ကိုဗစ်တိုက်ဖျက်ရေး စားသောက်မှုတွင် balanced diet ဖြစ်ရန် လိုအပ်ကြောင်း ကျွမ်းကျင်ဆရာဝန် သတိပေး

 744

အေဝိုင်အီး (NP News) - ဇူလိုင် ၃၀
ကိုဗစ်ကို တိုက်ထုတ်ရေးအတွက် အာဟာရပြည့်ရန် အစားများများစားရမည်ဆိုသည့်သတင်းစကားတွင် မျှခြေဖြစ်သော စားသောက်နေထိုင်မှု (balanced diet) ဖြစ်ရန် လိုအပ်ကြောင်း ကိုဗစ်ကုသရေးဆိုင်ရာ အကြံပြုဆရာဝန် ဒေါက်တာ ပြည့်ထူးက ပြောသည်။

ကိုဗစ်ကူးစက်ခံရသည်ဖြစ်စေ၊ မကူးစက်ခင်ဖြစ်စေ ခန္ဓာကိုယ်တွင်း၌ အာဟာရပြည့်မီစေရေးက အရေးကြီးနေပြီဖြစ်ပြီး မျှခြေရှိသော စားသောက်နေထိုင်ခြင်းဖြင့် ကိုဗစ်ကိုတိုက်ဖျက်သွားရန် မဖြစ်မနေလိုအပ်ကြောင်းလည်း ဆိုသည်။ “ စားတော့ စားကြတယ်။ ဒါပေမဲ့ မစားတတ်တာပေ့ါ။ ဒီနေရာမှာ balanced diet ဖြစ်ဖို့လိုကြောင်း အသိပေးလိုပါတယ်။ အကြမ်းဖျင်းပြောမယ်ဆိုရင် ထမင်းပန်းကန်တစ်ပန်းကန်မှာဆိုရင် ကာဗွန်ဟိုက်ဒရိတ်ပေါ့။ ထမင်းသုံးပုံတစ်ပုံ၊ အသီးအရွက်သုံးပုံတစ်ပုံနဲ့ အသားဓါတ်က သုံးပုံတစ်ပုံတော့ ပါဖို့လိုတယ်ပေ့ါ။ အတိအကျတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအကြမ်းဖျင်း မှတ်ထားစေချင်တာပါ ” ဟု ဒေါက်တာပြည့်ထူးက ပြောသည်။ မြန်မာပြည်သူများအနေဖြင့်လည်း ခေတ်အဆက်ဆက် နွမ်းပါးမှုမှတစ်ဆင့် ကျန်းမာရေးအသိပညာပိုင်းကို အပတ်တကုတ်လေ့လာနိုင်ရန် အချိန်မပေးနိုင်ခြင်းနှင့်အတူ ကျန်းမာရေးအသိပညာပိုင်း အားနည်းနေသေးကြောင်း ၎င်းကဆိုသည်။ ယင်းတွင်လည်း ကျန်းမာရေးအသိပညာပေးရမည့် ဆရာဝန်များ၏ လိုအပ်ချက်ကလည်း ပါဝင်နေကြောင်း ထောက်ပြသည်။ “ တစ်ချို့ကျတော့လည်း ထမင်းတွေအများကြီးစားပြီး ကြက်ဥလေးတစ်လုံးကို မိသားစုက ခွဲစားနေတာမျိုးကျတော့လည်း ဘယ်လိုလုပ်ပြီး အာဟာရဖြစ်မလဲပေ့ါဗျာ ” ဟု ၎င်းက ပြောသည်။ ဆင်းရဲနွမ်းပါးမှုကြောင့် အသားဓါတ်ကို ပြည့်မီစွာမစားနိုင်လျှင်ပင် ပဲအမျိုးမျိုးထံမှ ပရိုတင်းဓါတ်ကိုဖြစ်စေ၊ အလေ့ကျပေါက်သော အသီးအရွက်တို့စရာများမှဖြစ်စေ အာဟာရညီညွတ်စွာ စားသုံး၍ ရနိုင်ကြောင်းလည်း အသိပေးသည်။

လက်ရှိ ကိုဗစ်တတိယလှိုင်းကဲ့သို့သော ပြင်းထန်သည့်ကာလမျိုးတွင် အစားအသောက်များကို စနစ်တကျစားသုံးရေးက အဓိကကျလာနေပြီး အသီးအရွက်ကို အဓိကစားသုံးသင့်ကြောင်း၊ ရေဓါတ်ကိုလည်း ပြည့်ဝစွာ သောက်သုံးသင့်ကြောင်းနှင့် အစားအသောက် စားသုံးခြင်းတွင်လည်း ယနေ့စားလျှင် ယနေ့အားပြည့်ခြင်းမျိုးဟူ၍ မဟုတ်ဘဲ စနစ်တကျလပေါင်းများစွာ ကျင့်သုံးလာမှသာလျှင် ပိုမိုကောင်းမွန်သော စားသုံးမှုစနစ်ဖြစ်လာမည်ဟု အကြံပြုပြောကြားသည်။

Related news

© 2021. All rights reserved.