ငတ်မွတ်ခေါင်းပါးခြင်းကို အမြစ်ဖြတ်ရန် ရည်ရွယ်ထားသော်လည်း ကိုဗစ်ကြောင့် အငတ်ဘေးက ကမ္ဘာတစ်လွှား၌တစ်ဟုန်ထိုးပြန်လည်မြင့်တက်လာဟု UN ထုတ်ပြန်

 975

Htay Oung (NP News) - ဇူလိုင် ၁၃
ငတ်မွတ်ခေါင်းပါးခြင်းကို ၂၀၃၀ ခုနှစ်အရောက်တွင် ကမ္ဘာကြီးမှ အမြစ်ပြတ်တိုက်ထုတ်ရန် အဆင်သင့်ရှိနေပြီဖြစ်သော်လည်း ယခု ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်ခြင်းက မှားယွင်းသည့်လမ်းကြောင်းပေါ်သို့ အရောက်ပို့ခဲ့ကြောင်း၊ COVID-19 ရောဂါကူးစက်မှုကြောင့် လူတိုင်း စားနပ်ရိက္ခာရရှိစေရန် ကြိုးပမ်းမှုများအပေါ် အကြီးအကျယ်ဆုတ်ယုတ်စေပြီး အငတ်ဘေးနှင့် ရင်ဆိုင်နေရသူ ၁၈ ရာနှုန်းခန့် တိုးပွားလာကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ တနင်္လာနေ့ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

နိုင်ငံတကာတွင် Covid-19 ရောဂါဖြစ်ပွားမှုထိန်းချုပ်ရေး အစီအစဉ်များ ပြဌာန်းခဲ့ရာ အကျိုးဆက်ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုမှာ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အငတ်ဘေးကြီး ဆိုးရွားလာစေရန် ဖန်တီးလျှက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှု၏ အကျိုးသက်ရောက်မှုကို အပြည့်အ၀ ဆုံးဖြတ်နိုင်ခြင်း မရှိသေးသော်လည်း ၂၀၂၀ ခုနှစ်တွင် စားနပ်ရိက္ခာငတ်မွတ်သူ ၁၁၈ သန်းခန့် ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် ၁၈ ရာခိုင်နှုန်း တိုးမြင့်လာနိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီများ၏ စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာက ခန့်မှန်းဖော်ပြသည်။ ၂၀၂၀ ခုနှစ်၌ ကမ္ဘာ့ပေါ်တွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်းနီးပါးဖြစ်သော လူဦးရေ ၂ ဒသမ ၃၇ ဘီယီယံမှာ အစားအစာ လုံလုံလောက်လောက် မရရှိခဲ့ကြသည်ကို တွေ့ရှိရပြီး လူ ၁၀ ဦးလျှင် ၁ ဦးမှာ အဟာရချို့တဲ့လျှက်ရှိကြောင်း၊ ငတ်မွတ်သူဦးရေမှာလည်း တစ်နှစ်အတွင်း သန်း ၃၂၀ နီးပါး တိုးပွားလာခဲ့ကြောင်း သိရသည်။ ဝင်ငွေနည်းပါးနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံအားလုံးနီးပါးတို့အပေါ် စီးပွားရေးကျဆင်းမှု အကျိုးသက်ရောက်သဖြင့် ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာခဲ့ကြောင်း ရာသီဥတုနှင့်ဆက်စပ်သော သဘာဝဘေး အန္တရာယ်ဒဏ်သင့်နိုင်ငံများနှင့် ပဋိပက္ခဖြစ်ပွားလျှက်ရှိသော နိုင်ငံတို့၌ပါ ဆိုးကျိုးအပြင်းထန်ဆုံး သက်ရောက်စေခဲ့ကြောင်းလည်း စစ်တမ်းက ဆိုသည်။

ကမ္ဘာ့အာဟာရချို့တဲ့သူဦးရေ၏ ထက်ဝက်ကျော်မှာ အာရှတိုက်တွင် တည်ရှိနေပြီး လူဦးရေ (၄၁၈ သန်း) ရှိနေကြောင်း၊ သုံးပုံ တစ်ပုံကျော်မှာ အာဖရိကတိုက်မှဖြစ်ကာ (၂၈၂ သန်း) ရှိနေကြောင်း၊ လက်တင်အမေရိကတွင် စုစုပေါင်း၏ ၈ ရာခိုင်နှုန်း သို့မဟုတ် သန်း ၆၀ ခန့် ရှိနေသည်ဟု ဆိုသည်။ ကူးစက်ရောဂါတိုက်ဖျက်ရေး ပြဌာန်းချက်များမှ အချို့သောနိုင်ငံများ အထူးသဖြင့် အဆင်းရဲဆုံးတိုင်းပြည်များ၏ ပြည်တွင်းဈေးကွက်တွင် လယ်သမား ချောင်းသမားတို့၏ ထွက်ကုန်စီးဆင်းရေးနှင့် ရောင်းချခြင်းများအပေါ် အတားအဆီး ဖြစ်နေကြောင်း၊ ထောက်ပံ့ပေးပို့သည့်နေရာတွင် ပြဿနာဖြစ်လာပြီး ဈေးနှုန်းများ ကြီးမြင့်လာရကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသော Covid-19 ကပ်ရောဂါနှင့်ပတ်သက်၍ သမုဒ္ဒရာတွင်း ရေခဲစိုင်၏ အပေါ်ပိုင်းကို မြင်တွေ့ရသကဲ့သို့ အနည်းငယ်မျှသာ သိရှိထားကြကြောင်း၊ လောလောဆယ်နှစ်များအတွင်း ရာသီဥတုပြောင်းလဲခြင်း၊ ဆိုးရွားပြင်းထန်ခြင်းကဲ့သို့ စီးပွားရေးနှေးကွေးခြင်းနှင့် ကျဆင်းခြင်းစသည့် အဓိက ပြဿ နာများကို ဖန်တီးသဖြင့် စားနပ်ရိက္ခာစံနစ်တွင် အားနည်းချက်များကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောဆိုသည်။

အဆိုပါ အစီရင်ခံစာကို FAO နှင့်အတူ အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFAD)၊ ကုလသမဂ္ဂကလေးများအရေးပေါ်ရန်ပုံငွေ (UNICEF)၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ပူးတွဲတင်သွင်းကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Related news

© 2021. All rights reserved.