ရုရှားမှ ကိုဗစ်ကာကွယ်ဆေး ၉သန်းဝယ်ယူမည်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍကိုလည်းတင်သွင်းဖြန့်ချီ ထိုးနှံခွင့်ပြုထား

 715

NP News - ဇွန် ၃ဝ
ရုရှားမှ Sputnik ကာကွယ်ဆေး၂သန်းမှာယူရန်လုပ်ဆောင်ထားပြီး နောက်ထပ် ၇သန်း ထပ်မံဝယ်ယူမည်ဖြစ်ကာ တရုတ်နိုင်ငံနှင့်လည်း ကာကွယ်ဆေးကိစ္စညှိနှိုင်းမှုများရှိကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ရုရှားသတင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးခဲ့စဉ် ထည့်သွင်းပြောခဲ့သည်။

ကိုဗစ်ကာကွယ်ဆေးများကို ခွင့်ပြုချက်တောင်းခံပြီး ပုဂ္ဂလိက ကဏ္ဍမှတင်သွင်းဖြန့်ချီထိုးနှံပေးနိုင်ရန် ၂ဝ၂၁ ခုနှစ် မတ်လမှစတင်ပြီး ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

“မကြာခင်တော့ ရုရှားက Sputnik V နဲ့ Sputnik light ရရှိနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံနဲ့လည်း ကာ ကွယ်ဆေးကိစ္စ ဝယ်ယူဖို့ညှိနှိုင်းထားတာတွေ ရှိနေပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာလည်း တင်သွင်းဖြန့်ချိခွင့် ပြုထားပြီမို့ ပိုပြီးထိုးနှံနိုင်မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက နဂိုကဝယ်ယူထားတဲ့ကာကွယ်ဆေးတွေကတော့ သူတို့နိုင်ငံအနေနဲ့ ရောဂါကိုထိန်းချုပ်နိုင်ပြီးရင် ရရှိနိုင်မှာဖြစ်ပါတယ်”ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

မြန်မာနိုင်ငံရှိ SML Pharmaceutical Trading Co., Ltd သည်လည်း အိန္ဒိယနိုင်ငံ Bharat Biotech International Ltd. မှ ထုတ်လုပ်သော Covid-19 (SARS-CoV-2) vaccine - COVAXIN ကို မြန်မာနိုင်ငံသို့ မူပိုင်တင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ရစေရန် ၂ဝ၂ဝ ပြည့်နှစ်နိုဝင်ဘာလမှ စတင်စီစဉ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တင်သွင်းခြင်း မှတ်တမ်းတင်လက်မှတ်လည်း ရရှိပြီးဖြစ်ကြောင်း သိရသည်။ လက် ရှိအချိန်တွင် အိန္ဒိယနိုင်ငံအစိုးရ၏ တင်ပို့ခွင့် ခွင့်ပြုချက်ရရှိရန်စောင့်ဆိုင်းနေကြောင်း၊ ၂ဝ၂၁ ခုနှစ် ဇူလိုင်လကုန်နှင့် ဩဂုတ်လဆန်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ကုမ္ပဏီက ဇွန်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။ အဆိုပါ ကာကွယ်ဆေးသည် လေးပတ် (၂၈ ရက်) ခြား၍ နှစ်ကြိမ်ထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၂၉ ရက်အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၅၅၆၉၇ အထိရှိလာပြီဖြစ်ပြီး သေဆုံးသူ ၃၃၂ဝ ဦးထိရှိနေပြီဖြစ်ကြောင်းသိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ၂ဝ၂၁ ခုနှစ် ဇွန်လ ၁ရက်မှ ၂၈ ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးသို့ နှာခေါင်းစည်း (surgical mask) အခုရေ ၁၂ သိန်းကျော် ဖြန့် ဝေထားပြီးဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.