ကိုဗစ်ကြောင့် မြန်မာနှစ်ဦး အကျဉ်းထောင်ထဲမှာသေဆုံးပြီးတဲ့နောက် ခိုလှုံခွင့်တောင်းခံသူ မြန်မာအားလုံးကို အိန္ဒိယအစိုးရက အကျဉ်းထောင်ကနေ လွှတ်ပေးပြီ

 700

မိုးတိမ် (NP News) - ဇူလိုင် ၂၈
အိန္ဒိယအာဏာပိုင်တွေဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာနိုင်ငံသားတွေကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ဇူလိုင်(၂၈)ရက်မှာ အသိပေးပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်ကတည်းက ထောင်နဲ့ချီသောမြန်မာတွေဟာ အိန္ဒိယနိုင်ငံထဲကို ခိုလှုံပြေးဝင်ခဲ့တာတွေ ရှိတယ်လို့ သိရသလို အိန္ဒိယဘက်ကတော့ ဖမ်းဆီးရမိထားသလောက်ကို ယာယီထိန်းသိမ်းထားခဲ့တာပဲ ဖြစ်ပါတယ်။ အိန္ဒိယအာဏာပိုင်တွေ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ မြန်မာ ၁၆၀၀၀ ကျော်ဟာ အာဏာသိမ်းမှုဖြစ်စဉ်အတွင်းမှာပဲ အပြေးအလွှားတိုးဝင်လာခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာတွေဟာ အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ မဏိပူရ၊ မီဇိုရမ်၊ နာဂလန်နဲ့ အရူနာချယ်ပရာဒတ်ချ်တို့ကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အများစုကတော့ အိန္ဒိယအာဏာပိုင်တွေက ယာယီဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ “ မြန်မာနိုင်ငံထဲမှာ သူတို့ဘဝလုံခြုံမှုတွေ အာမခံချက်မရှိတော့ဘူးဆိုတာကို နားလည်တဲ့အတွက် အိန္ဒိယကို ခိုလှုံဝင်ရောက်ကြတာမျိုးပါပဲ။ အိန္ဒိယမှာက အနည်းဆုံးတော ဘဝလုံခြုံမှုရှိနေသေးတယ်လေ။ အိန္ဒိယအစိုးရအနေနဲ့ကလည်း နိုင်ငံတကာစံနှုန်းတွေနဲ့အတူ သူတို့ဆီ ခိုလှုံလာတဲ့ဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ခိုလှုံသူများဆိုင်ရာမူဝါဒအတိုင်း အကာအကွယ်ပေးထားကြပါတယ် ” လို့ လူအခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW ရဲ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ မီနာ့ရှီ ဂန်ဂူလီက ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ မြန်မာတွေကို အိန္ဒိယက အရေးပေါ်ပြန်လည်လွှတ်ပေးနေခြင်းဟာ သာမန်ဖြစ်စဉ်ထက် ပိုထူးခြားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့လ(ဇွန်လ)က မဏိပူရအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ(၂၉)ဦးထဲက မြန်မာအမျိုးသမီးနှစ်ဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကိုဗစ်ကြောင့် ကွယ်လွန်ဆုံးပါး သွားခဲ့တဲ့အတွက် အာဏာပိုင်တွေက ဆက်ထားမလား၊ ပြန်လွှတ်မလားဆိုတာကို ဆုံးဖြတ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ အိန္ဒိယအာဏာပိုင်တွေအတွက် မဖြစ်မနေစဉ်းစားလာရတဲ့ကိစ္စဖြစ်လာတဲ့အတွက် ဖမ်းဆီးထားတဲ့ မြန်မာအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပြီး သက်ဆိုင်ရာနိုင်ငံဆီကို ပြန်လည်ထွက်ခွာစေတာက ပိုကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်မယ်လို့ ယူဆလိုက်တာပါ။ ဒါကြောင့်လည်း နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာတွေကို ကိုဗစ်ကပ်ဘေးနဲ့အတူ ဆက်ထိန်းမထားတော့ဘဲ ပြန်လွှတ်ပေးခြင်းအားဖြင့် နိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ လူ့အခွင့်အရေးစံသတ်မှတ်ချက်တွေကို ကျော်လွှားလိုက်တာမျိုးလည်း ဖြစ်တယ်လို့ အိန္ဒိယသတင်းစာတွေက ဇူလိုင်(၂၈)ရက်မှာ ရေးသားဖော်ပြကြပါတယ်။

Related news

© 2021. All rights reserved.