ဥရောပ ခတ္တိယဂျာမန်မင်းဆက်များနဲ့ ရာဇဝင်ထဲက ဘိန်းစားစစ်သားများ(၁)

 5913

မဟာဗမာ (NP News) - ဇွန် ၂၆

ဒုတိယကမ္ဘာစစ်ကြီးရဲ့အနောက်ဘက်စစ်မျက်နှာကိုဖွင့်လှစ်လိုက်တဲ့ နေ့ မေလ(၁၀)ရက် (၁၉၄၀)ခုနှစ်မှာ ဘီလူးသူရဲစီးနေတဲ့မျက်နှာနဲ့ သိန်းပေါင်းများစွာသော ဂျာမန်စစ်သည်တွေဟာ အဲဒီကာလက ကမ္ဘာပေါ်မှာစစ်အင်အားအကြီးဆုံးဆိုတဲ့ ပြင်သစ်နိုင်ငံဘက်ကို ဘယ်လ်ဂျီယံအပါအဝင် ကြားခံနိုင်ငံငယ်လေးသုံးခုကို မအိပ်မနားဘဲ (၃)ရက်(၃)ညတိုင်တိုင် ဖြတ်ကျော်ချီတက်ပြီး သူ့ထက်အင်အားကြီးမားတဲ့မဟာမိတ်တပ်တွေကို ပင်လယ်ထဲမောင်းချလို့ ဥရောပတိုက်ကုန်းမကြီးတစ်ခုလုံးကို သိမ်းပိုက်လိုက်တယ်။

မဟာမိတ်တွေ လုံးဝမျော်လင့်မထားတဲ့ တင့်ကားကြီးတွေ အလွယ်တကူ မဖြတ်ကျော်နိုင်တဲ့ အာဒင်းနစ် Ardennes တောတောင်တွေရှိနေတဲ့ နိုင်ငံငယ်လေး(၃)ခုကို စစ်ဦးဘီလူးလို (၃)ညဆက်တိုက် မအိပ်မစားဘဲ တိုက်ခိုက်ရင်းချီတက်လာတဲ့ ဂျာမန်စစ်သည်တော်တိုင်းရဲ့ အိပ်ကပ်ထဲက Pervitin (ပါဗစ်တင်)ဆိုပြီးရေးထားတဲ့ သံဘူးရှည်မျောမျောလေးဟာ ဒီသိန်းပေါင်းများစွာသော လူငယ်စစ်သည်တွေကို လူသတ်စက်ရုပ်တွေလိုဖြစ်သွားစေတယ် ဆိုတာကိုတော့ သူတို့ရဲ့ဘလစ်ဇ်ကရိထိုးစစ်( Blizkrig လျှပ်စီးလက်ထိုးစစ်)ရှေ့က ဆုတ်ပြေးနေတဲ့ အင်္ဂလိပ် ပြင်သစ်မဟာမိတ်စစ်သည်တွေ မသိလိုက်ကြဘူးပေါ့။
ဒီသံဘူးရှည်လေးထဲမှာ Pervitin ပါဗစ်တင် (ခေါ်)မက်တာဖက်တမင်း (ခေါ်) ခရစ်စတယ် အိုက်စ် (ခေါ်) မြင်းဆေး (ခေါ်) စိတ်ကြွရူးသွပ်ဆေးပြားတွေပါဝင်ပြီး ဒီထိုးစစ်ကြီးမတိုင်မီ သုံးပတ်အလို (၁၇)ဧပြီ (၁၉၄၀)ကမှ စစ်သည်တွေရဲ့အားဆေးအဖြစ် တရားဝင်ထုတ်ပေးလိုက်တဲ့အတွက် ဂျာမန်တပ်မတော်ဟာ (၂၀)ရာစုစစ်သမိုင်းမှာ ပထမဆုံး စိတ်ကြွဆေးအသုံးပြုခွင့်ပေးတဲ့ တပ်အဖြစ်မှတ်တမ်းတင်သွားတာပေါ့။ ရလဒ်အဖြစ် လွန်ခဲ့တဲ့နှစ်(၂၀) ပထမကမ္ဘာစစ်မှာ ရှုံးခဲ့တဲ့နိုင်ငံက သူ့ကိုစစ်နိုင်ခဲ့တဲ့ ကမ္ဘာ့စစ်အင်အားအကြီးဆုံး ပြင်သစ်နိုင်ငံကို သူ့ရှေ့မှာ ဒူးထောက်လက်နက်ချစေပြီး ဥရောပတိုက်တစ်ခုလုံးကိုလည်း အများနဲ့တစ်ယောက် အနိုင်တိုက်သိမ်းလိုက်နိုင်တယ်။

အခုခေတ်မှာ မူးယစ်ဆေးဝါးလို့သတ်မှတ်ပြီး သုံးစွဲသူထုတ်လုပ်ရောင်းချသူကို ဖမ်းဆီးအရေးယူနိုင်တဲ့ အဲဒီခရစ်စတယ်အိုက်စ် ခေါ် မြင်းဆေးကို အာရှသားဂျပန်( အကီရာအိုဂါတာဆိုသူ) က စတင်တီထွင်ပြီး ဥရောပတိုက်ဂျာမဏီပြည်က Temmler ဆိုတဲ့ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ရောင်းချတယ်။ ပထမတော့ စက်ရုံလုပ်သားတွေ အိပ်မငိုက်အောင် တက်ကြွလှုပ်ရှားပြီး အမောခံနိုင်အောင် သုံးတယ်။ ဒုတိယကမ္ဘာစစ် အစမှာတော့ ဂျာမန်တပ်က ပိုလန် ချက်ကိုစလိုဗက် စစ်မြေပြင်တွေမှာ စမ်းသပ်အောင်မြင်လို့ စစ်သည်တွေကို တရားဝင်ပေးသုံးလိုက်တာပေါ့။ ဆေးပြားအပြင် ချောကလက်ထဲပါ ထည့်ပြီးစစ်သည်တွေကို ထုတ်ပေးတယ်။ သောက်လိုက်ရင် အပင်ပန်းခံတယ်။ အိပ်မငိုက်ဘူး။ ဗိုက်မဆာဘူး။အကြောက်အရွံ့ကင်းပြီး သေရဲသတ်ရဲလာတယ်။ ဆေးတစ်ပြားရဲ့အာနိသင်ဟာ (၁၂)နာရီခံပြီး တစ်ပတ်ကိုလေးပြားအထိသောက်ခွင့်ရှိတော့ ပြင်သစ်ကို စစ်ဦးဘီလူးလို တက်တိုက်ရတဲ့တပ်တွေ သုံးညမနားတမ်းတိုက်ခိုက်အပြီး ဆေးရှိန်ပြယ်လို့ရပ်တန့်သွားတဲ့
အတွက် ရှေ့ကပြေးနေတဲ့မဟာမိတ်တပ်တွေ အသက်ရှုချောင်သွားကြတာပါပဲ။ နောက်တော့ ပြင်သစ်ကမ်းချေ ဒန်းကပ် Dunkirk မြို့မှာပိတ်မိနေတဲ့ သိန်းချီတဲ့မဟာမိတိစစ်သည်တွေဟာ တစ်ဖက်ကမ်း အင်္ဂလန်ကျွန်းကို ရရာလှေသင်္ဘောနဲ့ အသက်လုပြေးခွင့်ရလိုက်တယ်။
(ကာလေ calai ဆိပ်ကမ်းဘက်မှာ ယောင်ပြစစ်ဆင်ပြီး တပ်တချို့ကို ထိုးကြွေးခဲ့တာကတော့ နောက်ထပ်ဇတ်လမ်းတစ်ပုဒ်ပေါ့)

အင်္ဂလန်ကျွန်းမှာလည်း အဲဒီနေ့ မေလ(၁၀)ရက်နေ့မှ ရာထူးလွှဲယူထားတဲ့ ဝန်ကြီးချုပ် အသစ်စက်စက် ဝင်စတန်ချာချီက ဒီလိုမျိုး ဂျာမန်တွေ (၃)ရက်ဆက်တိုက် ထိုးစစ်ဆင်နိုင်တာဟာ သူ့ဘဝမှာ အံ့အားအသင့်ဆုံးဖြစ်ရပ်တစ်ခုပါလို့ ဝန်ခံပြောသွားခဲ့လေရဲ့။ သူတွက်ထားတာက အလွန်ဆုံး(၁၂)နာရီလောက်ဆို ထိုးစစ်တန့်သွားမယ်ပေါ့။ အဲဒီကာလက ကမ္ဘာ့စစ်အင်အားအကြီးဆုံး ပြင်သစ်ကလည်း မက်ဂီနိုး Maginot ဒေသကနေ မဆုတ်တမ်း ခံစစ်ကနေ အဲဒီဘက်တက်လာမဲ့ဂျာမန်တွေကို အပိုင်တေ့ဖြုတ်ဖို့စောင့်နေရာကနေ မမျော်လင့်တဲ့နေရာကဝင်လာတော့ အဲဒီဘက်နယ်နိမိတ်တွေကို ကာကွယ်ဖို့တပ်တွေတောင် အချိနိမှီမပို့နိုင်ဘဲ ဖရိုဖရဲနဲ့တစ်ချို့အင်္ဂလန်ကျွန်းကိုပြေး၊ တစ်ချို့လည်း လက်နက်ချလို့ ပထမကမ္ဘာစစ်မှာ ဂုဏ်ယူဝင့်ကြွားစွာအောင်နိုင်ခဲ့တဲ့ စစ်တပ်ကြီးပျက်သွားပါတော့တယ်။

စကားစပ်လို့ပြောရရင် ဒုတိယကမ္ဘာစစ်ကြီးစတဲ့ (၁၉၃၉)မှာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး
နိုင်ငံကပြင်သစ်ပါ။ ဒုတိယက ဂျာမဏီ ဖြစ်ပြီး နံပါတ်(၃)ကရုရှား၊ နံပါတ်(၄)ကမှ အင်္ဂလိပ် ဖြစ်ပြီး ယနေ့ခေတ် ငပွကြီးအမေရိကန်ကတော့ အဲဒီကာလက နံပါတ်(၈)ပဲ ရှိပါတယ်။ တရုတ်ပြည်ကတောင် နံပါတ်(၇) နဲ့သူ့ရှေ့မှာ ရှိနေခဲ့ပါတယ်။ အမေရိကန်ဟာ အဲဒီတုန်းက စီးပွားရေးအင်အားသာကြီးတာ စစ်အင်အားအရာမှာ ထိပ်ဆုံး(၁၀)နိုင်ငံစာရင်းအရ နောက်ဆုံးနားမှာပါပဲ။ ပြင်သစ်နဲ့အင်္ဂလိပ်ဟာ ပထမကမ္ဘာစစ်ဖြစ်တုန်းက ဂျာမန်ကွန်မြူနစ် နိုင်ငံရေးသမားတွေကို နောက်ကွယ်ကမြှောက်ပေးပြီး ဂျာမဏီကိုစစ်ရှုံးအောင် လုပ်နိုင်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ခရစ်စတယ်အိုက်စ်ဆိုတဲ့ စိတ်ကြွဆေးစွဲနေတဲ့ ဘိနိးစားဂျာမန်စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုအောက်မှာ ဦးကျိုးသွားခဲ့ပါတော့တယ်။ စစ်ဆိုတာ နိုင်သူမှန်စတမ်းပဲလေ။ ဆေးက တစ်ရက်ကို (၄)လုံးပဲ သောက်ခွင့်ရှိထားတော့ မသောက်မီတစ်ရက်နဲ့ (၁၂) နာရီခံ လေးလုံးပေါင်းနှစ်ရက်စာထပ်တိုးတော့ စုစုပေါင်း(၃)ရက် တိုက်တိုက်ခိုက်နိုင်တာပါ။ အလုံး(၄၀)သာ ပေးသောက်လို့ကတော့ တစ်ကမ္ဘာလုံး နာဇီဂျာမဏီပတ်သိမ်းသွားမလားပါပဲ။

ပဋိပက္ခတစ်ခုကို လက်နက်ဆွဲကိုင်ပြီး ဖြေရှင်းလိုက်ပြီဆိုတာနဲ့ အမှန်တရားဆိုတာ ပျောက်ဆုံးသွားလို့ ပိုဆိုးပိုမိုက်ပြီး ပိုရက်စက်တဲ့သူပဲ အနိုင်ရလေ့ရှိပါတယ်။ ဆိုလိုချင်တာကတော့ စစ်ကိုခေါ်လာခဲ့ပြီဆိုရင် တရားတယ်မရားတယ်ဆိုတာ မရှိတော့ဘဲ တရားကိုနတ်စောင့်ခြင်း၊ အမှန်တရားက အနိုင်ရခြင်း၊ ဓမ္မ-အဓမ္မ ခွဲခြမ်းစိတ်ဖြာခြင်း ဆိုတာတွေက နောက်မှာဖြစ်ပြီး ပိုရက်စက်တတ်တဲ့အလေ့အကျင့်ရှိသူက အနိုင်ရသွားတာပါပဲ။ နိုင်တဲ့သူကပဲ မှန်သွားပြီး သမိုင်းသစ်ကိုရေးခွင့်ရလို့ စစ်ရှုံးသူကို လူဆိုးအဖြစ် သရုပ်ဖော်တာဟာ လူ့သမိုင်းအစကတည်းကပါ။ ကျွန်တော်တို့ အခုဖတ်မှတ်နေတဲ့ သမိုင်းဆိုတာဟာ နိုင်သူတွေကရေးခဲ့လို့ သူတို့မြင်စေချင်သလို နောက်လူတွေကလိုက်မြင်
ပေးနေရတာပါ။ အဲဒီလို လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်သူတွေဟာ မိမိတို့အနိုင်ရဖို့အတွက် ပိုပြီး သတ်ရဲဖြတ်ရဲတိုက်ရဲအောင် ခံစားနေရတဲ့ဒုက္ခတွေကို မေ့သွားအောင် လူ့ရဲ့မူလစိတ်ကို ပြောင်းလဲစေတဲ့ မူးယစ်စေတဲ့အရာတွေကို ရှာဖွေသုံးစွဲကြတာဟာလည်း ကျွန်တော်တို့သိနေတဲ့ သမိုင်းဆိုတာ အစကတည်းကပါပဲ။ စစ်သည်ရဲမက်တွေ တိုက်ဆင်တွေကို အရက်ကိုးမောင်း တိုက်ပြီးမှ စစ်မြေပြင်ကိုလွှတ်တာမျိုးကို မြန်မာ့သမိုင်းဖတ်ဖူးသူတိုင်း သိကြသလို ဥရောပ စစ်သမိုင်းက ပါရှန်းစစ်သည်ထောင်ပေါင်းများစွာကို လူ(၃၀၀)တည်းနဲ့ အသေခံတိုက်သွားတဲ့ ဂရိစပါတန်စစ်သည်တွေရဲ့ အရက်အမူးလွန်တဲ့နောက်ဆုံးညအကြောင်းကို စာဖတ်အား
ကောင်းသူတွေကြားဖူးမှာပါ။ တောင်အမေရိကတိုက်က မာယာနဲ့ အက်ဇတက်စစ်သည်တွေ ကိုကင်း(ကိုကာရွက်ပေါ့)စား ရဲဆေးတင်ပြီး တိုက်ပွဲဝင်ကြတာတွေဟာ မထူးဆန်းသလို(၁၉) ရာစု တရုတ်ဘုရင့်တပ်မတော်သား ၉၀ ရာခိုင်နှုန်း ဘိန်းစွဲနေတာနဲ့ တစ်ခေတ်ထဲမှာ ဗြိတိသျှ အုပ်ချုပ်တဲ့အိန္ဒိယပြည် ပြည်မစစ်တပ်တခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းသောစစ်သည်တွေဟာ ဘိန်းစားတွေပါဆိုတဲ့မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာပြိုကွဲသွားတဲ့ မွတ်ဆလင်အင်ပါယာကြီးဖြစ်တဲ့ အော်တိုမန်တူရကီနိုင်ငံ(ယနေ့မြင်ရတဲ့ အီရတ်၊ ဆီးရီးယား၊ ဆော်ဒီနဲ့အစ္စရေးတို့ရဲ့သခင်ဟောင်း) က တူရကီစစ်သားတွေ အားလုံးနီးပါးဟာလည်း
ဘိန်းမှန်မှန်ရှုတဲ့ဘိန်းစားတွေပါပဲတဲ့။

များသောအားဖြင့် အဲဒီခေတ်မှာ မူးယစ်ဆေးကို သဘာဝအတိုင်း ရှုတာတို့ ဖျော်သောက်တာတို့ လုပ်ကြပေမယ့် (၂၀)ရာစု စစ်ပွဲတွေမှာ ဂျာမန်စစ်တပ်က သိပ္ပံပညာနဲ့ဓါတုဗေဒဆေးဝါးတွေ
ရောပြီး Pervitin ကို စံနစ်တကျသုံးပြီး သူ့စစ်သည်တွေကို အတွေးအခေါ်တို့ ခံစားမှုတို့မဲ့တဲ့ လူသတ်စက်ရုပ်အဖြစ် အောင်မြင်စွာပြောင်းလဲနိုင်လိုက်တော့ အမေရိကန်နဲ့ အင်္ဂလိပ်တို့ ဘက်ကလည်း အားကျမခံ ဘန်ဇင်ဒရင်း Benzedrine ဆိုတဲ့ အမ်ဖက်တမင်း Amphetamine စိတ်ကြွဆေးတစ်မျိုးကို ရှုဆေးစားဆေးအဖြစ် မိမိစစ်သည်တွေဆီ ထုတ်ပေးလိုက်တော့တယ်။ ဂျပန်ဘုရင့်တပ်မတော်ကလည်း သူတို့ရဲ့ ခါမိခါဇေခေါ်တဲ့ ရန်သူ့ဆီကိုဗုံးချိတ်ပြီး အသေခံ ထိုးဆင်းတဲ့ လေယာဉ်ပိုင်းလော့တွေ ရှေ့တန်းထွက်စစ်သည်တွေ စက်ရုံလုပ်သားတွေတွက် ဖီလိုပွန် Philopon ဆိုတဲ့နာမည်(အလုပ်ကိုချစ်ခြင်းလို့ အဓိပ္ပါယ်ရတယ်)နဲ့ ထုတ်ပြီး သုံးစွဲ
စေခဲ့တယ်။ ဖက်ဆစ်ဂျပန်က သူတို့သိမ်းထားတဲ့တရုတ်ပြည်မှာ ရွှေလင်းနို့ golden bat တံဆိပ်နဲ့ ဘိန်းဖြူစီးကရက်တောင်ဖြန့်လိုက်ပါသေးတယ်။ တရားဝင်ပေးသုံးတာ မဟုတ်ပေမယ့်
လက်တွေ့မြေပြင်မှာတော့ ဗီယက်နမ်စစ်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ အမေရိကန်စစ်သည်တွေသုံးလို့ ပေါ်ပြူလာဖြစ်လာတဲ့ ဟီးရိုးအင်းခေါ် ဘိန်းဖြူနံပါတ်ဖိုးနဲ့ မားရှိခေါ် (ဝိ) weed ဆေးခြောက်တွေကြောင့် စစ်ပွဲပြန်စစ်သည်တွေခံစားရတဲ့ စစ်အနိဌာရုံစိတ္တဇရောဂါ PTSD ကိုကုဖို့ရှာရင်းတွေ့တဲ့ အက်တစီ ectasy ခေါ် အီးတက်ဘလက် ခေါ် MDMA မော်လီ တွေကို အရပ်ဘက်ရော စစ်ဘက်ရော ဒီနေ့အချိန် (၂၀၂၁)အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု
နေကြဆဲဖြစ်ပါတယ်။ အကျယ်ချဲ့ရရင် အခု နိုက်ကလပ်တွေ EDM မြူးဇစ်နဲ့ ကကြသူတွေ
သုံးနေကြတဲ့ အီးတက်ဘလက်ခေါ် အက်တစီဆိုတာဟာ ဗီယက်နမ်စစ်ပြန် အမေရိကန် စစ်သည်တွေ စိတ္တဇဖြစ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေတာတွေ များလာတာကိုကုဖို့
ကယ်လီဖိုးနီးယားက ဒေါက်တာ ဆာရှာဆိုသူက(၁၉၇၀)ခုနှစ်တွေမှာ ရှာတွေ့တာပဲ ဖြစ်ပါတယ်။ အဲဒီဆေးသောက်ရင် မိမိကိုယ်ကိုရော ဘေးနားကလူတွေကိုရော ချစ်စိတ်တွေပေါ်လာပြီး ပေါက်ကွဲသံစဉ်တွေမှာ ကနေတာနဲ့ပဲ လောကကြီးနဲ့ကင်းကွာပြီး အမုန်းတရားတွေကို မေ့သွား
စေတယ်လို့ ဆိုပါတယ်။ စစ်ပွဲတွေရပ်ဆိုပြီး ခဲတံတွေလိုက်ဝေမယ့်အစား အက်တစီ ectasy အီးတက်ဘလက်တွေကို စစ်မဖြစ်ခင်ကတည်းက ဝေပေးလိုက်ရင် ကမ္ဘာကြီးငြိမ်းချမ်းသွား မလားပါပဲ။

ခေတ်အဆက်ဆက် တိုက်ခိုက်သတ်ဖြတ်ပွဲတွေမှာ ပါဝင်ရတဲ့စစ်သည်တွေ(တော်တော်များများ)
အရက်နဲ့ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းကို စဉ်းစားကြည့်ရင်မြင်နိုင်ပါတယ်။ စစ်ရဲ့
အနိဌာရုံတွေ ရက်စက်ညှင်းပန်းသတ်ဖြတ်မှုတွေ ငတ်မွတ်မှု ပင်ပန်းမှု ရာသီဥတုတို့ ရောဂါဘယတို့ရဲ့ဒဏ်တွေ စိတ်ပိုင်းရုပ်ပိုင်း ဒုက္ခသုက္ခတွေကိုမေ့ပစ်ပြီး မိမိရှင်သန်ဖို့ မိမိဖက်ကအနိုင်ရဖို့ သေရဲသတ်ရဲ လုပ်ရဲကိုင်ရဲအောင် တည့်တည့်ပြောရရင် လူ့စိတ်ခဏ
ပျောက်ပြီး တိုက်ပွဲဝင်လူသတ်စက်ရုပ် တစ်ရုပ်ခဏဖြစ်သွားအောင် သုံးစွဲကြတာပါ။ တစ်ချို့လည်း စစ်မှုထမ်းအပြီးမှာ ဆေးစွဲပြီးဘဝပျက်တာရှိသလို တစ်ချို့ကျတော့လည်း ဆက်မသုံးဖြစ်ကြတော့ပါဘူး။ လောကမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတတ်တာ
ပဲလေ။ အဲဒီခေတ်က စစ်သည်တိုင်း မသုံးစွဲခဲ့ဘူးဆိုပေမယ့် အရေအတွက်တော်တော်များများ သုံးစွဲတာဟာ ဂျာမန်တပ်က သက်သေပြနေတယ်။ အခုခေတ် မြန်မာပြည်တို့ မက္ကဆီကိုတို့မှာ ထုတ်လုပ်ရောင်းဝယ်နေကြတဲ့ မက်တာဖက်တမင်း၊ ခရစ်စတယ်အိုက်စ်၊ ဘိန်းဖြူ စတာတွေကို စတင်တီထွင်ပြီး အသုံးပြုခွင့်ပေးခဲ့တာက အနောက်နိုင်ငံတွေပဲဖြစ်ပြီး သူတို့အစိုးရတွေ ဘယ်လိုပဲပိတ်ပိတ် လက်ရှိသုံးစွဲသူအများဆုံးရှိနေတာကလည်း အဲဒီနိုင်ငံတွေပါပဲ။

ဒုတိယကမ္ဘာစစ်က ဂျာမန်စစ်တပ်ရဲ့ထူးခြားချက်ဟာ ခေါင်းဆောင်ကြီး ဟစ်တလာကစပြီး
အောက်ခြေရဲဘော်အထိ မူးယစ်ဆေးဝါးမျိုးစုံ သုံးစွဲခဲ့ကြလို့ပါပဲ။ ဟစ်တလာရဲ့ ဆရာဝန် ဒေါက်တာသီယိုဒိုမိုရယ် Dr Theodor Morell ရဲ့မှတ်စုတွေအရ စစ်ပွဲကာလ(၆)နှစ်လောက်မှာ ဟစ်တလာကို အကြိမ်(၈၀၀)လောက်သူဖော်စပ်ထားတဲ့ဆေးကိုထိုးပေးခဲ့ရတယ်တဲ့။ ဒေါက်တာကြီး ဖော်စပ်ထားတဲ့ဆေးက အမယ်ပေါင်း(၇၄)မျိုးပါဝင်ပြီး ကိုကိန်း၊ဘိန်း၊မော်ဖိန်းနဲ့ နွားဂွေးစေ့က ထုတ်တဲ့ဟော်မုန်း တစ်မျိုးလည်းပါဝင်တယ်လို့ ဆိုပါတယ်။ ဟစ်တလာရဲ့ ညာလက်ရုံး ဂတ်စတာပို လက်မရွံ့အဖွဲ့ခေါင်းဆောင်နဲ့ လေတပ်ဦးစီးချုပ် ဟာမန်ဂိုအာရင်း Hermann Goring ဆိုတဲ့လူကလည်း မော်ဖင်းစွဲနေသူကြီးပဲဖြစ်ပါတယ်။ မော်အာရင်း ဆိုပြီး ကွယ်ရာမှာလှောင်ပြီး ခေါ်ကြပါတယ်။ သူကတော့ ပထမကမ္ဘာစစ်တုန်းက နာမည်ကြီး တိုက်လေယဉ် လေသူရဲတစ်ဦးဖြစ်ခဲ့ပြီး စစ်အပြီးမှာ နိုင်ငံရေးထဲဝင်တော့ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေးတွေလုပ်နေရင်းနဲ့ နာဇီပါတီထူထောင်ကာစ မြူးနစ်မြို့က မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ ခြေထောက်မှာသေနတ်ထိလို့ အိမ်နီးနားချင်းနိုင်ငံ သြစတြီးယား (ဟစ်တလာရဲ့ဇာတိ) မှာ ထွက်ပြေးခိုလှုံခဲ့သလို ခြေထောက်ဒဏ်ရာသက်သာအောင်
မော်ဖင်းထိုးရာကနေ စွဲသွားတာပါပဲ။ အချုပ်ဆိုရရင် ဒုတိယကမ္ဘာစစ် နာဇီ်ဂျာမန်တပ်မတော်က ရာထူးအကြီးဆုံး အသက် ၄-၅၀ ကျော်တန်းခေါင်းဆောင်တွေ (ခုခေတ်အခေါ် Generation L ပေါ့လေ)တွေနဲ့သူတို့ရဲ့သန်းပေါင်းများစွာသော အသက်(၂၀)ဝန်းကျင်အရွယ် ပွန်းစစ်သား
လေးတွေ (generation Z ပေါ့) သုံးစွဲဖို့ ပါဗက်တင် Pervitin စိတ်ကြွဆေးပြားပေါင်းသန်း ၂၀၀ ကျော်ကို ထုတ်လုပ်ဖြန့်ဝေပေးခဲ့တယ်။ အဲဒီလို ဆေးသုံးစွဲသူ လူငယ်လေးတွေကြားမှာ သနားစရာ ရယ်စရာ ဇတ်လမ်းတွေအများကြီး ရှိခဲ့ကြတာပေါ့။ အဲဒီဇတ်လမ်းတွေထဲမှာ
ဂျာမန်တပ်ဖက်က ဝင်တိုက်ပေးခဲ့တဲ့ ဖင်လန်လူမျိုးစစ်သားလေး အိုင်မို ကိုဗနင်(Aimo Koivvnen)ရဲ့ ဇတ်လမ်းလေးကတော့ စစ်မြေပြင်သုံး မူးယစ်ဆေးဝါးရဲ့သရုပ်မှန်ကို
မြင်ရပါတယ်။

အဲဒီကာလက ဖင်လန်နိုင်ငံနဲ့တကွ ဥရောပကုန်းမကြီးက နိုင်ငံအတော်များများဟာ
စစ်တွင်းဂျာမန်သြဇာခံ ရုပ်သေးအစိုးရတွေဖွဲ့ပြီး ဂျာမန်ဘက်က ဝင်ကူတိုက်ပေးကြတယ်။ ဂျပန်လက်အောက်ခံ ဒေါက်တာဘမော်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့(၁၉၄၃)ခုနှစ်တုန်းက ဂျပန် မဟာမိတ်ဗမာနိုင်ငံက အင်္ဂလိပ်-အမေရိကန်ကို စစ်ကြေငြာခဲ့သလိုမျိုးပါပဲ။ (၁၉၁၇)မှာမွေးတဲ့
ဖင်လန်စစ်သားလေး အိုင်မိုဟာ အသက်(၂၀)ကျော်အရွယ်မှာ နိုင်ငံအတွက် စစ်မှုထမ်းရင်း (၁၉၄၄)မှာ နာဇီဂျာမန်တပ်နဲ့တွဲထားတဲ့ ဖင်လန်တပ်မတော်နဲ့ ရုရှားစစ်မျက်နှာက အရမ်းကို အေးတဲ့ မားမန့် Murmansk ဆိုတဲ့ဒေသမှာ ရေခဲပြင်လျောစီးတဲ့စကီးတွေနဲ့ ကင်းလှည့်
နေကြတယ်။ တစ်နေ့မှာတော့ သူတို့အိပ်ရာအထမှာ အင်အားသာလွန်တဲ့ ရုရှားတပ်ဖွဲ့တစ်ခုရဲ့
ဝင်တိုက်တာခံရလို့ စကီးတွေစီးပြီး ပြေးကြရတာပေါ့။ အဲဒီလိုချိန်မှာအိပ်ရေးမဝတဲ့ အိုင်မိုဟာ ဆေးကူဖို့တော့လိုပြီဆိုပြီး Pervitin ဆေးဘူးကိုထုတ်ပြီး ပြေးရင်းလွှားရင်းမော့လိုက်တာ အလုံး(၃၀)လုံး မြိုချပြီးသားဖြစ်သွားရော။ တစ်လုံးဟာ(၁၂)နာရီခံတယ်ဆိုတော့ အိုင်မိုတစ်ယောက် ဒုက္ခတွေ့ပြီပေါ့။ ပြန်ထွေးထုတ်လို့ကလည်း မရတော့ဘူး။ နောက်မှာလည်း ရုရှားတွေက ကပ်လိုက်နေပြီ။ ဒါပေမဲ့ ဆေးအရှိန်ကြောင့်ပဲ ပြောရမလားမသိ၊ ရုရှားတွေ
လက်ကပြေးလွတ်လာတော့ လူပြန်စုဖွဲ့ရင်း အိုင်မို ဆေးတွေအများကြီးသောက်ပြီး
အမူးလွန်နေတာကို သူ့ရဲဘော်တွေ သတိထားမိသွားတာနဲ့ သူ့သေနတ်ထဲက ကျဉ်ဆံတွေ ထုတ်သိမ်းထားပြီး သတိထားစောင့်ကြည့်နေကြရတယ်။

နောက်ထပ် ဘာဆက်ဖြစ်သွားလဲ စဉ်းစားလို့မရဘဲ အိုင်မို သတိလည်လာချိန်မှာတော့ သူ့ရဲဘော်တွေနဲ့လူချင်းကွဲနေတယ်။ သေနတ်မှာကျဉ်မရှိ၊ ကျောပိုးအိပ်ထဲမှာ အစာမရှိ ဘယ်နေရာမှာ ရောက်နေလို့ ဘယ်နေ့ ဘယ်အချိန်ရှိပြီလဲမသိ၊ အိပ်တဝက်နိုးတဝက် နဲ့လက်ထဲရှိတဲ့ သံလိုက်အိမ်မြှောင်လေးအားကိုးနဲ့ ဖင်လန်နိုင်ငံရှိတဲ့ အနောက်တောင်အရပ်ကို ဦးတည်ပြီး စကီးကို ဗိုက်ဟောင်းလောင်းနဲ့ စီးထွက်လာခဲ့တယ်။ ဘယ်နှစ်ရက်ကြာမှန်းမသိ
သွားနေရင်း ရုတ်တရက်လူကွဲသွားတဲ့ သူ့ရဲဘော်တွေနဲ့ ပြန်ဆုံလို့ ခပ်လှမ်းလှမ်းက မီးခိုးမြင်ရတဲ့နေရာလေးကို သွားသင့်မသင့်ငြင်းခုံကြရင်း ရေခဲပြင်ပေါ်ချော်လဲပါလေရော။
သူပြန်ထမှ သတိပြန်ဝင်လာပြီး သူ့ရဲဘော်တွေနဲ့ပြန်ဆုံတာ တကယ်မဟုတ်ဘဲ
ယောင်မှားနေတာကို သဘောပေါက်တယ်။ ဒါပေမဲ့ မီးခိုးမြင်နေရတာတော့ တကယ်ပဲဆိုတော့ ဂျာမန်သို့မဟုတ် ဖင်လန်တပ်ပဲဖြစ်ရမယ်ဆိုပြီး စကီးစီးပြီး ဝင်သွားလိုက်တာ ရန်သူ ရုရှားတပ်တွေဖြစ်နေပါရော။ နောက်လှည့်ဖို့ကလည်း အချိန်နှောင်းသွားပြီမို့ မထူးတော့ဘူး ဆိုပြီး လူအုပ်ထဲကနေအရှိန်နဲ့စီးပြီးဖြတ်ထွက်သွားလိုက်မိတယ်။ ရုရှားစစ်သားတွေက ပထမတော့ ကြောင်ကြည့်နေပြီး ရရာလက်နက်နဲ့နောက်က လိုက်ပစ်ကြတယ်။ မြင်းဆေး အရှိန်နဲ့ပြေးနေတဲ့ အိုင်မိုကို တစ်ချက်မှမထိဘဲ နှင်းမုန်တိုင်းကျလာတော့ ရုရှားတွေ လှည့်ပြန်သွားကြရော။ အိုင်မိုလဲမောမောနဲ့နှင်းတောထဲမှာ အကိုင်းခြောက်လေးတွေရှာ မီးမွှေးပြီး ပါလာတဲ့ဟန်းကောလေးထဲနှင်းပွင့်တွေထည့် ရေနွေးကြိုပြီး အနားက ထင်းရူးသီးခြောက်တွေ ခပ်ထည့်လို့သောက်ပြီး အိပ်ပျော်သွားတော့တယ်။ ညလယ်ခေါင်မှာ သူနိုးလာတော့ သူ့ကိုစိုက်ကြည့်နေတဲ့ မျက်လုံးနီကြီးတစ်စုံတွေ့တယ်ဆိုပြီး wolverine ဆိုတဲ့ ဝံပုလွေတစ်မျိုးပဲဆိုတဲ့ အသိစိတ်နဲ့အတူ မထူးဇာတ်ခင်းတဲ့အနေနဲ့ ပါလာတဲ့ ဓါးနဲ့ပြေးထိုးတာ သစ်ပင်ကြီးဖြစ်နေမှ သူဆေးကြောင်နေတာမှန်း သတိထားမိသွားတယ်။ ဓါးကလည်း နှုတ်မရတော့ ဆုံးသွားရော။ လက်ထဲကသံလိုက်အိမ်မြှောင်လည်း ကွဲသွားတော့ သူဘယ်လို လမ်းကြောင်းရှာရမယ်ဆိုတာ မသိတော့ဘူး။ ဒါနဲ့ မထူးဇတ်ခင်းလို့ ခြေဦးတည့်ရာ ဆက်ထွက်လာရင်းလမ်းမှာလူကွဲလာတဲ့ သူ့ရဲဘော်တယောက်တွေ့လို့ လမ်းဘေးမှာထိုင် မီးဖိုရင်းစကားတွေပြောကြတာပေါ့။ နောက်တော့ သတိဝင်လာတော့မှ သူဆေးကြောင်နေတာ ဖြစ်ပြီး သူ့ရဲဘော်နဲ့တွေ့တာမဟုတ်တဲ့အပြင် သူ့သေနတ်ရော ဟန်းကောရော ကျောပိုးအိပ်ရော ဘယ်ပျောက်ကျန်ခဲ့တယ် မမှတ်မိတော့ဘူး။ အဲဒါနဲ့ စကီးဆက်စီးပြီးလာလိုက်တာ ဘယ်လောက်ကြာမှန်း မသိဖြစ်သွားပြီး လူမနေတဲ့သစ်လုံးအိမ်လေးတစ်လုံးတွေ့တာနဲ့
ဝင်လိုက်တယ်။ ဘာစားစရာမှ ရှာမတွေ့ပဲစည်သွပ်ဘူးခွံလေးပဲရှိတော့ သစ်တိုစတွေနဲ့ မီးဖိုပြီးစည်သွပ်ဘူးခွံထဲ နှင်းတွေထည့်ဖျော် အစာပြေသောက်လို့ မီးဖိုဘေးအိပ်ပျော်
သွားပြန်ရော။ သူအိပ်နေတုန်း မီးဖိုကနေအိမ်ကို မီးလောင်တာသိပေမယ့်အိပ်ချင်မူးတူးနဲ့ မီးလွတ်ရာကိုလှိမ့်ပြီး တရွှေ့ရွှေ့နဲ့ပြောင်းအိပ်တာ တစ်အိမ်လုံးပြာကြသွားတောင်မှ နှင်းပြင်ပေါ်မှာ လန့်နိုးရောတဲ့။ ဆေးရှိန်က ပျယ်စပြုလာပြီမို့ အိုင်မို သတိဝင်လာပြီး
ခရီးဆက်လာခဲ့တာ ဘယ်နှစ်ရက်ကြာမှန်းမသိသွားမိတော့ ကင်းစခန်းတစ်ခုလှမ်းတွေ့တယ်။ တည်ဆောက်ပုံကိုကြည့်တော့ ဒါဂျာမန်တပ်စခန်းပဲသေချာတယ်ဆိုပြီး ဝမ်းသာအားရ ဝင်သွားတာ မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထာက်ပြတ်သွားတယ်။ မိုင်းကွဲပေမယ့် ဘယ်သူမှ ထွက်မလာတော့ အိုင်မိုလည်း နှင်းတောထဲလက်နဲ့ တွန်းရွှေ့သွားပြီး ကင်းတဲရဲ့တံခါးကိုဆွဲအဖွင့် နောက်ထပ် မိုင်းတလုံးထပ်ကွဲလို့မြောက်တက်သွားပြန်ရော။ ဂျာမန်တွေက ကင်းစခန်းကို မိုင်းတွေထောင်ပြီးစွန့်ခွာသွားတာလေ။ မျက်နှာနဲ့ ရင်ဘတ်တွေ ဒဏ်ရာထပ်ရတော့ ခြေပြတ်နေတဲ့ အိုင်မိုခမျာ သေမဲ့အချိန်ကို နှင်းတောထဲမှာ ပက်လက်လေးစောင့်နေရ
တော့တယ်။ ဒါပေမဲ့ အားမလျော့တဲ့ အိုင်မိုက အောက်ခံစွပ်ကျယ်ကိုဖြဲပြီး ခြေထောက်ကို ပတ်တီးစီးလို့ အိပ်ပျော်သွားပြန်တယ်။ သူနိုးလာတော့ သူ့အနားမှာ siberian jay ငှက်ငယ်လေးတကောင်က သူ့ကိုအသေကောင်မှတ်ပြီး ကပ်လာတာ သတိထားမိတော့
ငြိမ်နေလိုက်ပြီးပိုင်ပြီဆိုမှ လက်ထဲမှာရှိနေသေးတဲ့ စကီးစီးဒုတ်နဲ့ ရိုက်သတ်လိုက်ပြီး ငှက်ကိုအစိမ်းဝါးစားလိုက်တော့ အားအင်တွေပြန်ပြည့်ဖြိုးလာတယ်။ သိပ်မကြာခင် ဂျာမန်ကင်းထောက်လေယာဉ်ပျံတစ်စီး ဝဲလာတာမြင်လို့ စကီးဒုတ်နဲ့ လက်လှမ်းပြလိုက်တော့ ပိုင်းလော့ကမြင်သွားပြီး သူ့ကိုတစ်ပတ်ပျံကြည့်တယ်။ ပိုင်းလော့က သတင်းပို့လိုက်လို့ ဂျာမန်စစ်သည်တွေ သူ့ကိုလာကယ်တော့မှ အိုင်မိုဟာ သူဆေးတွေကွဲပြီး လျောက်သွားနေတာ နှစ်ပတ်ရှိသွားပြီဆိုတာရယ် ပါဗီတင်ဆေးပြား(၃၀)အရှိန်နဲ့ အိပ်တဝက်နိုးတဝက် ရေခဲပြင်ထဲမှာ အစာရေစာမရှိဘဲ ကီလိုမီတာ(၄၀၀)ကျော် ခြေလျင်ခရီးပေါက်ခဲ့တယ်ဆိုတာရယ်ကို သိတော့တယ်။

သူ့ကိုပြန်တွေ့ချိန်မှာ အိုင်မိုရဲ့ကိုယ်အလေးချိန်က ပေါင်(၈၀)လောက်ပဲ ကျန်တော့သလို ခြေထောက်ကတစ်ချောင်းပြတ် ကိုယ်မှာဒဏ်ရာဗလပွနဲ့ နှလုံးခုန်နှုန်းကလည်း တစ်မိနစ်ကို (၂၀၀)လောက်ရှိတယ်တဲ့။ သူ့တိုင်းပြည်အတွက် ကျရာတာဝန်ထမ်းခဲ့တဲ့ အိုင်မိုဟာ စစ်ကြီး
ပြီးတော့ ဆေးလဲမစွဲဘဲ အသက်(၇၁)နှစ်အထိ နေသွားရတယ်လို့ဆိုပါတယ်။ ဒီဆေးသုံးစွဲခဲ့တဲ့
တစ်ချို့ဂျာမန်စစ်သည်တွေကတော့ နှလုံးရောဂါနဲ့ အခြားရောဂါမျိုးစုံရပြီး ငယ်ငယ်နဲ့ သေကြရတယ်။ လူပေါင်းသန်း(၄၀)ကျော် သေကြေပျက်စီးခဲ့တဲ့ကမ္ဘာစစ်ကြီးထဲမှာ သူ့လို
အောက်ခြေစစ်သား ပွန်းလူငယ်လေးတစ်ယောက်ဖြစ်တဲ့ အိုင်မိုလောက် ကံမကောင်းတဲ့
သူတွေကတော့ အခုဆိုရင်ကမ္ဘာမြေတစ်နေရာမှာ ငြိမ်သက်စွာအိပ်စက်လို့ ကျန်နေခဲ့ပါပြီ။ မျိုးဆက်ဟောင်းတွေရဲ့အမှားတွေကို သင်ခန်းစာယူတတ်ပြီဖြစ်တဲ့ ဥရောပတိုင်းပြည်တွေဟာ စစ်ကို ထပ်မဖြစ်ရဲအောင်ကြောက်သွားကြလို့ ပဋိပက္ခတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းရင်း ငြိမ်းချမ်းသာယာလို့ ဖွံ့ဖြိုးတိုးတက်နေကြချိန်မှာ မျိုးဆက်ဟောင်းတွေရဲ့အညိုးတွေ မာန်မာနတွေကို ဆက်လက်သယ်ဆောင်လာတဲ့ နိုင်ငံတစ်ချို့မှာတော့ အခုထက်ထိ အတိတ်သမိုင်းကြွေးတွေနဲ့တစ်ပတ်လည်ပြီး ရှေ့မတက်ပဲ (ဒစ်)လည်နေကြရပါတယ်။
တကယ်တမ်းပြောရရင် ဥရောပတိုက်ရဲ့သမိုင်းဟာ အာရှနဲ့ တစ်ခြားနိုင်ငံသမိုင်းတွေလိုပဲ အုပ်ချုပ်သူလူတစ်စုရဲ့အတ္တအောက်မှာ အောက်ခြေလူတန်းစားရဲ့ ဘဝတွေ အနာဂတ်တွေ
ပေးဆပ်ခဲ့ရတာပါ။ အိုင်မိုတို့ စစ်သွားတိုက်တဲ့ ရုရှားနိုင်ငံဆိုတာဟာလည်း ဥရောပ ခတ္တိယ အနွယ်ဝင် ဂျာမန်စစ်ဘုရင်တွေထူထောင်သွားတဲ့ ဂျာမန်ပြည်တခုပါ။ အောက်ခြေက ပွန်းတွေ အချင်းချင်းသေမတတ်မုန်းကျ ဖက်သတ်နေကြပေမယ့် အုပ်ချုပ်သူလူတန်းစားကတော့ ဆွေမျိုးတစ်နွယ်ထဲပါ။ ရုရှားဆိုတာ Rus ဆိုတဲ့ ရှေးဂျာမန်စကား Old Norse က ဆင်းသက်
လာပြီး "လှေလှော်သူ" people who row (သို့) သစ္စာရှိရဲဘော် pledged companion လို့
အဓိပ္ပါယ်ရတယ်ဗျ။ အုပ်ချုပ်ခံကျွန်အနွယ် Slav/slave တွေက ဒိန်းမတ်နဲ့ဆွီဒင်ဒေသက ဂျာမန်ခတ္တိယတွေထံကို သက္ကရာဇ်(၈၆၀)အေဒီလောက်(ပုဂံခေတ်မတိုင်မှီလေး)မှာ မင်းလောင်းသွားတောင်းရာက Rurik ဆိုတဲ့ ဂျာမန်စစ်သူရဲမင်းသားကို ပင့်ဆောင်လာပြီး Novrorod မြို့မှာ အုပ်ချုပ်စေရာကစပြီး ရုရှဆိုတဲ့နိုင်ငံကြီး စပေါ်လာတာပါ။

ရုရှားပြည်ကြီးကိုအုပ်ချုပ်သွားတဲ့ ဇာဘုရင်မင်းဆက် အကုန်လုံးဟာ မဟာဆီမဟာသွေး ဂျာမန်လူမျိုးစစ်စစ်ကြီးတွေဆိုတော့ အိုင်မို ဝင်တိုက်ပေးခဲ့တဲ့ဘက်ဖြစ်တဲ့ ဂျာမဏီက ဂျာမန်တွေနဲ့ ဘာထူးလဲလို့ တွေးရတော့မှာပါ။ အမှန်က ဒုတိယကမ္ဘာစစ်ဆိုတာ ပထမ ကမ္ဘာစစ်ကြီးရဲ့နောက်ဆက်တွဲဖြစ်ပြီး ပထမမျိုးဆက်ရဲ့သမိုင်းကြွေးကို နှစ်(၂၀)အကြာ ဒုတိယမျိုးဆက်မှာ ဘောက်ချာစုတ်ကြတာပါ။ ဂျာမန် ခတ္တိယမင်းဆက်တွေ ဆွေမျိုးခြင်း
ဖြစ်တဲ့ပြသနာကို အောက်ခြေပြည်သူတွေအချင်းချင်း ချခိုင်းပြီး ရှင်းတာက ပထမကမ္ဘာစစ်မှာ
သိသာတယ်။ စစ်စဖြစ်တာကလဲ သြစတြီးယားဆိုတဲ့ ဟစ်တလာ့ဇာတိ ဂျာမန်နိုင်ငံမှာ
ဘယ်သူက ဘုရင့်အရိုက်အရာခံမလဲဆိုတာက စတာပါပဲ။ စစ်ဖက်ပြိုင်ကြတဲ့ နှစ်ဖက် ဘုရင်တွေကအကုန်လုံး အမျိုးတွေချည်းပဲ။ ဂျာမန်ဘုရင် ကိုင်ဇာဝီလျံဆိုတာ အင်္ဂလန်ေ
ဂျော့ဘုရင် နဲ့ ရုရှားဇာဘုရင် နီကိုလပ်တို့ နဲ့ညီအစ်ကိုတစ်ဝမ်းကွဲ ဂျာမန်လူမျိုးတွေ (ဇာဘုရင့်မိန်းမဘက်နဲ့ဆက်စပ်ပြီး)။ ပြင်သစ်ဆိုတာကလဲ Frankish ဆိုတဲ့ ဂျာမန်အင်ပါယာ
ဟောင်းရဲ့အလည်တစ်ခြမ်းပါ။ ရုရှားလိုနေရာကတောင် အုပ်ချုပ်ပေးဖို့ မင်းလောင်း သွားတောင်းရသလိုမျိုး၊ ဥရောပနိုင်ငံအတော်များများရဲ့ဘုရင်တွေ စစ်သူကြီးတွေနဲ့ အုပ်ချုပ်သူလူတန်းစားဟာ စစ်တိုက်တော်တဲ့ ဂျာမန်လူမျိုး ခတ္တိယအနွယ်ခေါ်မလား အရိယာ သာကီနွယ်ခေါ်ရမလားတွေ ဖြစ်ရတဲ့အကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

(စစ်ရှုံးလို့ ပြောခွင့်မရှိတော့သူတွေအကြောင်းနဲ့ သမိုင်းကိုအများမမြင်တဲ့ရှုထောင့်ကနေ လေ့လာဖတ်ရှု မှတ်သားထားသမျှတွေကို သုံးသပ်နိုင်စေဖို့ ရေးသားပေးတာပါ။ ထပ်မံရေးသားပေးသွားပါဦးမယ်)

Related news

© 2021. All rights reserved.