အင်းစိန်အပါအဝင် အကျဉ်းထောင်အားလုံး၌ ကိုဗစ်ကူးခံရသူ(၃၇၀)ကျော်ရှိပြီး(၆)ဦး သေဆုံးထားရဟု ဆို
527
Iris (NP News) - ဇူလိုင် ၂၀
နာမည်ကျော် အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်များအားလုံး၌ ကိုဗစ်ကူးစက်ခံရသည့်လူနာပေါင်း ၃၇၀ ကျော်ရှိထားပြီး ယင်းအထဲမှ သေဆုံးထားသူ(၆)ဦးသာရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
အင်းစိန်အကျဉ်းထောင်အပါအဝင် အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်နိုင်ငံရေးသမားများ ကိုဗစ်ကူးစက်ခံနေရသည်ဆိုသော သတင်းများက မီဒီယာအချို့နှင့်လူမှုကွန်ရက်များတွင် ပျံ့နှံ့လာခဲ့ပြီးနောက် စစ်ကောင်စီဘက်က အသိပေးဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ " ဒီနေ့အထိ ကိုဗစ်ရောဂါ သက်သာပျောက်ကင်းပြီး အကျဉ်းထောင်အလိုက် ဆေးရုံဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူနေရသူ ၂၀၈ ဦး ရှိပါတယ်။ ဒီမနက် ဦးဉာဏ်ဝင်း သေဆုံးတာအပါအဝင် သေဆုံးသူ(၆)ဦးပဲ ရှိပါတယ် " ဟု စစ်ကောင်စီ ပြန်ကြားရေးဘက်က NP News ၏ မေးမြန်းချက်ကို ဖြေကြားသည်။ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းသား(၃၇၅)ဦးမှာ ကိုဗစ်ကူးစက်ခံထားရပြီး ၎င်းတို့ကို သက်ဆိုင်ရာအကျဉ်းထောင်များအလိုက် ကိုဗစ်ကုသရေးလုပ်ငန်းစဉ်ကို သီးခြားထားရှိပြီး ကုသပေးနေကြောင်းလည်း ဆိုသည်။ ယင်းအထဲမှ(၁၅၂)ဦးက ကိုဗစ်ကိုအောင်နိုင်၍ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းသွားရပြီဖြစ်ကာ(၂၀၈)ဦးမှာမူ ကုသမှုခံယူနေရသည်ဟု ဆိုသည်။ ယင်းအပြင် (၆)ဦး ကွယ်လွန်သွားရပြီး (၉)ဦးမှာ ကိုဗစ်ရောဂါလည်း ပျောက်ကင်းသွားသည့်အပြင် လွတ်ရက်စေ့ပြီလည်းဖြစ်သည့်အတွက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သွားပြီဖြစ်ကြောင်းလည်း သိရသည်။
အကျဉ်းထောင်များ၌ ကိုဗစ်ကပ်ရောဂါ ရောက်ရှိနေပြီဆိုသည့်သတင်းနှင့်အတူ နာမည်ကျော်နိုင်ငံရေးသမားများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဖြိုးမင်းသိန်း၊ ဦးနိုင်ငံလင်းတို့အပြင် အခြားသော ပုဂ္ဂိုလ်များလည်း ကိုဗစ်ကူးစက်ခံထားရသည်ဆိုသောသတင်းများပါ ဆက်တိုက်ထွက်ပေါ်လာနေသည်။ စစ်ကောင်စီဘက်ကမူ ကိုဗစ်ကူးစက်ခံထားရသည့် ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ထုတ်ပြန်ပေးထားခြင်း မရှိသေးပေ။