ဗန်းမော်မြို့သစ်တွင် စစ်သား (၃) ဦးက အမျိုးသမီးကြီး တစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား
1430
NP News - ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သစ်နေ အမျိုးသမီးကြီးတစ်ဦးကို တပ်မတော်သား (၃) ဦးမှ ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု စစ်ကောင်စီဘက်မှ ဇူလိုင်လ ၁၆ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ သည်။
ကချင်ပြည်နယ် ဗန်းမော်မြို့သစ်၊ နွယ်လန်းကျေးရွာ၊ နွယ်လန်းတပ်နယ်၏ အနောက်မြောက်ဘက်၊ မီတာ ၂ဝဝဝ အကွာရှိ လယ်ကွင်းအနီးတွင် ဇူလိုင်လ ၁၅ ရက်နေ့က ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သား(၃) ဦးသည် ဇူလိုင်လ ၁၄ ရက်နေ့က တပ်ဌာနချုပ်ရှိရာ နွယ်လန်းမှထွက်ခွာခဲ့ပြီး တပ်၏ အနောက် မြောက်ဘက်ရှိ လယ်ကွင်းသို့ ရောက်ရှိစဉ် အသက် (၅ဝ) အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးနှင့် စကားများခဲ့ကြရာ ၎င်းတို့သည် ဓါးဖြင့်ထိုးသတ်ခဲ့ကြပြီး ယင်းအမျိုးသမီး၏ ရုပ်အလောင်းကို ကျေးရွာအနီးရှိ ချောင်းအတွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူသတ်မှုကျူးလွန်ခဲ့သည့် အဆိုပါစစ်သည် (၃) ဦးကို လက်ရှိတွင် နယ်မြေခံတပ်တွင် ချုပ်နှောင်ထားကြောင်း သိရကာ၊ လူသတ်မှုနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်ချက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဗန်းမော်မြို့နယ် ရဲစခန်းမှ အခြားသော ပြစ်မှုများကျူးလွန်ခဲ့ခြင်း ရှိ/ မရှိ ကို သိရှိနိုင်ရန် သေဆုံးသူ အမျိုးသမီးကြီး၏ ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ လူသတ်မှုအပြင် အခြားကျူးလွန်ပြစ်မှုများ ကိုပါ ဆက်လက်စစ်ဆေး၍ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
#NPNews #ဗန်းမော်မြို့သစ် #လူသတ်မှု #စစ်ကောင်စီ #တပ်မတော်သားသုံးဦး