လာမယ့်နှစ်ပတ်အတွင်း မြန်မာ့လူဦးရေထက်ဝက် ကိုဗစ်ကူးစက်ခံရဖွယ်ရှိကြောင်း ဗြိတိန် သတိပေး

 1169

ဂျန်ဇက် (NP News) - ဇူလိုင် ၃၀
မြန်မာနိုင်ငံရဲ့ လူဦးရေ(၅၄)သန်းရဲ့ တစ်ဝက်နီးပါးဟာ လာမယ့်သီတင်းပတ်နှစ်ပတ်အတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခက်အခဲများဖြစ်လာခဲ့ပြီး ဗြိတိန်၊ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်မှုနဲ့ စစ်အာဏာ သိမ်းမှုတွေအတွက် စစ်ကောင်စီအဖွဲ့တာဝန်ရှိသူတွေကို ပိတ်ဆို့မှုချမှတ်ခဲ့ပါတယ်။ ဗြိတိန်ရဲ့ကုလသမဂ္ဂ သံအမတ်ကြီး BarbaraWoodward က " အာဏသိမ်းခဲ့တဲ့အတွက် ကျန်းမာရေးစနစ် အခက်အခဲတွေ ဖြစ်ခဲ့ရတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ဖမ်းဆီးတာတွေလုပ်ခဲ့တယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာပြည်သူတွေကြားထဲ အလွန်လျင်မြန်စွာပျံ့နှံနေတယ်။ ခန့်မှန်းမှုတွေအရဆိုရင် လာမယ့် သီတင်းပတ်နှစ်ပတ်အတွင်း မြန်မာနိုင်ငံရဲ့လူဦးရေတစ်ဝက်ခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် ရှိတယ်။" လို့ ပြောပါတယ်။ သို့သော်လည်း ဘယ်အချက်အလက်ကို ကိုးကားခန့်မှန်းတယ်ဆိုတာမျိုး ဗြိတိန်ရဲ့ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ထည့်သွင်းပြောကြားတာ မရှိခဲ့ပါဘူး။ မြန်မာအစိုးရပိုင် မီဒီယာတွေကတော့ စစ်ကောင်စီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရေးအတွက် အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဇွန်လနောက်ပိုင်း ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်လာခဲ့ပြီး ဇူလိုင်(၂၉)ရက်နေ့ တစ်ရက်တည်း ကူးစက်ခံရသူ(၄၉၈၀)ဦးနဲ့ သေဆုံးသူ(၃၆၅)ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာစစ်ကောင်စီဟာ မကြာသေးမီက တရုတ်နိုင်ငံထံကနေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှစ်သန်းကျော် လက်ခံရရှိခဲ့ပေမယ့် အဲဒီအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့(၃ ဒသမ ၂)ရာခိုင်နှုန်းအတွက်သာ ကာကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.