ညောင်လေးပင်မြို့မှ ကျေးရွာအုပ်ချုပ်ရေးမှူး(၃)ဦးနှင့်အရပ်သားတစ်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပြီး အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

 1254

မိုးတိမ် (NP News) - ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ(၃)ဦးနှင့် အရပ်သားတစ်ဦးကို အမည်မသိအကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးကို သတ်ဖြတ်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်ကြသော ဦးသန်းနွယ်အောင်၊ ဦးအောင်လွင်သန်းနှင့် ဦးကျော်မြင့်တို့သည် ဇွန် ၂၁ ရက်ညနေ ၄ နာရီခွဲခန့်တွင် အင်းကပ္ပလိပ်ကျေးရွာမှ သောင်ကြီးကျေးရွာသို့ စက်လှေဖြင့် ထွက်ခွာလာစဉ် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား ၅ ဦးတို့မှ စက်လှေကို တားဆီး၍ ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးခံရသည့်သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေစုံစမ်းစဉ် ဇွန် ၂၂ ရက်၌ သောင်ကြီးကျေးရွာအုပ်စု ထိုဖိုကျေးရွာအနီးရှိ ဦးရွှေလင်း၏နေအိမ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်း မည်သူကိုမှ မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ လက်လုပ်သေနတ် ၂၀ လက်၊ လက်လုပ်မိုင်း ၁၃ လုံးနှင့် အကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။ အနီးပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေရာတွင် အဆိုပါ နေအိမ်၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာရှိ အက်ဝိချောင်းအတွင်း၌ ပြည်တော်ကိုယ်ကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးသန်းနွယ်အောင်အား ဦးခေါင်းကွဲ၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မဒေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ရာအိမ်မှူးဖြစ်သူ ဦးသန်းနွယ်အောင် သတ်ဖြတ်ခံရမှုအပြင် အခြားသောဖမ်းဆီးထားသူများကိုပါ ပြန်လည်ရရှိခြင်းမရှိသေးသည့်အတွက် အကြမ်းဖက်မှုကျုးလွန်ခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေနေကြောင်းလည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

Related news

© 2021. All rights reserved.