အင်ဒိုနီးရှား ဘာလီကျွန်းမှာလည်း ကိုဗစ်ကြောင့် အောက်ဆီဂျင်ပြတ်လပ်မှု စတင်ဖြစ်ပေါ်
634
မိုးတိမ် (NP News) - ဇူလိုင် ၂၄
အာရှမှာ အကြီးမားဆုံးကိုဗစ်ထိုးနှက်ချက်နဲ့ရင်ဆိုင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ဘာလီကျွန်းမှာလည်း အောက်ဆီဂျင်ပြတ်လပ်မှုပြသနာ စတင်ဖြစ်ပေါ်နေပြီလို့ ဒေသခံပြည်သူတွေနဲ့ကျန်းမာရေးအရာရှိတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကိုဗစ်တတိယလှိုင်းဟာ လူသားတွေကို အောက်ဆီဂျင်ပြတ်လပ်မှုပြသနာပါသယ်ဆောင်လာပေးသလိုဖြစ်နေတာကို အိန္ဒိယဖြစ်စဉ်နဲ့မြန်မာဖြစ်စဉ်တွေက ပြသခဲ့သလို ဒီတစ်ကြိမ်မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာပါ ဖြစ်ပေါ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ထင်ရှားကျော်ကြားလှတဲ့ ဘာလီကျွန်းဟာ အောက်ဆီဂျင်ပြတ်လပ်မှုကို ဇူလိုင် ၁၅ ရက်မတိုင်မီကတည်းက စတင်ရင်ဆိုင်နေရတာဖြစ်သလို တစ်ဆက်တစ်စပ်တည်း ဂျာဗားကျွန်းမှာပါ အလားတူဖြစ်စဉ်တွေ ဖြစ်ပေါ်နေပြီလို့ ကျန်းမာရေးအရာရှိတွေက ထုတ်ပြောလိုက်တာပါ။ “ ဘာလီမှာတော့ အောက်ဆီဂျင်ပြတ်လပ်မှုပြသနာ ဖြစ်နေပါပြီ။ ဇူလိုင် ၁၄ ရက်လောက်မှာကတည်းက ဒီပြသနာက စတင်နေတာဖြစ်သလို အခြားတစ်ဖက်မှာလည်း ကိုဗစ်လူနာစာရင်းက တဟုန်ထိုးများပြားလာနေတယ် ” လို့ ဘာလီကျွန်းကျန်းမာရေးဌာနက အကြီးအကဲတစ်ဦးဖြစ်သူ Ketut Suarjaya က ပြောပါတယ်။ ကမ္ဘာ့လူဦးရေ စတုတ္ထအများဆုံးနိုင်ငံဟာ ကိုဗစ်တတိယလှိုင်းမှာတော့ ကမ္ဘာမှာ မှတ်တမ်းတွေဝင်သွားတဲ့အထိ အာရှမှာအဆိုးဝါးဆုံး ထိခိုက်နစ်နာတဲ့တိုင်းပြည်ဖြစ်လာပါတယ်။ အထူးသဖြင့် ကိုဗစ်ကူးစက်လူနာပေါင်း(၃)သန်းကျော်နဲ့ သေဆုံးသူ(၈၂၀၀၀)ကျော် ရှိထားတဲ့တိုင်းပြည်လည်း ဖြစ်လာနေပါတယ်။ အာဆီယံဒေသတွင်းမှာတော့ သေဆုံးသူနဲ့ ကူးစက်ခံရသူစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်သွားပြီဖြစ်တဲ့ အင်ဒိုနီးရှားဟာ အောက်ဆီဂျင်ပြတ်လပ်မှုပြသနာကို ဘာလီကျွန်းကနေ စတင်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ အထူးသဖြင့် ဘာလီကျွန်းက ပြည်သူ့ဆေးရုံမှာ အောက်ဆီဂျင်တန်(၄၀)ကျော်ပဲ ကျန်ရှိတော့သလို တကယ်တမ်းလိုအပ်ချက်ဟာ(၁၁၃)တန်ကျော် ရှိနေတယ်လို့လည်း ကျန်းမာရေးဌာနအကြီးအကဲ Ketut Suarjaya က ပြောပါတယ်။
ဒီအနေအထားတွေကြောင့် အင်ဒိုနီးရှားအစိုးရဟာ ဘာလီကျွန်းအတွက်ရော ဂျာဗားကျွန်းဒေသတစ်ခုလုံးအတွက်ပါ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် တရုတ်နဲ့ အမေရိကန်နိုင်ငံတွေဆီကနေ တင်သွင်းမှုလုပ်ဖို့ စတင်စီစဉ်နေပြီဖြစ်တယ်လို့လည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြလာပါတယ်။