ဆေးပြတ်လပ်မှုပါ ရင်ဆိုင်နေရသည့် အိန္ဒိယ၌ ပထမဆုံး COVID-19 လူနာ ဝူဟန်ပြန် ဆေးကျောင်းသူတွင် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရနေရကြောင်း တွေ့ရှိ

 781

Htay Oung (NP News) - ဇူလိုင် ၁၅
တရုတ်နိုင်ငံ ဝူဟန်မြို့တွင်နေထိုင်ခဲ့ဖူးပြီး အိန္ဒိယ၏ပထမဆုံးကိုရိုနာဗိုင်းရပ်စ် လူနာဖြစ်ခဲ့ဖူးသည့် ကျောင်းသူတစ်ဦးတွင် COVID-19 ရောဂါကူးစက်လျှက်ရှိလာသည်ကို ဒုတိယအကြိမ် ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးအရာရှိတစ်ဦးကို ကိုးကားပြီး Channel New Asia က ရေးသားသည်။

အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် အဆိုပါကျောင်းသူအမျိုးသမီးမှာ နယူးဒေလီသို့ သွားရောက်စဉ်အတွင်း ပုံမှန်ဆေးစစ်မှု ခံယူရာ၌ ဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိသည်ကို ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများ ပြသခြင်းမရှိသည့်အတွက် ၎င်း၏ နေအိမ်၌ သီးခြားခွဲထုတ်နေထိုင်စေလျှက် ကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်မပြတ် ရှိနေခဲ့ကြောင်း ခရိုင်ကျန်းမာရေးအရာရှိက အတည်ပြုသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဗိုင်းရပ်စ်ပိုး ပထမဆုံး စတင်တွေ့ရှိပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် နယူးဒေလီအစိုးရက ပညာတော်သင်အဖြစ် စေလွှတ်ခဲ့သည့် အိန္ဒိယဆေးကျောင်းသား/ကျောင်းသူများအနက် အဆိုပါ အမျိုးသမီးမှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုနောက်ပိုင်းတွင် ၎င်းမှာ သာမန်ရောဂါလက္ခဏာများပြသပြီး ဗိုင်းရပ်စ်ပိုးစွဲကပ်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အိန္ဒိယနိုင်ငံ၏ ပထမဆုံး COVID-19 လူနာဖြစ်လာခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကူးစက်ကပ်ရောဂါကျရောက်စဉ် ဗိုင်းရပ်စ်ပိုး စွဲကပ်ခြင်းခံရသူ လူပေါင်း ၃၁ သန်းနီးပါး ရှိနေပြီး လူ ၄၁၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဧပြီနှင့် မေလတို့တွင် ကူးစက်မှူလှိုင်းသစ်ရိုက်ခတ်ခြင်းကြောင့် လူအမြောက်အများတို့မှာ ဖျားနာသေဆုံးခဲ့ ကြရသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ၌ ကူးစက်မှုလှိုင်းသစ်တစ်ခု ကျရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ပြီး ထိရောက်သည့် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အာဏာပိုင်တို့က ကြိုးစားခဲ့ကြရာ၌ ကာကွယ်ဆေးပြတ်လပ်မှုက အတားအဆီးသဖွယ် ဖြစ်လျှက်ရှိနေသည်။ အိန္ဒိယနိုင်ငံအတွင်းနေ အရွယ်ရောက်သူအားလုံးကို ယခုနှစ်အကုန်၌ ကာကွယ်ဆေးထိုးနှံပြီးဖြစ်စေရန် နယူးဒေလီအစိုးရက ရည်မှန်းထားသော်လည်း ဒေလီကဲ့သို့ ပြည်နယ်မြို့ကြီး အတော်များများတွင် ကာကွယ်ဆေးများ ကုန်ခမ်းသွားသည်ဆိုခြင်းက အစီအစဉ်ကို ကျဆုံးစေခဲ့သည်။

အစိုးရ၏ ကာကွယ်ဆေးထိုးနှံရန်ကြိုးပမ်းမှု အစီအစဉ်သစ်အရ ဇွန်လ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် ဆေးကြိမ်ရေပမာဏ ၉ သန်းကျော်ကို ထိုးနှံပေးခဲ့သော်လည်း ရက်အနည်းငယ်အတွင်း ထိုးနှံပေးမှု မှာ ၃ သန်း အောက်အထိ ကျဆင်းသွားသည်။ အိန္ဒိယနိုင်ငံတွင် လူပေါင်း သန်း ၃၉၀ သန်းနီးပါးကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သော်လည်း ၎င်းတွင် ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူမှာ နိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းအောက်နှင့် ၁ ကြိမ်ထိုးနှံပြီးသူ ၂၃ ရာခိုင်နှုန်ခန့်သာ ဖြစ်နေသည်။ ကီရာလာတွင် နေထိုင်သည့် အဆိုပါဆေးကျောင်းသူမှာ ကာကွယ်ဆေးထိုးနှံရခြင်း မရှိသေးချေ။ ၎င်း ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံတွင် အတည်ပြုသည့် ကာကွယ်ဆေးဗားရှင်းမျိုးကို ရရှိရန် စောင့်ဆိုင်းနေရသောကြောင့် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါလှိုင်းက အပြင်းထန်ဆုံး ရိုက်ခတ်ခဲ့သည့် ပြည်နယ်များတွင် ကီရာလာမှာ အပါအဝင်ဖြစ်ပြီး အိန္ဒိယတစ်နိုင်ငံလုံး
ဖြစ်ပွားမှု၏ သုံးပုံတစ်ပုံကျော်ရှိသည်။

ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယနိုင်ငံ၌ ၂၄ နာရီအတွင်း ကူးစက်မှု ၄၃၀၀၀ ခန့် ထပ်မံတွေ့ရှိခဲ့ရာ ၁၄,၅၀၀ မှာ ကီရာလာမှ ဖြစ်နေသည်။ ထိုအတွက် ကူးစက်ပျံ့နှံ့မှု တားဆီးရန် တနင်္ဂနေ့မှစတင်ကာ ရက်သတ္တပတ်ကြာ Lock Down ချမှတ်မည်ဖြစ်သည်။ COVID-19 သည် ကပ်ရောဂါဖြစ်ကြောင်း WHO က ကြေညာထားပြီးဖြစ်သည်။ ဗိုင်းရပ်စ်သက်ဆိုးရှည်လေ ဗီဇပြောင်းမျိုးကွဲ၍ ရှုပ်ထွေးပြီး ဆေးရှာရခက်လေဖြစ်၍ ရသမျှကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံကြရန် ဆော်သြလျှက်ရှိသည်။

ကမ္ဘာ့လူသား ၄ သန်းခန့်ကို အသေသတ်ခဲ့ပြီး သန်း ၁၄၀ ကို ဖျားနာစေခဲ့သည် SARS-CoV-2 ဗိုင်းရပ်စ်သည် အနီ၊ အစိမ်း၊ အဝါ၊ အပြာဟူ၍ မသိပေ။ စာနာထောက်ထားရန် စိတ်ဝိဉာဉ်ရှိသော သတ္တဝါလည်း မဟုတ်သကဲ့သို့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူ ကျား-မ အသက်မရွယ်မရွေးတို့ အားလုံးကို ကူးစက်မည်ဖြစ်ပြီး ဖျားနာ၍ အလုပ်အကိုင်ပျက်ယွင်းရခြင်းမှ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။

Related news

© 2021. All rights reserved.