နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ဖန်တီးယူခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

 1205

NP News - ဇွန် ၃ဝ
အခြေခံဥပဒေပြဌာန်းချက်တွင် မပါဝင်သည့် နိုင်ငံတော်အတိုင်ပင်ခံရာထူးကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်တိုင်ဖန်တီးယူခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားရုပ်သံသတင်းဌာနတစ်ခုနှင့် အင်တာဗျူးဖြေစဉ်ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးမရှိသည်ကို တွေ့ရသော်လည်း ပြီးခဲ့သည့်အစိုးရလက်ထက်၌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် နိုင်ငံ့အာဏာကိုယူခဲ့သည့်အပေါ် ရုရှားရုပ်သံသတင်းဌာနမှ စစ်ကောင်စီဥက္ကဋ္ဌအားမေးမြန်းရာ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အတိုင်ပင်ခံရာထူးမျိုးဆိုတာကတော့ ကိုယ့်ဟာကိုယ်ဖန်တီးယူတဲ့ဟာမျိုးပါ။ ဥပဒေမှာတော့ ပုဒ်မတစ်ခုရှိတယ်။ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ယောက်ကို တာဝန်ပေးနိုင်တယ်ဆိုတဲ့ ပုဒ်မတစ်ခု ရှိတယ်။ အဲဒီပုဒ်မအရသူတို့ပေးတာ။ သို့သော်လည်း လုပ်လို့ရတဲ့ လုပ်ပိုင်ခွင့်တွေရှိတယ်” ဟု စစ်ကောင်စီဥက္ကဋ္ဌက ဖြေကြားခဲ့သည်။

အခြေခံဥပဒေအရ တည်ဆဲလုပ်ကိုင်နေသည့် တပ်မတော်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူ သော အာဏာသုံးရပ်ကိုအခြေခံ၍ လုပ်ကိုင်လျက်ရှိသော်လည်း ထိုအချက်အားလွှမ်းခြုံသည့်အရာမျိုးကို မည်သူမှ လုပ်၍မရ၊ ဥပဒေပြဋ္ဌာန်းသည့်အခါတွင်လည်း ထိုအရာကို ကျော်လွှားလုပ်ရသည့်ဥပဒေမျိုးပြဋ္ဌာန်း လုပ်ကိုင်ခွင့်မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပြဋ္ဌာန်းထားသည့်ဥပဒေများကို ကျော်လွန်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)အရ မြန်မာနိုင်ငံသားသည် နိုင်ငံခြားသားတစ်ဦးနှင့် ပတ်သက်မှုရှိလျှင် သမ္မတဖြစ်ပိုင်ခွင့် အရည်အချင်းနှင့်ငြိစွန်းနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည့်ဥပဒေကို ကိုယ်တိုင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် ပြစ်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတရား သူကြီးများက ၎င်းတို့၏ဆင်ခြင်တုံတရားဖြင့် စစ်ဆေးမေးမြန်း ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
#NPNews

Related news

© 2021. All rights reserved.