ဘင်္ဂါလီတွေနဲ့ တရားမဝင်ရွှေ့ပြောင်းလာရောက်သူတွေဟာ အိန္ဒိယရဲ့လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး သတိပေး
633
ဂျန်ဇက် (NP News) - ဇူလိုင် ၂၁
ဘင်္ဂါလီတွေအပါအဝင် ရွှေ့ပြောင်းသွားလာသူတွေဟာ အိန္ဒိယနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနေကြောင်း အိန္ဒိယအစိုးရအကြီးတန်းအရာရှိက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး Nityanand Rai ဟာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့လွှတ်တော်အစည်းဝေးမှာ BahujanSamajParty(BSP)က မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်လို့ အခုလိုမျိုး ထည့်သွင်းပြောဆိုခဲ့တာပါ။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဟာ အသေးစိတ်အချက်လက်တွေကို ပြောဆိုဖို့ငြင်းဆန်ခဲ့ပေမယ့် ဘင်္ဂါလီတွေပြန်ပို့ရေးက တရားရုံးချုပ်ခွင့်ပြုချက်မရခင် အချိန်အထိ ဆိုင်းငံထားရဆဲဖြစ်ကြောင်း ပြောပါတယ်။ အိန္ဒိယတရားရုံးချုပ်ဟာ ဧပြီလက ဂျမူးနဲ့ကက်ရှ်မီးယားပြည်နယ်မှာထိန်းသိမ်းထားတဲ့ဘင်္ဂါလီ(၁၇၀)ကို ပြန်ပို့ဖို့ ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ဘင်္ဂါလီတွေဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနယ်စပ်ဒေသကိုပါ ဖြတ်သန်းကာ ဘင်္ဂါလီ(၄၀၀၀၀)ကျော် အိန္ဒိယ
နိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီ ဘင်္ဂါလီ(၄၀၀၀၀)ကျော်ထဲက (၁၄၀၀၀) ဟာ ကုလသမဂ္ဂဒုက္ခသည်အဖြစ် အမည်စာရင်းတင်ထားသူများဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ၁၉၅၁ ခုနှစ် UN Convention နဲ့ 1967 Protocol တို့ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်ဘူးလို့ ဆိုပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးက " အိန္ဒိယနိုင်ငံထဲကို တရားဝင်ခရီးသွားအထောက်အထား စာရွက်စာတမ်းမပါဘဲ ဝင်ရောက်နေတဲ့နိုင်ငံခြားသားတွေ ရှိနေတယ်။ အဲဒီလူတွေဟာ အိန္ဒိယနိုင်ငံအတွင်းနေထိုင်ခြင်းက တရားမဝင်ရွှေ့ပြောင်းသွားလာသူတွေ ဖြစ်တယ်။ အဲဒီ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေက အိန္ဒိယနိုင်ငံရဲ့လက်ရှိဥပေဒတွေကို ထိခိုက်ဖွယ်ရှိနေတယ် " လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံထဲကို ရောက်ရှိနေထိုင်နေတဲ့ဘင်္ဂါလီတွေဟာ အိန္ဒိယနိုင်ငံရဲ့ဥပဒေစည်းကမ်းတွေအရ တရားမဝင်ရွှေ့ပြောင်းနေထိုင်သွားလာသူတွေသာဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေနဲ့အဲဒီသူတွေ ဆက်လက်ရှိနေခြင်းကို ခွင့်ပြုမပေးသင့်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။