စစ်ကောင်စီ၏ နှောင့်ယှက်ဟန့်တားမှုများကြောင့် စစ်ဘေးဒုက္ခသည်များထံ ထောက်ပံ့မည့်ရိက္ခာများရောက်ရှိမှု ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးပြော

 1095

NP News - ဇွန် ၂၉
စစ်ကောင်စီ၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မည့် ရိက္ခာများ အချိန်မီမရောက်ရခြင်းဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

NUG က စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းမှုများရှိသည်ဟုဆိုသော်လည်း မြေပြင်တွင် အကူအညီမရရှိမှုများရှိနေသည်ဆိုသည့်အပေါ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဆိုင်ရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇွန်လ ၂၅ ရက်ကပြောခဲ့ခြင်းဖြစ်သည်။

“အကူအညီမရတဲ့သူတွေ ကျန်တယ်ဆိုတဲ့ကိစ္စမှာ အကူအညီက မရတာမဟုတ်ဘူး။ ရမယ်။ သို့သော် နှောင့်နှေး ကြန့်ကြာမှုတွေရှိနေတယ်။ ဘာ့ကြောင့်နှောင့်နှေးရလဲဆိုရင်တော့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ ကူညီတဲ့ကိစ္စတွေမှာ အနှောင့်အယှက်အဟန့်အတားတွေအများကြီးရှိတယ်။ ပြည်တွင်းထဲမှာဆိုရင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမယ့်သူတွေအကုန်လုံးကို အနှောင့်အယှက်အဟန့်အတားတွေလုပ်တယ်။ ဖမ်းဆီးတယ်။ နှိပ်စက်တယ်။ အကူအညီပေးတဲ့ လမ်းကြောင်းတွေမှာ ပိတ်ဆို့တာတွေရှိနေတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြော သည်။

NUG က လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်အကူအညီလိုအပ်သည့် ပြည်သူများကို ဦးစားပေးလုပ်ဆောင်ပေးမည်ဟု မူဝါဒချမှတ်ထားကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများကို ကူညီထောက်ပံ့ရာတွင် အားလုံးကို မျှတစွာကူညီရန်လုပ်ဆောင်လျက်ရှိသော်လည်း အ ရေးပေါ် အကူအညီလိုအပ်သည့် စစ်ဘေးသင့်ပြည်သူများအတွက် ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကရင်နီစစ်ဘေးရှောင်ပြည်သူများအတွက် ပေးပို့မည့် ဆန်အိတ် ၈ဝ နှင့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မိုးဗြဲနယ်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု NUG ဘက်က သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က ပြန်လည်ငြင်းဆိုခဲ့ကာ PDF တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ပြည်သူပေါင်း နှစ်သိန်းသုံးသောင်းကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.