ထိုင်းမှာ COVID-19 ဖြစ်ပွားမှုနဲ့သေဆုံးမှု နေ့စဉ်စံချိန်တင်နေတာကြောင့် လူစုလူဝေးများကို တားမြစ်

 511

ရောင်နီ (NP News) - ဇူလိုင် ၁၇
ထိုင်းနိုင်ငံဟာ ဘန်ကောက်နဲ့ အခြားပြည်နယ် ၉ ခုမှာ တစ်စိတ်တစ်ပိုင်းလော့ဒေါင်း သတ်မှတ်ထားပေမယ့်လည်း စနေနေ့ ( ဇူလိုင် ၁၇ ရက်နေ့ ) မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေ စံချိန်တင်မြင့်တက်လာခြင်းကြောင့် လူထုစုရုံးမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တားမြစ်သွားမယ်လို့ အာဏာပိုင်များက အစီရင်ခံခဲ့ပါတယ်။

စနေနေ့မှာ နိုင်ငံအတွင်း COVID-19 ကူးစက်လူနာ ၁၀၀၈၂ ခုနဲ့ ထပ်မံသေဆုံးသူ ၁၄၁ ဦး ထပ်တိုးလာခဲ့ပြီး စုစုပေါင်းပိုးကူးစက်လူနာအရေအတွက် ၃၉၁၉၈၉ ဦး၊ သေဆုံးသူ ၃၂၄၀ ဦးထိ ရှိလာခဲ့ပါတယ်။ နိုင်ငံအတွင်း အများပြည်သူစုရုံးမှုများကို တားမြစ်ထားပြီး မလိုက်နာပါက ထောင်ဒဏ် နှစ်နှစ် (သို့မဟုတ် ) ဘတ် ၄၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၁၉ ဒသမ ၈၈) (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သောကြာနေ့နှောင်းပိုင်းမှာ Royal Gazette သတင်းစာမှ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အစိုးရအနေနဲ့ ဧပြီလ အစောပိုင်းကတည်းက တွန်းလှန်နေရတဲ့ကူးစက်မြန် Alpha နဲ့ Delta COVID-19 မျိုးကွဲများကြောင့် ကန့်သတ်ချက်များ ပိုမိုပြုလုပ်ဖို့စဉ်းစားနေကြောင်း၊ လူထုလှုပ်ရှားမှုကို အတတ်နိုင်ဆုံး ကန့်သတ်ရန်နဲ့ အခြေခံအဆောက်အအုံများကို ပိတ်ထားရန်အတွက် ကန့်သတ်ချက်အစီအမံများကို ချဲ့ထွင်ရန် လိုအပ်ကြောင် သူရဲ့တရားဝင် Facebook စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ မှစပြီး ထိုင်းနိုင်ငံဟာ အန္တရာယ်ရှိတဲ့ ဒေသများရဲ့ သွားလာလှုပ်ရှားမှုများ၊ လူထုစုဝေးမှုများ၊ ကုန်တိုက်များနဲ့ စီးပွားရေးလုပ်ငန်းအချို့ပိတ်သိမ်းမည်ဖြစ်ပြီး ည ၉ နာရီမှ မနက် ၄ နာရီအကြား ညမထွက်ရ အမိန့်နဲ့အတူ အပြင်းထန်ဆုံးကန့်သတ်ချက်များအောက် ရောက်ရှိမယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.