သြစတြေးလျတွင် အပျော်တမ်း လေထီးခုန်( Skydive ) အမျိုးသား ၂ ဦး လေယာဉ်ပေါ်မှပြုတ်ကျသေဆုံး
825
ရောင်နီ (NP News) - ဇွန် ၂၈
သြစတြေးလျတွင် ဇွန်လ ၂၇ ရက်က အပျော်တမ်း လေထီးခုန်သမား ( Skydiver ) ၂ ဦး သည် လေထီးခုန်ရန် အ ဆင်သင့်မဖြစ်မီ လေယာဉ်ပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း CNA သတင်းဖော်ပြချက်အရသိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ၎င်းတို့စီးနင်းလာသည့် လေယာဉ်သည် ပျံသန်းမှုအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရပြီး ဆစ်ဒနီအနောက်တောင်ဘက်ကို ၂ နာရီခန့်မောင်းနှင်ခဲ့ပြီးနောက် ယင်းအပျော်တမ်း လေထီးခုန်သူ နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ လေထီးခုန်သူ ၂ ဦးတွင် တစ်ဦးက အပျော်တမ်း လာရောက်လေထီးစီးသူဖြစ်ပြီး ကျန်တစ်ဦးသည် ၎င်း၏နောက်မှလေထီးကို ထိန်းပေးရသည့် နည်းပြဆရာဖြစ်ကြောင်းသိရသည်။ လေထီးသမားနှစ်ဦးသည် ၎င်းတို့စီးနင်းလိုက်ပါလာသည့် လေယာဉ်ပေါ်မှ မြေပြင်ရှိလေယာဉ်ပြေးလမ်းအနီးကို အရှိန်ဖြင့် ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
Adrenaline Skydive Goulburn လေထီးခုန် စင်တာမှ တာဝန်ရှိသူ Scott Marshall က ယင်းကြေကွဲဖွယ်အဖြစ်ဆိုးနှင့် ကြုံတွေ့ရသူ အားလုံးအတွက်“ ကြောက်မက်ဖွယ်ကောင်းသောနေ့” ဖြစ်ကြောင်း၊ တွဲဖက်ဆရာနှင့် ခရီး သည်တို့ ၂ ဦးလုံး အသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းမိကြောင်း The Daily Telegraph သတင်းစာကိုပြောကြားခဲ့သည်။
"ဒီနည်းပြဆရာက skydives ပေါင်း ၂၅ဝဝကျော်ကို ကောင်းမွန်စွာ ထိန်းကျောင်းပျံသန်းနိုင်ခဲ့တယ်၊ ဒီမှာလုံခြုံရေးက အဓိကကျတယ်၊ ဒါဟာ မထင်မှတ်တဲ့ ဖြစ်ရပ်တွေထဲကတစ်ခုပါပဲ "ဟု Marshall က ပြောဆိုခဲ့သည်။ အဆိုပါမတော်တဆမှုကို ရဲတပ်ဖွဲ့နှင့် သြစတြေးလျ သယ်ယူပို့ဆောင်ရေးဗျူရိုမှ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး သြစတြေးလျလေထီးခုန်အဖွဲ့ချုပ်သည်လည်း ၎င်းတို့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews