သံရုံးဝန်ထမ်းများ၏ အိမ်ယာအဆောက်အဦးကို အဓမ္မဝင်ရောက်ခြင်းမျိုးထပ်မံမလုပ်ရန် စစ်ကောင်စီကို ဂျပန်နိုင်ငံသတိပေး

 532

ဂျန်ဇက် (NP News) - ဇူလိုင် ၆
စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များဂျပန်သံရုံးဝန်ထမ်းများ၏ အိမ်ယာအ ဆောက်အဦးများကိုအဓမ္မဝင်ရောက်ခဲ့ပြီးနောက် ဂျပန်အစိုးရက စစ်ကောင်စီအပေါ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်နှင့် ပတ်သက်ပြီးကန့်ကွက်ခဲ့သည်။ ထို့ပြင် ယခုကဲ့သို့ အဓမ္မဝင်ရောက်ခြင်းမျိုးထပ်မံမလုပ်ရန်သတိပေးလိုက်ကြောင်းသိရသည်။

စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလအတွင်းကရန်ကုန်မြို့ရှိဂျ ပန်သံရုံးဝန်ထမ်းများနေထိုင်သည့် အိမ်ယာအဆောက်ဦးထဲကို အဓမ္မဝင်ရောက်ခဲ့သည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက်ဂျပန်အစိုးရက စစ်ကောင်စီအပေါ် ယခုကဲ့သို့ ကန့်ကွက်သတိပေးလိုက်ခြင်းဖြစ်သည်။

ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးကက်ဆူနိုဘူကာတိုက “သံရုံးဝန်ထမ်းအိမ်ယာအ ဆောက်အဦးထဲကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအဓမ္မဝင်ရောက်ခဲ့ပေမယ့်ဝန်ထမ်းတွေထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ဟာဂျပန်သံရုံးဝန်ထမ်းတွေရဲ့ဘေးကင်းစိတ်ချရမှုအတွက်စိုးရိမ်စရာဖြစ်စေတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အပြုအမှုကသံတမန်ရေးဆက်ဆံရေးပတ်သက်တဲ့ Vienna Convention သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ Vienna Convention သဘောတူညီချက်တွင် သံတမန်များကိုဖမ်းဆီးထိန်း သိမ်းခြင်း၊သံတမန်များနေထိုင်ရာဝန်းကျင်ကိုကျူးကျော်ဝင်ရောက်ခြင်းမျိုးမလုပ်ရန်သတ်မှတ်ထားကြောင်း သိရသည်။

ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးက စစ်ကောင်စီသည် ဧပြီ(၁၇)ရက်နေ့က ဖြစ်ခဲ့သည့် အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်ပြီး ဂျပန်အစိုးရကိုပြန်တောင်းပန်ထားကြောင်းပြောသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည်ရန်ကုန်မြို့ရှိ ဂျပန်သံရုံးတွင်အလုပ်လုပ်နေသည့် ဝန်ထမ်းများ နှင့် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်များနေထိုင်သည့်အိမ်ယာအဆောက်အဦးကိုအဓမ္မဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
#NPNews

Related news

© 2021. All rights reserved.