မြန်မာ့နိုင်ငံရေးထဲ၌ အနောက်အုပ်စုများက လွှမ်းမိုးခြယ်လှယ်မှုများရှိနေကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော
922
Iris (NP News) - ဇွန် ၂၇
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များအပေါ် အနောက်အုပ်စုက ဝင်ရောက်နှောင့်ယှက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ရုရှားမီဒီယာတစ်ခုနှင့် သီးသန့်အင်တာဗျုးတွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားလိုက်ခြင်းဖြစ်ပြီး အဓိက ရည်ရွယ်သောအနောက်နိုင်ငံဆိုသည်မှာ အမေရိကန်နှင့် ဗြိတိန်ကို ဦးတည်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ "ပထဝီအနေအထားအရ စိတ်ဝင်စားမှုရှိတယ်။ နိုင်ငံရေးအရလည်း စိတ်ဝင်စားမှုရှိတယ်။ အဲဒီတော့ အနောက်နိုင်ငံတွေအနေနဲ့က ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးထဲမှာ လွှမ်းမိုးမှုလုပ်ချင်နေတယ်လို့ ကျွန်တော် တွက်ပါတယ် " ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးကတည်းက ဒီမိုကရေစီနှင့် ဆိုရှယ်လစ်ကို တစ်လှည့်စီကျင့်သုံးခဲ့ရသကဲ့သို့ စစ်အုပ်ချုပ်ရေးဖြင့်လည်း ရပ်တည်ခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်အသက်သွင်းခဲ့ရာတွင် အနောက်အုပ်စုများက ပုံစံမျိုးစုံဖြင့် စိမ့်ဝင်လာပြီးနောက် နိုင်ငံရေးထဲ၌ လွှမ်းမိုးခြယ်လှယ်ရန် ကြိုးစားခဲ့ကြသည်ဟု ဆိုသည်။
ပထဝီနိုင်ငံရေးအရ စိတ်ဝင်စားမှုဆိုသည့်အချက်တွင် မြန်မာနိုင်ငံမှာ အာရှပစိဖိတ်ဒေသအတွက် ပင်လယ်ပြင်ထွက်ပေါက်အား အကောင်းဆုံးနေရာတွင် ရှိနေသကဲ့သို့ တရုတ်နှင့်ရုရှားတို့အတွက် အကောင်းဆုံးသော ပင်လယ်ပြင်ထွက်ပေါက်မျိုးကို ဖန်တီးပေးထားနိုင်ခြင်းက အမေရိကန်နိုင်ငံအတွက် ဖင်ထိုင်မကျဖြစ်စရာမျိုးလည်း ဖြစ်နေသည်ဟု သိရသည်။