လှိုင်းကြီးလေထန် အာဖဂန် (သို့မဟုတ်) အမေရိကန်တွေ အာဖဂန်က ထွက်သွားပြီးတဲ့အခါ

 8649

ကိုလှိုင် (NP News) - ဇူလိုင် ၂၂

နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ ဝင်ရောက်တပ်စွဲခဲ့တဲ့ အမေရိကန်တပ်တွေ လာမယ့်ဩဂုတ်လကုန်မှာ အပြီးပြန်လည်ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘိုင်ဒင်ကတော့ ဒီလိုပြန်ရုပ်သိမ်းရတာကို အကြောင်းသုံးချက်ပြပါတယ်။ နံပတ်(၁)ကတော့ ဒီလိုပြန်ရုပ်တာက အာဖဂန်ပြဿနာကို အာဖဂန်အချင်းချင်းပဲဖြေရှင်းတာ အကောင်းဆုံးမို့ပါတဲ့။ အခုဆိုရင် အင်အား(၃)သိန်းလောက်ရှိတဲ့ အာဖဂန်စစ်တပ်က အင်အားသောင်းဂဏန်းပဲရှိတဲ့ တာလီဘန်တွေကို ကောင်းကောင်းထိန်းနိုင်နေပြီလို့ဆိုပါတယ်။( ၂) အချက်ကတော့ စရိတ်ကုန်ကျမှုက များလွန်းတယ်တဲ့။ ( ၃)အချက်ကတော့ ဒီက စစ်အင်အားတွေကို လျော့ပြီး တရုတ်ကို ရင်ဆိုင်တဲ့နေရာမှာပြန်သုံးဖို့ မဟာဗျူဟာ ချိန်ညှိတဲ့သဘောပါ လို့ဆိုပါတယ်။

သေချာတာကတော့ မဟာဗျူဟာအရ အားနည်းလာတဲ့ အမေရိကန်အနေနဲ့ အရေးမပါတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့လာတဲ့သဘောပါပဲ။ အဲဒီလိုလျော့လိုက်ပြီး ပြန်ထွက်သွားတဲ့အခါ အာဖဂန်မှာ မဟာဗျူဟာအင်အား လစ်ဟာကွက်ဖြစ်လာမှာကလည်း အသေအချာပါပဲ။ အာဖဂန်က အမေရိကန်တွေထွက်သွားတဲ့အခါမှာ ကသုတ်ကရက်နဲ့ ရေးကြီးသုတ်ပြာထွက်ကုန်ကြတာမို့ ပစ္စည်းတွေတောင် အကုန်ပြန်ယူမသွားနိုင်ဘူးလို့ဆိုပါတယ်။ ၁၉၇၅ ခုနှစ်က အမေရိကန်တွေ ဗီယက်နမ်ကနေ ဆုတ်ခွာရတုန်းက သံရုံးခေါင်မိုးပေါ် ရဟတ်ယာဉ်ဆင်းပြီး လူတွေကို ဒရောသောပါးတင်ပြီး ထွက်သွားရတဲ့ပုံကို သတိရပါတယ်။ အခုလည်း အမေရိကန်အတွက် ဒုတိယဗီယက်နမ်လို့ ပြောနိုင်တဲ့ အနေအထားပါပဲ။ ဗီယက်နမ်တုန်းကတော့ အမေရိကန်တွေထွက်သွားတာနဲ့ ဗီယက်ကောင်းနဲ့ မြောက်ဗီယက်နမ်တပ်တွေက ဝင်ပြီးနေရာယူခဲ့ပါတယ်။ အာဖဂန်မှာတော့ လက်ရှိ အမေရိကန်ထောက်ခံတဲ့ အာဖဂန်အစိုးရက ကဘူးလ်မြို့တော်မှာ ကျန်နေသေးပါတယ်။ ဒါပေမဲ့ တာလီဘန်သူပုန်တွေက နယ်မြေ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ပြောဆိုခဲ့ပြီး ကဘူးလ်အစိုးရကတော့ မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။ ပြင်ပလေ့လာသူတွေကတော့ တာလီဘန်တွေဟာ နယ်မြေ ၃၀ ရာခိုင်နှုန်းလောက်ကို အပြည့်အဝထိန်းချုပ်ထားပြီး ကျန်တဲ့နယ်မြေအတော်များများမှာလည်း ထိုးဖောက်စိမ့်ဝင် လှုပ်ရှားနေတယ်လို့ဆိုပါတယ်။ တကယ်တော့ ကဘူးလ်မြို့တော်မှာတောင် မကြာခဏ ဗုံးကွဲနေတာမို့ အစိုးရက ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားနိုင်တယ်ဆိုတာ မရှိသလောက်ပါပဲ။

အခု အမေရိကန်တွေထွက်သွားတာ အမေရိကန်နဲ့ တာလီဘန်တွေအကြား ထရမ့်လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်ပါ။ ဒီဆွေးနွေးပွဲက အမေရိကန်တပ်တွေ အေးအေးဆေးဆေးထွက်သွားနိုင်ဖို့အဓိကဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးကတော့ အစိုးရနဲ့ တာလီဘန်တွေအကြား ဆက်ပြီးဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အခုဆိုရင် သူတို့က မကြာခင် ကဘူးလ်ကို သိမ်းပိုက်နိုင်တော့မယ့် ပုံစံမျိုးနဲ့ ပြုမူလာတာတွေတွေ့ရပါတယ်။ တာလီဘန်ဘက်က ထိုးစစ်တွေလည်း စတင်နေပြီး နယ်စပ်မှာ အစိုးရတပ်ဖွဲ့တွေ လူတစ်ထောင်လောက် ကာဇက်စတန်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သတင်းလည်းတွေ့ရပါတယ်။ အဲဒီတော့ အစိုးရတပ်တွေက အင်အားများတယ်ဆိုပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ နောက်က အမာခံဆရာသမားတွေ မရှိတော့ဘူးဆိုတော့လည်း ဗီယက်နမ်မှာလိုပဲ "ဆရာတွတ်ပီ မရှိရင် တပည့်ဗိုက်ကလေးလည်း ပြေးတော့မယ့်" သဘောမျိုးဖြစ်လာနိုင်ပါတယ်။

တာလီဘန်တွေကတော့ ဖြစ်လာမယ့် မဟာဗျူဟာအင်အားဟာကွက်မှာ ဝင်ဖြည့်လာနိုင်တဲ့ ရုရှားနဲ့တရုတ်ကို စပြီးချဉ်းကပ်နေပါပြီ။ ရုရှားကို တာလီဘန်တစ်ဖွဲ့သွားပြီး ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးရာမှာ တာလီဘန်တွေက ရုရှားတွေ စိုးရိမ်တဲ့ဘာသာရေးအစွန်းရောက် အကြမ်းဖက်တွေ အလယ်အာရှကို နယ်စပ်ဖြတ်ကျော်မလာစေရပါဘူးလို့ ကတိပေးခဲ့ပါတယ်။ တရုတ်ကလည်း တာလီဘန်တွေနဲ့ဆွေးနွေးဖို့ ရှိပါတယ်။ တာလီဘန်တွေက တရုတ်ကိုလည်း ရုရှားလိုပဲ ကတိပေးထားပါတယ်။ တရုတ်က အာဖဂန်နဲ့ နယ်နိမိတ်ချင်း မိုင်(၆၀)နီးပါးလောက်ထိစပ်နေတဲ့ သူ့ရဲ့မွတ်စလင်ပြည်နယ် ရှင်းကျန်းကို အစွန်းရောက်အဖွဲ့ဖြစ်တဲ့ အရှေ့တာကစ္စတန် လွတ်မြောက်ရေးအဖွဲ့ စိမ့်ဝင်လာမှာ စိုးရိမ်နေတာဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့အနေနဲ့ အာဖဂန်ကို မဟာဗျူဟာအရ တပ်တွေစေလွှတ်ပြီး ဝင်လာမယ့်အနေအထားတော့ မတွေ့ရပါဘူး။ မကြာသေးခင်က ဥဇဘက်ကစ္စတန်မှာလုပ်ခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေးမှာ အာဖဂန်အရေးနဲ့ပတ်သက်ပြီး SCO အနေနဲ့ပဲ ကိုင်တွယ်ကူညီသွားမယ့်သဘောရှိပါတယ်။

သို့သော်လည်း အာဖဂန်နဲ့ နယ်မြေချင်းဆက်နေတဲ့ တရုတ်ကတော့ မဟာဗျူဟာအပြင် စီးပွားရေးအကျိုးမျှော်ထားမှုကလည်း ရှိနေပါတယ်။ အာဖဂန်နစ္စတန်က မြန်မာနိုင်ငံလောက်ကျယ်ဝန်းပြီး ခေတ်အဆက်ဆက် မတည်ငြိမ်မှုကြောင့် မဖော်ထုတ်ရသေးတဲ့ သဘာဝသယံဇာတတွေ အများကြီးရှိပါတယ်။ ဒေါ်လာ ထရီလီယံနဲ့ချီပြီးတန်ဖိုးရှိတဲ့ ကြေးနီ၊ရေနံ၊ ကျောက်မီးသွေး၊ ရွှေ၊ ကိုဘော့ စတဲ့ သယံဇာတတွေပါ။ အမေရိကန်တွေ အာဖဂန်ကို သိမ်းပြီးတဲ့နောက် တင်မြှောက်ခဲ့တဲ့ အာဖဂန်အစိုးရလက်ထက်မှာ မြေအောက်သယံဇာတတွေတူးဖော်လုပ်ကိုင်ဖို့ နိုင်ငံတကာကို ဖိတ်ခေါ်တော့ ထုံးစံအတိုင်း တရုတ်ကုမ္ပဏီတွေ ဝင်လာပါတယ်။ အထူးသဖြင့်ကြေးနီနဲ့ ရေနံလုပ်ငန်းမှာဖြစ်ပါတယ်။ ၂၀၀၇ တုန်းက ဒေါ်လာ ၃ ဘီလျံ တန်ဖိုးရှိတဲ့ ကြေးနီတူးဖော်ရေးသဘောတူညီချက်ရရှိခဲ့ပေမဲ့ သယ်ယူပို့ဆောင်ရေးနဲ့ တခြားအခက်အခဲတွေကြောင့် လုပ်ငန်းမစနိုင်သေးဘူးလို့သိရပါတယ်။ တရုတ် CNPC ကုမ္ပဏီကလည်း နိုင်ငံမြောက်ပိုင်းမှာ ရေနံတူးဖို့ ၂၀၁၁ ခုနှစ်မှာ လုပ်ငန်းရရှိထားပါတယ်။ အလယ်ပိုင်းမှာ ၁၈၅ ကီလိုမီတာ အရှည်ရှိတဲ့ လမ်းပမ်းဆက်သွယ်ရေးအခြေခံအဆောက်အဦအတွက် ဒေါ်လာ ၂၀၅ ဘီလျံဖိုးရင်းနှီးမြှုပ်နှံ ဖို့လည်း တရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေက အာဖဂန်အစိုးရနဲ့ ၂၀၁၇ ခုနှစ်မှာ လက်မှတ်ထိုးထားပါတယ်။

စွမ်းအင်ကဏ္ဍမှာ တာကစ္စတန်ကနေ အာဖဂန်၊ပါကစ္စတန်တို့ကိုဖြတ်ပြီး အိန္ဒိယကိုဆက်သွယ်မယ့် TAPI ဓာတ်ငွေ့ပိုက်လိုင်းကနေ ဓာတ်ငွေ့တွေ လမ်းကဖြတ်ပြီး သွယ်ယူဖို့လည်း တရုတ်ကစိတ်ဝင်စားနေတာဖြစ်ပါတယ်။ အာဖဂန်ကနေဖြတ်သွယ်မလား၊ ပိုပြီးမြေအနေအထား ကောင်းတဲ့ ပါကစ္စတန်က ဖြတ်မလားတော့ မသိသေးပါဘူး။ TAPI က အမေရိကန်တွေရဲ့ ထောက်ခံအားပေးမှုနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပိုက်လိုင်းမှာ နောက်ဆုံးရည်မှန်းချက်က တရုတ်နဲ့ မသင့်မြတ်တဲ့ အိန္ဒိယဖြစ်တဲ့အတွက် တရုတ်တွေဖြတ်သွယ်မယ့်ကိစ္စမှာ အိန္ဒိယကတော့ အောင့်သက်သက်ဖြစ်မှာ သေချာပါတယ်။ ပါကစ္စတန်ကတော့ တရုတ်ရဲ့ မဟာမိတ်ဖြစ်လို့ ပြဿနာမရှိနိုင်ပါဘူး။ ဒီကိစ္စကလည်း တရုတ်၊အိန္ဒိယ၊ပါကစ္စတန် သုံးပွင့်ဆိုင် မဟာဗျူဟာနိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ တကယ်တော့ အာဖဂန်နစ္စတန်က အိန္ဒိယနဲ့ပါကစ္စတန်အကြား မဟာဗျူဟာ ကစားကွက်ဖြစ်နေတာ ကြာပါပြီ။ ပါကစ္စတန်က သူတို့မွေးထုတ်ခဲ့တဲ့ တာလီဘန်တွေနဲ့ ပိုရင်းနှီးပါတယ်။ အိန္ဒိယကတော့ အမေရိကန်ထေက်ခံတဲ့ အာဖဂန် လက်ရှိအစိုးရနဲ့ ပိုနီးစပ်ပါတယ်။ တာလီဘန်ကတော့ အယ်လ်ကိုင်ဒါအကြမ်းဖက်နဲ့ဆက်နွယ်လို့ အိန္ဒိယနဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် အမေရိကန်တွေ ထွက်ခွာသွားချိန်မှာ အိန္ဒိယက အာဖဂန်အစိုးရကို အမြောက်ကျည်တွေ လေကြောင်းက ပို့ပေးနေတာ တွေ့ရပါတယ်။ ဒီတော့ အာဖဂန်မှာ တာလီဘန်တွေ အနှေးနဲ့အမြန် အာဏာရလာရင် အိန္ဒိယနဲ့ ပါကစ္စတန်အကြား ဒီကိစ္စက လောင်စာတစ်ခုဖြစ်လာနိုင်ပါတယ်။

အာဖဂန်နစ္စတန်ကတော့ အခုလို အင်အားလစ်ဟာကွက်ရှိတိုင်း ပြည်တွင်းစစ်မီးလောင်ရတာက အစဉ်အလာလို ဖြစ်နေပါပြီ။ ရှေးကတည်းက အလယ်အာရှ ဆက်စပ်အင်အားကြီးတွေရဲ့ အားပြိုင်မှုအောက်မှာ မြေဇာပင်ဖြစ်ခဲ့ရတာပါ။ မြတ်စွာဘုရားလက်ထက်တော်ကတော့ ဂန္ဓာရတိုင်း ဆိုပြီး ဗုဒ္ဓဘာသာထွန်းကားကာ ကြွယ်ဝချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်တော့ အနောက်ဘက်က မဟာအလက်ဇန္ဒား၊ အရှေ့အလယ်ပိုင်းက အာရပ်မွတ်စလင် ခါလီဖိတ် အင်အားစု၊ မွန်ဂိုတွေနဲ့ တူရကီ မဂိုစတဲ့ အင်ပါယာတွေရဲ့ ချဲ့ထွင်တိုက်ခိုက်မှုအောက်မှာ ကျရောက်ခဲ့ပြီး ဒုက္ခတွေကြုံခဲ့ရပါတယ်။ ခေတ်သစ်အစမှာလည်း မြောက်ဘက်က ရုရှားဇာဘုရင်အင်ပါယာ၊ အနောက်ဘက်က ပါရှား (အီရန်) အင်ပါယာ၊တောင်ဘက်က ဗြိတိသျှနေမဝင်အင်ပါယာတွေရဲ့ အားပြိုင်မှုအောက်မှာ မဟာကစားပွဲကြီး (Great Game) ဆိုတဲ့ နာမည်နဲ့ စစ်တလင်းဖြစ်ခဲ့ရပါသေးတယ်။

စစ်အေးကာလကျတော့ လက်ဝဲလက်ယာ အားပြိုင်မှုအောက်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ဆိုဗိယက်ရုရှားတပ်တွေက ၁၉၇၉ လောက်ကစလို့ ဝင်လာခဲ့ပါတယ်။ အမေရိကန်တွေကလည်း အာဖဂန်ဟာ ဆိုဗိယက်တွေအတွက် ဗီယက်နမ်ဖြစ်စေရမယ်လို့ကြွေးကြော်ပြီး ဆိုဗိယက်တွေကို ဆန့်ကျင်နေတဲ့ မူဂျာဟစ်တွေကို အိုစမာဘင်လာဒင်အုပ်စုအပါအဝင် လူလက်နက် ပစ္စည်းတွေ အလုံးအရင်းနဲ့ထောက်ပံ့ခဲ့လို့ ဂေါ်ဘားချက် လက်ထက် ၁၉၈၉ မှာ ဆိုဗိယက်တပ်တွေ အာဖဂန်က ဆုတ်ခွာခဲ့ရပြီး ထုံးစံအတိုင်းပြည်တွင်းစစ်ဖြစ်ရပြန်ပါတယ်။ တိုင်းပြည်ပျက်ခါနီးမှာတော့ ပါကစ္စတန်က သူတို့မွေးထားတဲ့ စစ်ပြေးဒုက္ခသည် ကျောင်းသားတွေကို ကျောင်းသားတပ်မတော် (တာလီဘန်) နာမည်တပ်ပြီး လက်နက်တပ်ဆင်ဖွဲ့စည်း စေလွှတ်လိုက်လို့ တာလီဘန်တွေ အာဏာရလာခဲ့ပါတယ်။ ၂၀၀၁ မှာတော့ အမေရိကန်က အဓိကပစ်မှတ်ကြီးသုံးခုကို တာလီဘန်တွေ လက်ခံထားတဲ့ အိုစမာဘင်လာဒင် က 9/11 အကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့တဲ့အတွက် အမေရိကန်တပ်တွေ အာဖဂန်ကို ဝင်သိမ်းခဲ့တာ အနှစ်၂၀ ကြာသွားခဲ့တာပါပဲ။ အာဖဂန်မှာ အိုစမာကို မြေလှန်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘဲ အိုဘားမားလက်ထက် ၂၀၁၁ ကျမှ ပါကစ္စတန်မှာ အထူးစစ်ဆင်ရေးလုပ်ပြီး အသေဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်က အာဖဂန်ကို စဝင်တုန်းက အကြမ်းဖက်ဆန့်ကျင်ရေးစစ်ပွဲ (War on Terror) ဆိုပြီး ဝင်တိုက်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်၂၀ ကာလမှာ တာလီဘန်ကိုလည်း မရှင်းနိုင်၊အယ်လ်ကိုင်ဒါကိုလည်း မဖြတ်နိုင်ဘဲ အရှေ့အလယ်ပိုင်းမှာ IS အဖွဲ့သစ်ပါတိုးလာပြီးတော့ ကမ္ဘာအနှံ့အကြမ်းဖက်မှုတွေ ပျံ့ကျဲလာတာပဲတွေ့ကြုံခဲ့ရတာရှိပါတယ်။

အမေရိကန်ရဲ့ တစ်ခြားရည်ရွယ်ချက်ဖြစ်တဲ့ အာဖဂန်မှာ ဒီမိုကရေစီဖြစ်ထွန်းရေးကလည်း အဓိကကျောထောက်နောက်ခံ အမေရိကန်တွေ ဆုတ်ခွာသွားမှုနဲ့အတူ မှေးမှိန်သွားခဲ့ပြီဖြစ်ပါတယ်။ အာဖဂန်စီးပွားရေးကလည်း ၂၀၀၉ အထိ ပြည်ပထောက်ပံ့မှုကို လုံးလုံးအားပြုထားခဲ့ရတာ ဖြစ်ပြီး ၂၀၂၀ မှာ GDPရဲ့ ၄၃ ရာခိုင်နှုန်းလောက်အထိ ပြည်ပအကူအညီကို မှီခိုနေရဆဲဖြစ်လို့၊ အမေရိကန်တွေအထွက်မှာ တစ်ကမ္ဘာလုံးကလည်း ကိုဗစ်ကြောင့်စီးပွားပျက်နေတဲ့အချိန်မှာ သူများနှာခေါင်းနဲ့အသက်ရှူနေရတဲ့ အာဖဂန်နစ္စတန်အတွက် စီးပွားရေးမှာလည်း အိပ်မက်ဆိုးက စောင့်ကြိုနေမယ့်သဘောရှိပါတယ်။ အမေရိကန်အတွက်ကတော့ မြွေတွင်းကြီးလိုဖြစ်နေတဲ့ အာဖဂန်နစ္စတန်ကနေ မှန်းချက်နဲ့နှမ်းထွက် မကိုက်တော့တဲ့အတွက် ဖုတ်ဖက်ခါပြီး ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ သာမန်အားဖြင့် အမေရိကန်တွေထွက်သွားတာ ရိုးရိုးပဲစဉ်းစားရင် မထူးခြားလှပေမဲ့ ကမ္ဘာ့မဟာဗျူဟာ အခင်းအကျင်းမှာတော့ နှလုံးသားနယ်မြေဖြစ်တဲ့ အလယ်အာရှဒေသမှာ အမေရိကန်ဩဇာ ကျဆင်းလာပြီး တရုတ်၊ရုရှားနဲ့ SCO အုပ်စုက ပိုအားကောင်းလာမယ့်သဘော တွေ့မြင်ရပါတယ်။ အဲဒီအစား နှုတ်ခမ်းသားနယ်မြေဖြစ်တဲ့ အင်ဒို ပစိဖိတ်ရပ်ဝန်းမှာ မဟာမိတ်တွေ စုစည်းပြီး အင်အားပြမယ့် QUAD အစီအစဉ်ဘက်ကို ပိုအားထားလာမယ့် သဘောတွေ့ရသလို တရုတ်ကို ဝိုင်းပတ်ထိန်းချုပ်ရာမှာ ပါဝါအပျော့ကို ပိုသုံးပြီး ဟောင်ကောင်၊ တိုင်ဝမ်နဲ့ အရှေ့တောင်အာရှဘက်မှာ မတည်မငြိမ်ဖြစ်အောင် အဖျက်အမှောက်လုပ် ဒုက္ခပေးနေမယ့် အနေအထားရှိပါတယ်။

အာဖဂန်နစ္စတန်အတွက် ရှေ့မှာ ဖြစ်လာနိုင်တဲ့ အလားအလာကို မှန်းဆရရင်တော့ လူမျိုးရေးကွဲပြားမှု၊ နိုင်ငံရေးကွဲပြားမှု များပြားပြီး တရားမဝင်မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ အာဖဂန်ဟာ ဝါးအစည်းပြေပြီး ဒေသတိုင်းမှာ စစ်ဘုရင်တွေကြီးစိုး၊
မြို့ပေါ်မှာ အကြမ်းဖက်လုပ်ငန်းတွေ ကျယ်ပြန့်၊ အစိုးရနဲ့ တာလီဘန်အကြား တိုက်ပွဲတွေ ပြင်းထန်ပြီး လှိုင်းကြီးလေထန်ကာလတွေကို ကျော်ဖြတ်ကြရဦးမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(ဆောင်းပါးရှင် ကိုလှိုင်သည် နိုင်ငံရေးသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိနစက၏အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်း ဖြစ်သည်)

Related news

© 2021. All rights reserved.