ထိုင်းဝန်ကြီးချုပ်နှုတ်ထွက်ရေးလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်
748
ဝတီ (NP News) - ဇွန် ၃ဝ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Jatuporn Prompan ဦးဆောင်သည့်အဖွဲ့က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးမှ နုတ်ထွက်ရေးလှုပ်ရှားမှုကို ဇွန်လ ၂၉ ရက်ကဆက်လက်ပြုလုပ်သွားပြီး ဇူလိုင်လ ၃ ရက်နေ့တွင်လည်း ဝန်ကြီးချုပ်အိမ်တော်တွင်ထပ်မံဆန္ဒပြသွားဦးမည်ဟု ကတိပြုပြောကြားသွားသေးသည်။
အဆိုပါအဖွဲ့ခေါင်းဆောင်များက ဇွန်လ ၂၉ ရက်တွင် ဝန်ကြီးချုပ်အိမ်တော်သို့သွားကာ ဝန်ကြီးချုပ်အတွက် စာပို့ထားခဲ့သည်။ ထိုစာသည် ဝန်ကြီးချုပ်နုတ်ထွက်ရန် တောင်းဆိုထားသည့်စာဖြစ်ပြီး ယင်းတောင်းဆိုစာကို ဝန်ကြီး ချုပ်ရုံးလက်အောက်ရှိ အမြဲတမ်းအတွင်းဝန်ရုံးတွင် အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေသူက လက်ခံခဲ့သည်။
အဖွဲ့ခေါင်းဆောင်တစ်ဦးက ထုတ်ပြန်ချက်တစ်ရပ်ကို ဖတ်ပြခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် လူထုခံစားနေရသည့် ဒုက္ခများကို ဖော်ပြထားသည်။ ပြည်သူလူထု မျက်ရည်ကျနေရ၊ သေဆုံးနေရသည်ကို မြင်သော်လည်း ထိုင်း ဝန် ကြီးချုပ်က နောင်တရသည့်အရိပ်အယောင်ပင်မပြဟု ၎င်းက ဝန်ကြီးချုပ်ကိုစွပ်စွဲပြောဆိုသွားသည်။ မြေပြင်ပေါ် လူသုံးဦး လဲကျသေဆုံးနေပြီး ယင်းအလောင်းများကို အဝတ်ဖြူဖြင့် အုပ်ထားပုံကိုလည်း ၎င်းတို့က ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင်ထည့်သွင်း သရုပ်ပြသွားသေးသည်။ ပြည်သူလူထုသည် ကိုဗစ် ၁၉ ၊ ကိုဗစ်ကာကွယ်ဆေးမရခြင်းနှင့် ဆင်းရဲမွဲတေခြင်းဆိုသည့် အကြောင်းသုံးရပ်ကြောင့် သေဆုံးသွားရပုံကို ထိုသို့ သရုပ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
#NPNews