မြန်မာ့လူဦးရေ (၂ဝ) ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် NUG ကြိုးစားနေ

 646

NP News - ဇူလိုင် ၂၇

မြန်မာနိုင်ငံက လူဦးရေ(၂ဝ) ရာခိုင်နှုန်း၊ ပျမ်းမျှအားဖြင့် လူဦးရေ (၁ဝ) သန်းကျော်အထိ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှုများလုပ်ဆောင်လျက်ရှိကြောင်း ဒေါက်တာ ဆာဆာက အသိပေးပြောကြားလိုက်သည်။

ဒေါက်ဆာဆာသည် ယခင်က ၎င်းအနေဖြင့် မြန်မာ့လူဦးရေ (၄) သန်းအား ကိုဗစ်ကာကွယ်ဆေးထိုးပေး သွားမည်ဖြစ်ကြောင်း သတင်းစကားပါးခဲ့သည့်အပေါ် လူဦးရေ (၄) သန်းဟုဆိုခြင်းမှာ ၂ဝ ရာခိုင်နှုန်း ဖြစ်သည့် အတွက် မြန်မာ့လူဦးရေ (၄) သန်း၊ (၆) သန်း (သို့မဟုတ်) (၁ဝ) သန်းကျော်ထိ ကိုဗစ်ကာကွယ် ဆေးထိုးပေးနိုင်မည်ကို ဆိုလိုကြောင်း ပြန်လည်ပြောခဲ့သည်။

“ပြည်သူလူထုကို သတင်းကောင်းပါးချင်တာကတော့ ပြည်သူလူထုရဲ့အစိုးရဖြစ်နေတာနဲ့အမျှ မြန်မာနိုင်ငံ လူဦး ရေရဲ့ ၂ဝ ရာခိုင်နှုန်းကို ဒီနှစ်အတွင်းမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ဖို့ရာအတွက် တစိုက်မတ်မတ်နဲ့ ဆောင်ရွက် နေပါတယ်ဆိုတာကို ပြောလိုပါတယ်။ ဒီတော့ ၂ဝ ရာခိုင်နှုန်းဆိုတာ ၄ သန်းမကဘူး၊ ၆ သန်းမကဘူး၊ ၁ဝ သန်း၊ ၁၂ သန်း မကဘူး ဖြစ်နိုင်ပါတယ်။ ဒါကတော့ WHO ရဲ့ လမ်းညွှန်မှုနဲ့ လာမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ယင်းတို့ထံတွင် ကိုဗစ်ကာကွယ်ဆေး (၆) သန်းရရှိထားပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသလမ်းကြောင်းများမှ တဆင့် ရယူခဲ့ကြောင်း နှင့် ယင်းကိုဗစ်ထိုးဆေးများကို တတိယအဖွဲ့အစည်းများမှတဆင့် ပြည်သူများအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်က ကျင်းပခဲ့သည့် NUG သတင်းစာရှင်းလင်းပွဲတွင် NUG ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောခဲ့သည်။
NUG အနေဖြင့် မြန်မာပြည်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် နောက်ကွယ်တွင် ဆွေးနွေးမှုများ တောက်လျှောက်ပြုလုပ်လျက်ရှိပြီး တချို့သော အကြောင်းအရာများမှာ ကြိုတင် ထုတ်ဖော်ပြောပြထား၍ မရသဖြင့် အသိမပေးခြင်းသာဖြစ်ကြောင်း ဆိုသည်။
#NPNews #NUG #COVID19

Related news

© 2021. All rights reserved.