ဘင်္ဂလားဒေ့ရှ်၌ အဆိုးရွားဆုံးကိုဗစ်ကူးစက်သေဆုံးမှုဖြစ်နေချိန်တွင် မိုးသည်းမှုကြောင့် ကော့ခ်ဘဇားဒုက္ခသည်စခန်းမှ ကလေးငယ်(၈)ဦး အပါအဝင်(၁၄)ဦး သေဆုံး
745
Htay Oung (NP News) - ဇူလိုင် ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သုံးရက်ကြာမုတ်သုန်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်တို့ ခိုလှုံရာနေရာအများအပြားတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရသည်ဟု Dhaka Tribune က ရေးသားသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဒုက္ခသည်ဘင်္ဂါလီ ၈၀၀၀၀၀ ကျော်တို့ ခိုလှုံရာစခန်းများတွင် မိုးရေချိန် ၁၁ ဒသမ ၈၁ လက်မရွာသွန်းခဲ့ရာ ၎င်းမှာ ဇူလိုင်လတစ်လလုံးတွင် ရွာသွန်းမြဲမိုးရေချိန်၏ ထက်ဝက်မျှရှိကြောင်း သိရှိရသည်။ နေရာအတော်များများတွင် ရေလွှမ်းမိုးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်သွားခဲ့ပြီး ရေဘေးသင့်ဒေသများ၌ လယ်မြေများနှင့် ပုစွန်မွေးမြူရေးလုပ်ငန်းများလည်း ပျက်စီးသွားခဲ့သည်။ ကော့ဘဇားဒေသ တက္ကနဖ်တွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဒုက္ခသည်ဘင်္ဂါလီ ၆ ဦး အပါအဝင် လူ ၈ ဦး သေဆုံးခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းတွင်လည်း တက္ကနဖ်၌ မြေပြိုမှုဖြစ်ပွားသဖြင့် မိသားစုဝင် ၅ ဦးလုံး သေဆုံးခဲ့သည်။ အသက်ဆုံးရှုံးမှုကိုကာကွယ်ရန် အဆိုပါနယ်မြေများနှင့် တောင်တန်းခရိုင် ၃ ခုတို့တွင် တောင်စောင်းနှင့် မြေနိမ့်ပိုင်းဒေသနေသူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြရသည်။ ကနဦး အစီရင်ခံစာများအရ ရေဘေးဒုက္ခခံစားရသူ ဒုက္ခသည် ၁၂၀၀၀ ကျော် ရှိခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ခိုလှုံ ရာ အမိုးအကာပေါင်း ၂၅၀၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း သိရှိရသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဗုဒ္ဓဟူးနေ့ည၌ ပြောဆိုသည်။
နိုင်ငံအနှံ့အပြား၌ ရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းအပေါ် တုန့်ပြန်သောအားဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက တစ်နိုင်ငံလုံး၌ တင်းကျပ်သော Lockdown တားဆီးပိတ်ဆို့မှုများကို ပြဋ္ဌာန်းထားခဲ့ရသည်။ ယခုတစ်ကြိမ် ရေကြီးရေလျံမှုအခြေအနေမှာ Covid-19 ကပ်ရောဂါ ဖြစ်ပွားမှုကို ပိုမိုပြင်းထန်စေခဲ့သည်။ ရာသီဥတု ဖောက်ပြန်ခြင်း၊ ယခုနောက်ဆုံး မြေပြိုခြင်းနှင့်ရေလွှမ်းမိုးမှုများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် ခိုလှုံလျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီတို့၏ ဆင်းရဲဒုက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း ဆိုးရွားမှု နက်ရှိုင်းစေခဲ့သည် ဆို၏။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် ခိုလှုံလျှက်ရှိသော ဒုက္ခသည်ဘင်္ဂလီတို့အတွက် ၂၀၂၁ ပူးတွဲတုံ့ပြန်မှုအစီအစဉ် (JRP) အရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီမှာ ယနေ့အထိ အမေရိကန်ဒေါ်လာ ၂၇၄ သန်းသာ ရရှိခဲ့ပြီး ယခုနှစ်အတွက် လိုအပ်သောဒေါ်လာ ၉၄၃ သန်း၏ ၃၀ ရာခိုင်နှုန်း ခန့်သာလျှင်ရှိခဲ့သေးကြောင်း သိရှိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိနေသော လေဖိအားနည်း ရပ်ဝန်းကြောင့် လာမည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းဖွယ်ရှိသည်ဟု ခန့်မှန်းရပြီး မုတ်သုန်ရာသီပြီးဆုံးရန် နောက်ထပ် ၃ လမျှ ကျန်ရှိနေသေးသည်။