု ယူဆထားသည်။ ဥပမာအားဖြင့် အာဆီယံသည် နိုင်ငံရေးတိုးတက်မှုကို မကြည့်ဘဲ လူသားချင်းစ ာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဝေရေးကို ဆက်လက်လုပ်ဆောင်သင့်သည်ဖြစ်သည်။ သို့သော် AHA စင်တာမှ နိုင်ငံရေးလွတ်ကင်းတဲ့ အကူအညီများပေးအပ်ခြင်းဖြင့် အကြမ်းဖက်မှုကို ရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုကို အမြန်စတင်ရန် တိုက်တွန်းခြင်းသည် အာဆီယံ၏သြဇာကို ဆုံးရှုံးရစေနိုင်သည်။ တပ်မတော်သည် ဤရွေးချယ်မှုကို နှစ်သက်ပုံရသည်။ မြန်မာနိုင်ငံ၏ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် AHA စင်တာ၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့တွင်ရှိနေသည်။ ထို့ကြောင့် အာဆီယံ၏ အကူအညီများ ပြည်သူလူထုဆီ တိုက်ရောက်မရောက်နိုင်ခြင်းအပါအဝင် အာဆီယံ၏အကူအညီများကို စစ်တပ်က မည်သို့ စီမံခန့်ခွဲမည်ကို မသိနိုင်ပေ။ ဖြစ်နိုင်ခြေရှိသော အဖြေတစ်ခုမှာ အထူးကိုယ်စားလှယ် ဦးဆောင်သော အာဆီယံစင်တာမှ အဖွဲ့များကို မြန်မာနိုင်ငံသို့ လွှတ်ပြီး ကောင်းမွန်စွာထောက်ပံ့ထားသော အာဆီယံမစ်ရှင်တွင် ထည့်သွင်းရန် ဖြစ်သည်။ အဆိုပါမစ်ရှင်သည် အကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် မူဘောင်တစ်ခုအနေဖြင့် ပေးအပ်ရန် ရှာဖွေနိုင်မည်။ ၎င်းသည် အကြမ်းဖက်မှုကို အဆုံးသတ်ရန်နှင့်အားလုံး ပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများကို အထောက်အကူပြုရန် ကြိုးပမ်းနိုင်လိမ့်မည်။ တစ်နည်းဆိုရသော် အာဆီယံအနေဖြင့် သီးခြားကြိုးပမ်းအားထုတ်မှုများထက် သဘောတူညီချက် ၅ ချက်အနေနဲ့ အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။
သို့သော်အကြမ်းဖက်မှုရပ်တန့်ခြင်းကိုစောင့်ကြည့်ခြင်း၊ အကူအညီပေးခြင်းနှင့် မြန်မာနိုင်ငံရဲ့ တွေ့ဆုံဆွေးနွေးမှုများကို လွယ်ကူချောမွေ့စွာ စောင့်ကြည့်ခြင်း စသည့်ကျယ်ပြန့်သော လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ မပြည့်မီသေးပါ။ အာဆီယံအဖွဲ့ဝင်များကို အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံများက ဆက်လက်၍ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မည်ဟု ကတိပြုရန်လိုအပ်သည်။ ဤသည်မှာ အာဆီယံအဖွဲ့အစည်းအနေဖြင့် နယ်မြေအသစ်တစ်ခု ဖြစ်လာလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အာဆီယံသည် အထူးသံတမန်၏ အခန်းကဏ္ဍ၊ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာအပေါ်တူညီသောအမြင်ကိုမဖော်ထုတ်ရသေးပါ။
ထိုသို့ပြောင်းလဲမှုမရှိသည့်တိုင် အာဆီယံသည် သဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ လာမည့်ရက်သတ္တပတ်များအတွင်း အာဆီယံအနေဖြင့် ဆောင်ရွက်မှုများပျက်ကွက်ပါက နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော နည်းလမ်းများရှာဖွေသင့်ပေသည်။
Foreign Policy ၏ ASEAN’s Future Will Be Decided in Myanmar ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။