ကိုဗစ်အရေးဝိုင်းကူပေးမည့် စေတနာ့ဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှုများ ရှိနေဟု စစ်ကောင်စီ ဥက္ကဋ္ဌပြော

 1048

အေဝိုင်အီး (NP News) - ဇူလိုင် ၁၉
ကိုဗစ်အရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီလုပ်ဆောင်မည့် စေတနာ့ဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှုများရှိနေကြောင်းနှင့် ခြိမ်းခြောက်ခံရမှုများကြားမှ လာရောက်မည့်သူများကိုလည်း ကြိုဆိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ကိုဗစ်ဗိုင်းရပ်စ်ပိုးမှာ မြင်ရတွေ့ရသည့်အရာမဟုတ်သည့်အတွက် အားလုံးပူးပေါင်းတွန်းလှန်သွားရမည့် နိုင်ငံ့အရေးကိစ္စကြီးသာဖြစ်ကြောင်း၊ အများနှင့်ဆိုင်သောကိစ္စဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း တိုက်တွန်းလိုကြောင်း ကိုဗစ်ဆိုင်ရာအစည်းအဝေးတွင် တတိယအကြိမ်တွင် ထည့်သွင်းပြောကြားသည်။ “ ဒီရောဂါက ဘယ်လိုမှတားဆီးလို့ရတာလည်းမဟုတ်ပါဘူး။ မြင်လည်း မမြင်ရဘူး၊ ကြားလည်းမကြားရဘူး၊ အနံ့လည်းမရဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့အနေနဲ့ အားလုံးက ပူးပေါင်းဆောင်ရွက်မှု ပိုအရေးကြီးတယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ အဓိကက ကုသရေးပိုင်းဆိုင်ရာမှာ တာဝန်ထမ်းဆောင် နေတဲ့ဝန်ထမ်းတွေရဲ့ကိစ္စ၊ ဝန်ထမ်းတွေမှာလည်း နိုင်ငံ့ဝန်ထမ်းတွေ ရှိသလိုပဲ၊ နောက်တစ်ခါ အပြင်မှာရှိနေတဲ့ ကျွမ်းကျင်တဲ့လူတွေရှိပါတယ်။ ဆေးဘက်ပညာရှင်တွေရှိပါတယ်။ အများနဲ့ပတ်သက်တဲ့ကိစ္စဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ပေးရန်လိုပါတယ်လို့ ပြောလိုပါတယ်။ သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ အကာအကွယ်ကိုလည်း ကာကွယ်ပေးဖို့လိုတယ်။ သူတို့ဖျားနာနေလို့မရဘူး။ သူတို့ကိုလည်း ပိုပြီးတော့ ဂရုစိုက်ဖို့လိုတယ်။ သူတို့ရဲ့ကုသပေးမှုက လူအများကို ဆောင်ရွက်ပေးတာ။ လူတစ်ယောက်က လူအများကို ဆောင်ရွက်ပေးတာ ဖြစ်တယ်။ လူအများက သူ့ကိုဆောင်ရွက်ပေးတာမဟုတ်ဘူး။ လူတစ်ယောက်က လူအများကို ဆောင်ရွက်ပေးတာဖြစ်တယ်။ ဒါကြောင့် သူတို့က ပိုပြီးအရေးကြီးပါတယ်။ ဦးစားပေးပါ။ သူတို့ကို ပြန်ပြီးတော့ ဦးစားပေးဖို့ လိုပါတယ် ” ဟု သက်ဆိုင်ရာအဆင့်ဆင့်သောတာဝန်ရှိသူများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ကိုဗစ်နှင့်ပတ်သက်၍ သုတေသနပြုထားသည်များကို လေ့လာမှုများနှင့် Mobility Pattern အရ လူစုလူဝေးပြုလုပ်မှု၊ လူအများစုရုံးနေမှုများ လျော့နည်းလာသည်ကို လက်တွေ့တွေ့မြင်ရပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုလည်း မြင့်တက်လာသည်ကို တွေ့ရှိရကာ သတ်မှတ်ထားသည့် စည်းကမ်းများကို အလေးထားလိုက်နာလျက်ရှိသည့်အတွက် ပြည်သူလူထုကို ကျေးဇူးတင်ရှိကြောင်း၊ ထုတ်ပြန်ထားရှိသည့် သွားလာနေထိုင်မှုအခြေခံစည်းကမ်းများကို တစ်ဦးချင်း တာဝန်သိစွာဖြင့် လိုက်နာဆောင်ရွက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။ “ နိုင်ငံဝန်ထမ်းများနဲ့ ကျွမ်းကျင်သူများ၊ အပြင်မှာရှိတဲ့ ကျွမ်းကျင်သူအားလုံးကလည်း ဒီဟာက နိုင်ငံရဲ့နိုင်ငံ့အရေးဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ စေတနာဝန်ထမ်းများ ခေါ်နေတာရှိပါတယ်။ တစ်ချို့လည်း လာရောက်သတင်းပို့ကြတာရှိပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဟိုကလည်း ခြိမ်းခြောက်၊ ဒီကလည်း ခြိမ်းခြောက်ဆိုတော့ မလာရဲ၊ မပြုရဲနဲ့ လုပ်ကြတာရှိတယ်။ တစ်ချို့လည်း အပြင်ရောက်နေတဲ့သူတွေ လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကို ကြိုဆိုတယ်လို့ ကျွန်တော်ပြောထားပြီးသားဖြစ်ပါတယ်။ ကြိုဆိုတယ်လို့ ပြောထားပြီးသားဖြစ်တာကြောင့် ပူးပေါင်းဆောင်ရွက်ပေးမှုလိုအပ်တာဆိုတာ ပြောလိုပါတယ် ” ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

ကိုဗစ်အတွက် လိုအပ်သောပစ္စည်းများတင်သွင်းမှုကို လွယ်ကူမြန်ဆန်စွာလုပ်ဆောင်နိုင်ရန်ခွင့်ပြုပေးထားသကဲ့သို့ ကိုဗစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လှူဒါန်းကြသူများစွာပေါ်ပေါက်လာခြင်းအပေါ် ကျေးဇူးတင်မိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

Related news

© 2021. All rights reserved.