ကိုယ်ပျောက်တိုက်လေယာဉ်မိတ်ဆက်မှုမှာ ထည့်ပြခဲ့ပြီးတဲ့နောက် ရုရှားက မြန်မာကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပေးနေတယ်လို့ ထုတ်ပြောလာ
2139
ရောင်နီ (NP News) - ဇူလိုင် ၂၁
ရုရှားဟာ မြန်မာနိုင်ငံနဲ့ အနီးကပ်ပူးပေါင်းပြီး စစ်ရေးလေယာဉ်များအပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများထောက်ပံ့သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံရဲ့ လက်နက်ကုန်ပစ္စည်းများ တင်ပို့ရာ Rosoboronexport မှ အကြီးအကဲ Alexander Mikheev က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကတော့ မော်စကိုဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်အစိုးရကို မြန်မာ့တရားဝင်အစိုးရအဖြစ်လက်ခံကာ အပြန်အလှန် အလည်အပတ်သွားရောက်နေကြပြီး စစ်ဘက်ဆိုင်ရာလက်နက်များ ထောက်ပံ့နေခဲ့တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ရုရှားမြို့တော်ကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလည်အပတ်သွားရောက်ခဲ့စဉ်က စစ်ရေးဆိုင်ရာဆက်ဆံမှုများ ခိုင်မာအောင် ဆောင်ရွက်ဖို့ ကတိပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောဆိုပါတယ်။ မြန်မာနိုင်ငံဟာ Rosoboronexport ရဲ့ အရှေ့တောင်အာရှ အဓိကဖောက်သည်ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ လေကြောင်းနဲ့ ကာကွယ်ရေးပစ္စည်းများလုပ်ငန်းစုဖြစ်တဲ့ Rostec ရဲ့ အဓိကလုပ်ဖော်ကိုင်ဖက် တစ်ဦးလည်းဖြစ်တယ်လို့ Mikheev က အင်္ဂါနေ့ကပြုလုပ်တဲ့ ရုရှားနိုင်ငံရဲ့ နှစ်ပတ်လည် MAKS လေကြောင်းပြပွဲမှာ ပြောကြားခဲ့ပါတယ်။ ထူးခြားချက်ကတော့ အဲဒီလေကြောင်းပြပွဲမှာ ပြသမယ့် Checkmate အမည်ရှိတဲ့ ကိုယ်ပျောက်တိုက်လေယာဉ် မိတ်မဆက်မီမှာ ရုရှားရဲ့အဓိကနိုင်ငံတွေချပြခဲ့ပြီး တစ်ကြိမ်တစ်ခါမှ ထည့်သွင်းရိုက်ပြဖူးခြင်း မရှိသေးတဲ့ မြန်မာနိုင်ငံကိုပါ အဓိကပါတနာတစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ်။ ဒီရုပ်သံအတိုလေးဟာ ကမ္ဘာ့စစ်လက်နက်ရောင်းဝယ်ရေးဆိုင်ရာသတင်းအချက်အလက်တွေကြားမှာတော့ အထူးစိတ်ဝင်စားနေကြသလို မြန်မာကသာ အသစ်ထွက်တဲ့ ကိုယ်ပျောက်တိုက်လေယာဉ်ကို ဝယ်ခဲ့ရင် အာရှမှာ ကြောက်စရာကောင်းတဲ့ လေတပ်အစုအဖွဲ့ကို ပိုင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီလိုအနေအထားတွေကြောင့် ရုရှားက မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းကိစ္စတွေနဲ့ နည်းပညာပိုင်းတွေမှာ ပံ့ပိုးနေတယ်လို့ လက်နက်ထုတ်တဲ့ကုမ္ပဏီဘက်က ထုတ်ပြောလိုက်ခြင်းဟာ ချိတ်ဆက်စဉ်းစားစရာ ဖြစ်သွားပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ မ
ကြာသေးမီနှစ်များအတွင်း ရုရှားဟာ အနောက်နိုင်ငံမှ အများစုအမည်ပျက်စာရင်းသွင်းထားတဲ့ မြန်မာစစ်တပ်မှ ထောင်ပေါင်းများစွာသော စစ်သားများကို မော်စကိုမှာ စစ်ရေးလေ့ကျင့်ပေးခြင်း၊ တက္ကသိုလ်ပညာသင်ဆုများ ပေးအပ်ခြင်းတို့ပြုလုပ်ကာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို တည်ဆောက်ထားခဲ့ပါတယ်။