ဓာတ်အားခ ကောက်ခံခြင်းများကိုကြွေးကျန်မရှိစေဘဲ အမြန် ကောက်ခံရရှိနိုင်ရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

714

ဟိန်း (NP News) ဇွန် ၂၈
ဓာတ်အားခ ကောက်ခံခြင်းများကိုကြွေးကျန်မရှိစေဘဲ အမြန်ကောက်ခံရရှိနိုင်ရန် လိုအပ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ဇွန်လ ၂၈ ရက်နေ့တွင် ပြောသည်။
လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၈ ရက်နေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် မြို့နယ်/ခရိုင်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင် နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများမှ အနီးကပ်ကြပ်မတ်၍ ကြွေးကျန်မရှိစေရေး ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း၊ ဓာတ်အားခများ ကြွေးကျန်မရှိစေရေး ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။
လက်ရှိ ကာလတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၉၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး ၁၅၈၉.၁၃ မဂ္ဂါဝပ်ခန့်ကို ရန်ကုန်တိုင်းဒေသကြီးမှ သုံးစွဲလျက်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ၏ လျှပ်စစ်ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကကျကြောင်းကိုလည်း ထည့်သွင်းပြောသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများမှ မီတာခ မဆောင်သည့်လှုပ်ရှားမှုများနှင့် လျှပ်စစ်ရုံး ဝန်ထမ်းအချို့ CDM ပြုလုပ်နေမှုများကြောင့် ဝန်ထမ်းအသစ်များ ခန့်ထားရသည့်အတွက် အချိန်နှောင့်နှေးမှု များနှင့် နယ်မြေအခြေအနေလုံခြုံရေးအရ နှောက်ယှက်မှုများ ရှိနေကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
#NPNews