ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို စွပ်စွဲထားသည့် ၅၀၅ (ခ) အတွက် တရားလိုဘက်ကတင်သွင်းသော စာရွက်စာတမ်းများကိုလက်ခံကြောင်း တရားရုံးက ကြားဖြတ်အမိန့်ချ
624
(NPNews) ဇွန် ၂၉
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ အပေါ်စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှု အတွက် သက်သေခံတင်သွင်းသည့် စာရွက်စာတမ်း နှစ်စောင်ကို လက်ခံကြောင်း မြို့နယ်အဆင့်တရားရုံးက ယနေ့ (ဇွန်လ ၂၉) တွင် ကြားဖြတ်အမိန့်ချမှတ်လိုက်သည်။
၅၀၅ (ခ) အမှုသည် စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၃ ဦးလုံး ထိန်းသိမ်းခံထားရချိန်တွင် ထပ်တိုးလာတဲ့အမှုတစ်ခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လူမှုကွန်ရက်စာမျက်နှာတွင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ပေးပို့ခဲ့သည့်စာကို တရားလိုဘက်က သက်သေခံအဖြစ်တင်သွင်းလာသည့်စာတွင် စစ်အာဏာသိမ်းအစိုးရနှင့် မပူးပေါင်းရန် ဦးဝင်းမြင့် သာလျှင် သမ္မတ ဖြစ်သည်ဆိုသည့် အကြောင်းအရာများပါဝင်သည်။
နောက်ထပ် သက်သေအဖြစ်တင်သွင်းလာတဲ့ စာတစ်စောင်မှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် NLD က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၆/ဝ၂/၂၀၂၁ ဖြစ်ပြီး အဆိုပါ ကြေညာချက်တွင် ဥပဒေပြုရေးအာဏာသည် CRPH တွင်သာ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်၊ ညွှန်ကြားချက်နှင့် ဥပဒေများသည် တရားမဝင်ဟု ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက် နှစ်စောင်ကို တရားလိုဘက်က သက်သေအဖြစ်တင်သွင်းလာမှုကို ဥပဒေအရာရှိက သက်သေခံအဖြစ်တင်သွင်းသင့်သည်ဟု လျှောက်လဲချက်ပေးပြီး တရားရုံးကလည်း ခွင့်ပြုခဲ့သည်။
ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့် တရားရုံးက ဇွန်လ ၂၉ ရက်တွင်ချမှတ်သော အမိန့်အပေါ် ကန့်ကွက်ပြီး တဆင့်မြင်သောတရားရုံးဖြစ်သည့် ဒက္ခိဏခရိုင် တရားရုံးသို့ ပြင်ဆင်မှုလျှောက်ထားသွားမည်ဟုလည်း သိရသည်။ကြားဖြတ်အမိန့်ဆိုသည်မှာ တရားရုံးက အမှုနှင့် ပတ်သက်သည့် ကြားနာ စစ်ဆေးမှုဆုံးဖြတ်ချက်တစ်ခုပြီးတိုင်း ချမှတ်သည့်အမိန့်ကိုဆိုလိုခြင်းဖြစ်သည်။