“ကိုဗစ်အရေးက ကိုယ့်အသက်တွေနဲ့ရင်းရတဲ့ကိစ္စမို့လို့ ချင့်ချိန်ပြီး ယုံကြပါ၊ ကိုဗစ်ဆေး ထိုးဖြစ်အောင် ထိုးပါ”

 1275

အိဖြူ(NP News) - ဇူလိုင် ၃၁

“ကိုဗစ်အရေးက မိမိအသက်တွေ၊ မိသားစုအသက်တွေနဲ့ရင်းရတဲ့ကိစ္စမို့လို့ ချင့်ချိန်ပြီးမှ ယုံကြပါဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေ ထိုးဖြစ်အောင် ထိုးပါ” လို့ ကိုဗစ်ရောဂါကုသရေးပိုင်းမှာ အဓိကလုပ်ကိုင် ဆောင်ရွက်ပေးနေတဲ့ အထူးကုဆရာဝန် ဒေါက်တာပြည့်ထူး(ကာကွယ်/ အပူပိုင်းဆေးပညာ) က အကြံပြုတိုက်တွန်းထားပါတယ်။

မေး ။ ။ ကိုဗစ်တတိယလှိုင်းနဲ့ပတ်သက်ပြီး ဆရာကိုယ်တိုင်လည်း နေ့စဉ်မြင်တွေ့နေရတာဆိုတော့ လက်ရှိမြ န်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ဘာများ မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ ။ ။ အဓိက ကတော့ ကိုဗစ်တတိယလှိုင်းက ပထမလှိုင်းတို့ ဒုတိယလှိုင်းတို့နဲ့ မတူဘူးပေါ့။ ဗိုင်းရပ်စ် မျိုးရိုး ဗီဇအရကိုက ကူးစက်ပိုမြန်တာတွေ့ရတယ်။ ကူးစက်မှုနှုန်းလည်း များလာသလို ပြည်သူတွေရဲ့စိုးရိမ်မှုနှုန်းက လည်း အကြောင်းကြောင်းတွေကြောင့် ပိုပြီးတော့မြင့်တက်နေတာကို တွေ့ရတယ်။ ဒါတွေကတော့ အခုလက်ရှိ အနေအထားပေါ့။ ဒါတွေကတော့ မြေပြင်မှာတွေ့နေရတာပေါ့။ တချို့ကျတော့လည်း စိုးရိမ်မှုလွန်ကဲတာတွေကို တွေ့ရတာတော့ ရှိတယ်။

မေး ။ ။ ဟုတ်ကဲ့ ဆရာ။ အဲဒီမှာမှ ကိုဗစ်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်၊ လူထုသိဖို့လိုအပ်တဲ့ အကြောင်းအရာတွေကို လူထုက လုံလုံလောက်လောက် မရတာလို့ထင်ပါသလား ဒါမှမဟုတ် လူထုက ရဖို့ အချိန်မမှီလိုက်တာလား။ ဘယ်လိုလို့ ထင်ပါသလဲ။
ဖြေ ။ ။ အဓိကကတော့ အချက်နှစ်ချက် ရှိတာပေါ့ဗျာ။ ပထမအချက်က သတင်းအချက်အလက်တွေကလည်း လုံလုံလောက်လောက်မရဘဲ ကြားထဲမှာခြားသွားတဲ့အနေအထားတစ်ခုမှာ ရှိတယ်။ နောက်တစ်ခုကတော့ မြန်မာလူထုကြားမှာ ထင်မှတ်မထားတဲ့အပြောင်းအလဲတွေဖြစ်မှုကြားထဲမှာ တချို့သတင်းအချက်အလက်တွေ ကို လူထုက မယုံကြည်နိုင်တာတွေ ရှိတာပေါ့။ အဲဒါတွေကြောင့် အခုလိုအခြေအနေမျိုးမှာ ကစဉ့်ကလျားလေး တွေဖြစ်သွားတယ်လို့ ကျွန်တော့်အနေနဲ့ကတော့ မြင်ပါတယ်။

မေး ။ ။ လူထုအနေနဲ့ကလည်း ကိုဗစ်နဲ့ပတ်သက်တဲ့အခါမှာ ပါရာစီတမော လို့ပြောရင် ပါရာစီတမော၊ ကြက်ဥ လို့ပြောရင် ကြက်ဥကို ပြုံတိုးပြီး ဝယ်ကြတာကိုတွေ့ရတော့ လူထုအနေနဲ့ကလည်း အများပြောတာနောက်ကို လျှောက်လိုက်ပြီးလုပ်နေရတဲ့အထိ ရောက်ကုန်တာကိုတွေ့နေရပါတယ်။ တဖက်မှာ လူထုကို သတင်းအမှား တွေနဲ့ဒုက္ခပေးနေတာကိုလည်း တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ရင် ဆရာ့အနေနဲ့ သတင်းအမှန်လေးများ ပြောပြ ပေးနိုင်မလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဒီမေးခွန်းကတော့ တကယ်ကို ကောင်းပါတယ်။ ကျွန်တော် ဖြေပေးချင်တဲ့၊ အသိပေး ချင်တဲ့ အကြောင်းအရာထဲမှာ ဒါက ထိပ်ဆုံးက ပါဝင်ပါတယ်။ နံပါတ်တစ်အချက်ကတော့ ကျွန်တော် ပြည်သူ တွေကို Blame လုပ်တာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုကြားထဲမှာ ခေတ်အဆက်ဆက်ကကို နိုင်ငံရဲ့အနေအထားအရ၊ စီးပွားရေးအနေအထားအရ၊ Health literacy လို့ခေါ်တဲ့ ကျန်းမာရေးဗဟုသုတမှာ အားနည်းခဲ့ကြတယ်။ ပေးတဲ့သူ(ကျွန်တော်တို့လိုဆရာဝန်တွေ) ဘက်ကလည်း လိုအပ်ချက်တွေ အများကြီးရှိခဲ့ တယ်။ နောက်တစ်ခုကတော့ ယူတဲ့သူတွေဘက်ကလည်း တခြားစားဝတ်နေရေးတွေ လုပ်နေရတဲ့အခါကျတော့ ကျန်းမာရေးအသိပညာလိုက်စားမှုပိုင်းမှာ ပိုက်ဆံအသင့်အတင့်ရှိပြီးတော့ ချမ်းသာတယ်လို့ပြောတဲ့သူတွေေ တာင် အားနည်းချက်လေးတွေရှိကြတယ်။ ဒီလိုဟာတွေကြောင့် ကျွန်တော်တို့ဆီမှာ အခုတကယ်လည်း ဖြစ်လာ ရော ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲနဲ့ ဟိုဟာ ဟုတ်နိုးနိုး၊ ဒီဟာ ဟုတ်နိုးနိုးနဲ့ နောက်ဆုံးလည်းကျရော တစ်ယောက်ယောက်က ပြောလိုက်တာကို ယုံသွားပြီးတော့ လိုက်လုပ်တာတွေရှိတယ်။ အဓိက အချက်ကတော့ ကိုဗစ်- ၁၉ ဆိုတာက ဗိုင်းရပ်စ်တမျိုးပဲ။ ဒါကို အားလုံးအနေနဲ့ သိထားဖို့လိုတယ်။ ဗိုင်းရပ်စ်ဆိုတဲ့ဟာမျိုးက သူ့ဘာသူ ခန္ဓာကိုယ်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိပြီးရင် ပျောက်သွားမယ့်ဟာမျိုး။ သို့သော် အဲဒီ ဗိုင်းရပ်စ်ရဲ့ပြင်းထန်မှုပေါ်မူတည်ပြီးတော့ ခန္ဓာကိုယ်ပေါ်မှာ ပျက်စီးမှုတွေတော့ ရှိနိုင်တယ်။ အဲဒါတွေကို ကျွန်တော်တို့အနေနဲ့က မဖြစ်အောင် ကြိုပြီးကာကွယ်နိုင်ရင် လျော့နည်းသွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နံပါတ်တစ်- ကိုယ်ခံအားကောင်းအောင်နေရမယ်။ အဓိကက ဒီကာကလမှာ ကိုယ်ခံအားနဲ့ ဗိုင်းရပ်စ် တိုက်ပွဲတွေ ဖြစ်တာပေါ့။ ကိုယ်ခံအားကောင်းဖို့အတွက် ဆေးတွေကိုခဏမေ့ထားပြီးတော့ ဒီလိုချိန်မှာ လူတိုင်းက ကိုယ်သည် ကူးနိုင်တယ်လို့ ယူဆပြီးတော့ ကိုယ့်ကိုယ်ခံအားကောင်းအောင်ကို နေထိုင်ရမယ်။ နံပါတ်နှစ်အချက်က ကောင်းကောင်း အိပ်ရမယ်။ ဗိုင်းရပ်စ်တွေနဲ့တိုက်ခိုက်တဲ့အခါမှာ ကိုယ်ခံအားကောင်းဖို့အတွက်က ကောင်း ကောင်းအိပ်၊ ကောင်းကောင်းစားဖို့ လိုတယ်။ ကောင်းကောင်းစားတယ်ဆိုတဲ့ နေရာမှာလည်း အသိ၊ သတိနဲ့ စားရမယ်။ တချို့က ကောင်းကောင်းစားရမယ်ပြောတာနဲ့ ထမင်းတွေချည်း လှိမ့်စားကြတာရှိတယ်။ အသားငါး မပါ၊ အသီးအရွက် မပါတာမျိုးပေါ့။ ကျွန်တော်အစကပြောခဲ့တဲ့ မြန်မာနိုင်ငံမှာက အသိပညာပေးတဲ့သူကရော ယူတဲ့သူတွေရဲ့ ကျန်းမာရေးဗဟုသုတ အားနည်းခြင်းအပေါ်မှာဖြစ်လာတဲ့ ကိစ္စတစ်ခုလို့ပဲမြင်ပါတယ်။ စားတော့ စားကြတယ်။ ဒါပေမဲ့ မစားတတ်တာမျိုးပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် နည်းနည်း အကျယ်ချဲ့ ပြီးပြောချင်တာပါ။ Balanced Diet ဆိုတာ လိုတယ်။ စားတတ်ဖို့အတွက် မျှခြေတစ်ခုပေါ့။ အကြမ်းပြောပြရ မယ်ဆိုရင် ကာဗွန်ဟိုက်ဒရိုဒ် လို့ခေါ်တဲ့ ထမင်းက ၃ ပုံ ၁ ပုံလောက် ပါရမယ်။ အသားဓါတ်လည်း ၃ ပုံ ၁ ပုံ ပါရမယ်။ တခြားအသီးအရွက်ကလည်း ၃ ပုံ ၁ ပုံလောက်ပါရမယ်။ ဒါကတော့ အကြမ်းအားဖြင့်ပေါ့နော်။ တချို့ကတော့ ထမင်းကို အများကြီးစား၊ အဲဒီထဲမှာမှ ကြက်ဥလေးတစ်လုံကို မိသားစုတွေ ခွဲစားနေကြရတယ် ဆိုရင်တော့လည်း သိပ်တော့ အဆင်မပြေဘူးပေါ့နော်။ ကြက်ဥမှ ပရိုတင်းရတာလည်း မဟုတ်ဘူး။ ကြက်ဥကို သွားလိုက်ဝယ်နေမယ့်အစား ပဲ တို့၊ အသားတို့ စားလည်း ပရိုတင်းရတာပဲ။ နောက်တစ်ခုက ဒီကာလမှာ အသီး အရွက်က အဓိက Key Player အနေနဲ့ပါတယ်။ ဘာလို့လည်းဆိုရင် အသီးအရွက်က ရောဂါ ကာကွယ်စေတဲ့ဓါတ် ဗီတာမင်စီ များစွာပါဝင်တယ်။ အဲဒါကြောင့် အစိမ်းရောင်ရှိတဲ့ လတ်လတ်ဆတ်ဆတ်ရှိတဲ့ အသီးအရွက်တွေ၊ သံပုရာသီးတွေ(သံပုရာဖျော်ရည်လိုမျိုး) ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ ဒါတွေကလည်း သူ့ဘာသာသူက ဓါတ်သတိတွေ ရှိပြီးသားဖြစ်တဲ့အတွက် ဆေးတွေအပေါ်မှာပဲ ပြုံတိုးမနေဘဲနဲ့ အဲဒါတွေကို စားချင်းအားဖြင့် သေချာစားမယ်ဆိုရင် ကိုယ့်ခံအားကောင်းပါတယ်။ ဆေးသောက်ဖို့ထက်စာရင် ကိုယ်ခံအား ကောင်းဖို့က အဓိကပဲ။ နောက်တစ်ခုကတော့ ရေများများသောက်ဖို့ပဲ။ ခန္ဓာကိုယ်မှာ ရေဓါတ်ကလည်း ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားမှာ အရေးကြီးဆုံးအနေအထားဖြစ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာရှိတဲ့ အရာ အားလုံးအတွက် ရေက ၆ဝ ရာခိုင်နှုန်းလောက်ကို လိုအပ်နေတာဆိုတော့ ရေကို များများသောက်ဖို့လိုတယ်။ အဖျားကြောင့် ချွေးထွက်များတယ်ဆိုရင်တော့ ဓါတ်ဆားရည်သောက်ဖို့လိုအပ်တယ်။ အဲဒီလိုနည်းတွေနဲ့ သေချာတိုက်ခိုက်မယ်ဆိုရင်တော့ ဗိုင်းရပ်စ်က ဆယ်ရက်၊ ဆယ့်နှစ်ရက်အတွင်းမှာ ပျောက်နိုင်ပါတယ်။ တဆက်တည်းပြောချင်တာကတော့ လေ့ကျင့်ခန်းပေါ့။ ဒီဗိုင်းရပ်က အဆုတ်ကို ဖျက်စီးတာဖြစ်တဲ့အတွက်တော့ မောတယ်။ မောတာကြောင့်တော့ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်တော့ လုပ်လို့မရဘူး။ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်မယ်ဆိုရင်တော့ အန္တရာယ်ရှိတယ်။ မောနေတဲ့မြင်းကို ရိုက်ခိုင်းသလိုဖြစ်မယ်။ ဒါပေမဲ့ မလုပ်ဘဲနေရင်တော့လည်း ဗိုင်းရပ်စ်က ကြောက်စရာအကောင်းဆုံးက ပြန်ကောင်းတဲ့အဆင့်(Recovery) အဆင့်မှာ သွေးခဲစေတဲ့ပြဿနာတစ်ခုရှိတယ်။ ကြောက်လွန်းလို့၊ မောမှာဆိုးလို့ ဘယ်မှမသွားဘဲ ရှုးပေါက်တာ က အစ အိပ်ရာပေါ်မှာပဲပေါက်တယ်။ လမ်းလျှောက်တာတောင် မရှိဘူးဆိုရင်တော့ ဒါကလည်း သွေးခဲစေတဲ့ ပြဿနာပါပဲ။ တချို့ဆိုရင်ကောင်းသွားလို့ဆေးရုံကနေပြန်ဆင်းသွားပြီး အိမ်ရောက်ခါမှ ရုတ်တရက် အောက်စီ ဂျင်ကျပြီး အသက်ဆုံးရှုံးသွားရတယ်။ အဲဒါတွေကလည်း သွေးခဲတာကနေပြုတ်ထွက်ပြီး အဆုတ်သွေးကြောမ ကြီးမှာ သွားပိတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေက ကြောက်ရင်လည်း အရမ်းကြောက်လို က်ပြီး လိုက်လုပ်ကြတယ်။ မကြောက်ရင်လည်း မကြောက်ကြပြန်ဘူး။ အဲဒီလိုမဟုတ်ဘဲ သတိလေးနဲ့ နေသင့် တယ်။ တခုခုစားရင် ဒီဟာသည် ငါ့အတွက် အကျိုးဖြစ်ထွန်းရဲ့လား။ လေ့ကျင့်ခန်းလုပ်ရင်လည်း ဒီလောက်ဆိုရင် ငါ့အတွက်လုံလောက်ပြီး အရမ်းမောနေပြီး ရပ်လိုက်တော့မယ်ဆိုတဲ့ဟာမျိုး အလယ်အလတ်သွားသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီတော့ ဆရာမေးတဲ့မေးခွန်းကို ပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ပြည်သူ တွေဟာ မထင်မှတ်ထားတဲ့ကပ်ရောဂါကြီးနဲ့တွေ့လိုက်တဲ့အခါမှာ အရမ်းကိုရှော့ခ်ရသွားတယ်။ တွေ့ရာ အကြံ ဉာဏ်တွေကိုလိုက်ပြီး လုပ်ကြတယ်။ တချို့ဟာတွေကကောင်းတာရှိပေမယ့် တချို့ဟာတွေက လမ်းမှားရောက် စေတာမျိုး ဖြစ်သွားတဲ့အတွက် နည်းနည်းပိုပြီးတော့ ဘူးသီးက ဖရုံအဆင့် ဖြစ်သွားတယ်လို့ပဲ ကျွန်တော်ယူဆ ပါတယ်။ ကျွန်တော် အခု ပြောတဲ့ဟာလေးက အထောက်အကူနည်းနည်းတော့ ရလိမ့်မယ်လို့ ယူဆပါတယ်။

မေး ။ ။ ဆရာ အဲဒီတော့ ဗိုင်းရပ်စ်ရဲ့သဘောသဘာဝကို ပြောပြစေချင်ပါတယ်။ ဗိုင်းရပ်စ်က ကျွန်တော်တို့ဆီ ကို ဘယ်လိုဝင်လာပြီးတော့ ဘယ်လိုတိုက်ခိုက်လဲ။ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဘယ်လောက်ကြာပြီးတော့ ဘယ်လိုတွေဖြစ်သွားနိုင်လဲ။ ပြီးတော့ ဘယ်အချိန်မှာ ကျွန်တော်တို့ခန္ဓာကိုယ် ပုံမှန်အတိုင်းပြန်ဖြစ်နိုင်လဲ ဆို တာကို ရှင်းပြပေးပါလား။
ဖြေ ။ ။ ဗိုင်းရပ်စ်ရဲ့သဘောက ပိုးရှိတဲ့သူက နှာချေလိုက်တာပဲဖြစ်ဖြစ်၊ ချောင်းဆိုးလိုက်တာပဲဖြစ်ဖြစ် အမှုန်အမွှားလေးတွေက အရာဝတ္ထုတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဆီကို ကပ်ပါသွားမယ်။ အဲဒီလူရဲ့ အသက်ရှုလမ်းကြောင်း ပါးစပ်၊ နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းထဲကို ဝင်သွားမယ်။ တချို့ကေ တာ့ အဲကွန်းတို့၊ လေကနေ တဆင့်ကူးတယ်တို့လည်း ပြောကြတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ပတ်သက်ပြီး အခုက ဗိုင်းရပ်စ်မျိုးအသစ်ဖြစ်နေတဲ့အတွက် လေ့လာစမ်းသပ်မှုတွေက အများကြီးပြန်လုပ်ရဦးမယ်။ ဘာပဲဖြစ်ဖြစ် အဓိကကတော့ ဒီနှာခေါင်းနဲ့ ပါးစပ်ကနေပဲ ဝင်တာပါ။ နောက်တစ်ခုကတော့ လူတစ်ဦးနဲ့တစ်ဦးက ကိုယ်ခံအား စနစ်လည်း မတူကြဘူး။ ဗိုင်းရပ်စ်တစ်ကောင်နဲ့ တစ်ကောင်ရဲ့ပြင်းထန်အားကလည်း မတူဘူးတဲ့အတွက် အချိန်ကွာခြားမှုကတော့ ရှိတယ်။ အကြမ်းဖျင်းအားဖြင့် ဗိုင်းရပ်စ် စဝင်တဲ့လက္ခဏာလေးတွေ ပြတတ်တာက နည်းနည်းလေး ဖျားတယ်။ ဗိုင်းရပ်မှ မဟုတ်ပါဘူး ခန္ဓာကိုယ်ထဲကို ဘတ်တီးရီးယား တစ်ခုခုဝင်တာနဲ့ ခန္ဓာကိုယ့်က တုံ့ပြန့်မှုလက္ခဏာက ပြတတ်ပါတယ်။ အဲဒီတော့ မဖျားရင်တောင်မှ ဖျားချင်သလိုလို စဖြစ်တယ်။ အဲဒီအချိန်ကနေ စပြီး ငါးရက်လောက်ဆိုရင် ကျွန်တော်တို့က ကိုဗစ်ပိုးစစ်လိုက်ရင် Positive ပြတတ်တယ်။ နှာခေါင်းထဲကနေ အကြည်အချွဲကိုယူပြီးစစ်ရင် Positive လက္ခဏာပြတတ်တယ်။ ဒါပေမဲ့ တချို့လုပ်တတ်တာ က ဘာလဲဆိုရင် ဖျားတယ်ဆိုပြီး စစ်လိုက်တယ်။ Negative ထွက်တဲ့အခါမှာ ငါ Negative ပဲ ဆိုပြီး ပေါ့ဆသွား တတ်တယ်။ အမှန်က အဲဒီအချိန်မှာ မပေါ်သေးတဲ့အခြေအနေဖြစ်တတ်တယ်။ ဆရာတို့လည်းတွေ့မှာပါ ကျွန်တော် ဖေ့ဘွတ်စ်ပေါ်မှာ တခေါက်တုန်းက Negative ဖြစ်တိုင်း ကိုယ့်ကိုယ်ကိုယ် Negative လို့ မမှတ်ယူပါ နဲ့။ Positive ဆိုရင်တော့ သေချာပြီပေါ့။ လက္ခာရှိတယ်ဆိုရင်ပင် ကိုယ့်ကိုယ်ကိုယ်က ရောဂါရှိတယ်လို့ ယူဆပြီး တော့ပဲ ဆောင်ရန်/ရှောင်ရန်တွေကို ဆက်လက်လုပ်ပါဆိုပြီး တင်ထားတာရှိပါတယ်။ အဲဒီ ငါးရက်လောက်မှာ ပိုးကို စစ်ဆေးတွေ့တတ်တယ်။ တွေ့ပြီးနောက်မှာ အနံ့ပျောက်တာတို့၊ အရသာပျောက်တာတို့၊ နုံးတာတို့၊ အောက်စီဂျင်ကျတာတို့ ခဏဖြစ်လိမ့်။ အဲဒီလောက်အထိလည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံအားစနစ်ပေါ် လိုက်ပြီးတော့ ကွာပါတယ်။ ပြီးတာနဲ့ နောက်ထပ်ငါးရက်လောက်အတွင်းမှာ ခန္ဓာကိုယ်ထဲ က ပျောက်သွားတတ်တယ်။ အဲဒီအချိန်မှာလည်း ပထမစစ်ပြီးတော့ မသေချာဘူးဆိုပြီး ခုနှစ်ရက်၊ ရှစ်ရက် လောက်နေပြီးမှ ပြန်စစ်တဲ့သူက တွေ့ချင်မှတွေ့တတ်တယ်။ ဒါပေမဲ့ ကြားထဲမှာတော့ ပေါ်ပြီးသွားပြီ။ တချို့ကျ တော့လည်း ကိုယ်ခံအား မကောင်းတဲ့သူ၊ ရောဂါအခံရှိတဲ့သူတွေကတော့ ၁၄ ရက်၊ ၂၁ ရက်ကြာပြီးတော့ အဆုတ်ပျက်စီးတာတို့၊ အသည်းပျက်စီးတာတို့၊ သွေးလည်ပတ်မှုစနစ်ပါ ပျက်စီးသွားတာတို့၊ အဲဒီလောက်ထိကို ဖြစ်သွားနိုင်တယ်။ နောက်ဆုံးအဆိုးဆုံးကတော့ အသက်ရှုကြပ်ပြီး သေဆုံးတဲ့အထိကို ဖြစ်သွားနိုင်ပါတယ်။ ဒါတွေကတော့ ဗိုင်းရပ်စ်ရဲ့သဘောသဘာဝပါ။

မေး ။ ။ အဲဒီတော့ ကိုဗစ်ဗိုင်းရပ်စ်က မာယာတော်တော်များတဲ့သဘောကို ဖြစ်နေတာပေါ့နော်။
ဖြေ ။ ။ ဟုတ်ပါတယ်ခင်ဗျာ။ ကိုဗစ်ဗိုင်းရပ်စ်မှရယ် မဟုတ်ဘူး။ ဗိုင်းရပ်စ်ဆိုတာကိုက မာယာများတဲ့ သဘော သဘာဝမှာကို ရှိတယ်။ ရုပ်ပြောင်းရုပ်လွှဲလည်း တတ်တယ်။ မာယာလည်း များတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့နိုင်ငံမှာ ကပ်ရောဂါတွေလည်း အများကြီးဖြစ်ခဲ့ဖူးတယ်။ ကျောက်ရောဂါလည်းဖြစ်ခဲ့ဖူးတယ်။ ဆားစ် ကိုရိုနာဗိုင်းရပ်စ်ဆိုပြီးတော့လည်း ဖြစ်ခဲ့ဖူးတယ်။ အဲဒီတော့ ဗိုင်းရပ်စ်တွေက ကြောက်စရာကောင်းတဲ့ အထဲမှာကို ပါတယ်။ ကုသဆေး ထုတ်ရတာကလည်း အခက်ဆုံးထဲမှာ ပါတယ်။ ရုပ်ပြောင်းရုပ်လွှဲတွေကလည်း တတ်တော့ ဗိုင်းရပ်စ်နဲ့ပတ်သက်ရင် ဆရာပြောခဲ့သလိုပါပဲ၊ မာယာအရမ်းများတဲ့အခြေအနေမှာ ရှိတယ်လို့ပဲ ပြောရမှာပေါ့။

မေး ။ ။ တစ်နေ့ကပဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာတွေ့တာက ဗိုင်းရပ်စ် (၄) မျိုးဆိုပြီးတော့ ဆရာမ ဒေါက်တာ ခင်ခင်ကြီးက ပြောလိုက်တာကို တွေ့ရပါတယ်။ ဆိုတော့ ကျွန်တော်တို့မြန်မာတွေက တစ်မျိုးတည်းကိုတောင် ကြောက်တာ၊ (၄) မျိုးဆိုတော့ နေစရာနေရာ မရှိအောင်တောင်ဖြစ်ကုန်ပြီ။ အဲဒီတော့ အဲဒီ(၄) မျိုးစလုံးက တကယ်ပဲ ကျွန်တော်တို့နိုင်ငံမှာ အခြေအနေဆိုးနေတာလား ခင်ဗျာ။
ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ရင်တော့ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တကယ်သုတေသနလုပ်နေတဲ့ဌာနက ဆရာမကြီး တွေကိုယ်တိုင် ပြောထားတာဆိုတော့လည်း တကယ်ရှိနေတယ်ဆိုတဲ့သဘောပါပဲ။ ဒါကတော့ ဗိုင်းရပ်စ်ကို အမည်တပ်တဲ့သဘောပါ။ ဘယ်ဗိုင်းရပ်စ်က ဘယ်လိုနာမည်ဆိုတာကို အမည်တပ်လိုက်တဲ့သဘောပဲ။ အဓိက ကတော့ ဘယ်ဗိုင်းရပ်စ်ပဲဖြစ်ဖြစ် အပေါ်မှာပြောခဲ့တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ သတိထားရမှာကတော့ (၄)မျိုး မို့လိုလည်း ပိုပြီးတော့ သတိထားစရာမလိုဘူး။ တစ်မျိူတည်းမို့လို့လည်း လျော့ပြီးတော့ သတိထားစရာမလိုဘူး။ ကိုဗစ်မျိူးကွဲ (၅)မျိုးထိ ဖြစ်လာခဲ့တယ်ဆိုရင်လည်း ကျွန်တော်တို့ တစ်မျိုးတုန်းက သတိထားခဲ့တဲ့ ပုံစံအတိုင်းပဲ ဆက်သွားရမှာပါ။ ဒါပေမဲ့ အခု (၄) မျိုးဖြစ်လာတဲ့အတွက် တစ်ခုစိတ်ပူရမှာကတော့ ဖြစ်ပြီးသားသူတွေလည်း ပြန်ပြီးတော့ ဖြစ်နိုင်ပါတယ်။ အဲဒီအချက်ကိုတော့ သတိထားရမှာဖြစ်တဲ့အတွက် ကျွန်တော်ထည့်သွင်းပြောချင်ပါ တယ်။ ကျန်တာကတော့ (၄) မျိုးအတွက် ကာကွယ်ရေးဆိုင်ရာနဲ့ တစ်မျိုးတည်းအတွက်ရဲ့ ကာကွယ်ကုသရေး ဆိုင်ရာတွေကတော့ အတူတူပဲဖြစ်ပါတယ်။

မေး ။ ။ ကိုဗစ်တတိယလှိုင်း စပြီဆိုတဲ့အချိန် လူထုတွေက ဆေးတွေ ပြုံတိုး ဝယ်ကြတာတွေ၊ ကြက်ဥတွေ အလုအယက် ဝယ်ကြတဲ့ပြဿနာတွေဟာ တော်တော်ကိုကြီးသွားတယ်။ နောက်တစ်ခုကတော့ အောက်စီဂျင် ပြဿနာကလည်း တော်တော်ကိုကြီးတယ်။ အဲဒီတော့ ကျွန်တော်တို့လူထုက လမ်းကြောင်းလွဲသွားတယ်လို့ ယူဆပါသလား။ လူထုဘက်က လမ်းကြောင်းလွဲရခြင်းရဲ့အကြောင်းကတော့ ကျန်းမာရေး ဗဟုသုတပိုင်းဆိုင်ရာ နဲ့ စိုးရိမ်မှုပိုင်းဆိုင်ရာမြှင့်တက်တာရယ်၊ တချို့လောဘသမားတွေရဲ့လမ်းကြောင်းပေးတာတွေလည်း ပါမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဆရာ့အနေနဲ့ အဲဒါနဲ့ပတ်သက်ရင် ဘယ်လိုများ လမ်းကြောင်းပြန်တည့်ပေးချင် ပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ကတော့ ကြက်ဥပိုင်းကို ပြဿနာရယ် ဆိုပြီးတော့ သိပ်မမြင်ပါဘူး။ ကြက်ဥက တကယ်စားဖို့ လိုအပ်တဲ့ဟာ။ အဲဒီအချိန်မှာ ရောင်းချတဲ့သူတွေဘက်ကပဲ ဝိသမာလောဘ မထားဘဲနဲ့ သေချာ လုပ်ပေးဖို့ပဲ လိုတယ်လို့ မြင်ပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနဘက်က လုပ်နေတာကိုတော့ အခုတွေ့ပါတယ်။ သူတို့ကိုယ်တိုင် ကြက်ဥတွေကို ဈေးကွက်ထဲမှာဖြန့်တာတို့ လုပ်ပေးနေတာကိုတွေ့ပါတယ်။ ဒါလည်း ကောင်းပါ တယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားအတွက်ကတော့ ကြက်ဥက အမြန်ဆုံးနဲ့ အထိရောက်ဆုံးတတ်နိုင်တဲ့ဟာပေါ့။ ကြက်ဥမှာကလည်း ဓါတ်တွေ အများဆုံးပါတယ်။ အဲဒီတော့ စားတာ၊ ဝယ်တာနဲ့ပတ်သက်ရင်တော့ ဒါက အရမ်းကြီးပြဿနာရှိတယ်လို့ မထင်ဘူး။ ဝယ်စုကြတာတွေနဲ့ပတ်သက်ပြီးတော့ မှားတယ်လို့ ကျွန်တော်ကတော့ မဆိုလိုချင်ပါဘူး။ ဒါတွေကလည်း လုပ်သင့်တယ်လို့ပဲ မြင်ပါတယ်။ ကြက်ဥ စားပါလို့ ပြောကြတဲ့သူတွေရဲ့စကား ကလည်း အမှားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်စီဂျင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်နည်းနည်းပြောချင်ပါ တယ်။ အောက်စီဂျင်ဈေးကွက်ထဲမှာ အောက်စီဂျင်ရမှု နည်းလာတဲ့ကိစ္စတွေထဲမှာ အဓိကကတော့ Oxygen demand (အောက်စီဂျင် လိုအပ်တာတွေ) အရမ်းများတဲ့အခါမှာ ကုန်ပစ္စည်းက မလိုက်နိုင်တာတွေရှိတော့ (အခုကျွန်တော်က ပြောပြန်ရင်လည်း ကိုယ်က အောက်စီဂျင်မလိုအပ်သေးလို့ ပြောတာလို့ဖြစ်မှာလည်း စိုးရိမ်ပါတယ်) ။ ဒါပေမဲ့လည်း အမှန်ကတော့ မလိုအပ်ဘဲ အိမ်မှာ ဝယ်စုထားတဲ့သူတွေရဲ့ အိမ်မှာပုံနေတဲ့အပုံက တကယ်လိုအပ်တဲ့သူတွေ ရှားလာတဲ့အချက်ထဲမှာ အများကြီးမဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ သက်ဆိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်။ တချို့ကတော့ အိမ်မှာဖြစ်တာနဲ့ အောက်စီဂျင် လိုနိုင်တယ်ဆိုတဲ့ အသိတရားတစ်ခုရှိတဲ့အတွက် ဆလင်ဒါတစ်လုံးလောက်ပဲ ဝယ်စုတယ်ပဲထားဦး။ အောက်စီဂျင်အိုးနဲ့ အောက်စီဂျင်ဖြည့်ပြီးတော့ ၄ဝ လီတာ ဒါမှမဟုတ် ၁ဝ လီတာ တစ်လုံးကို ဝယ်ဖြည့်ထားတယ်ဆိုရင် အိမ်တစ်ရာဆို အောက်စီဂျင်အလုံး ၁ဝဝ ပုံနေပြီ။ စက်ရုံတစ်ရုံရဲ့တစ်နေ့ထုတ်အားက တစ်ရာ ၊ နှစ်ရာလောက်ပဲ ရှိမယ်ဆိုရင် စက်ရုံတစ်ရုံရဲ့တစ်နေ့ထုတ်အားကိုတောင် သွားပြီး သက်ရောက်နေပြီ။ နောက်တစ်ချက်က ဘာလဲဆိုတော့ အောက်စီဂျင်ကို မလိုအပ်ဘဲ ရှုတာပေါ့။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆုတ်က သူ့ကိုယ်သူ လေ့ကျင့်ပေးဖို့လိုတယ်။ ဥပမာပြောရမယ်ဆိုရင် ဆေးလိပ်အရမ်းသောက်တဲ့သူတွေနဲ့ အရက်သော က်လို့ အဆုတ်ပျက်စီးတဲ့သူတွေကိုဆိုရင် အောက်စီဂျင်ကို ၁ဝဝ ရာခိုင်နှုန်းပေးလို့ မရဘူး။ ၁ဝဝ ရာခိုင်နှုန်း၊ ၈ဝ ရာခိုင်နှုန်းပေးလိုက်တာနဲ့ အဆုတ်က ငါလိုချင်တဲ့အောက်စီဂျင်ကို ရပြီပဲဆိုပြီး အဆုတ်ကသူ့အလုပ် သူမလုပ် တော့ဘဲနဲ့နောက်ပိုင်းမှာ အဆုတ်ကရပ်သွားတဲ့ကိစ္စတွေရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့က အောက်စီဂျင် တကယ်လိုတယ်/ မလိုဘူးဆိုတာကို ဆုံးဖြတ်စေချင်တာကတော့ ဆေးရုံက ဆရာဝန်ရယ်လို့ ကျွန်တော် မဆို လိုပါဘူး။ အခုချိန်မှာက ဆေးရုံမှာလည်း ဆရာဝန်အင်အားနည်းနေတာဆိုတော့ ကိုယ့်ရဲ့မိသားစုဆရာဝန် ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးက ဆုံးဖြတ်ပြီးမှ အောက်စီဂျင် ရှုစေချင်ပါတယ်။ ကျွန်တော့်အသိတွေထဲမှာကိုယ်တိုင်က အောက်စီဂျင် ၉၅ နဲ့တင် အောက်စီဂျင်ရှုနေတယ်လို့ ကြားနေရတယ်။ အဲဒီတော့ အောက်စီဂျင်တွေကို မလိုအပ်ဘဲနဲ့သွားပုံတာက တစ်ကြောင်း၊ နောက်တစ်ခုကျတော့ ရှုတဲ့သူကိုယ် လည်း ထိခိုက်စေတယ်။ အဆုတ်ကိုသွားပြီးတော့ မလိုအပ်ဘဲနဲ့အောက်စီဂျင်တွေပေးနေတာဖြစ်တဲ့အတွက် တကယ်လိုအပ်တဲ့အချိန်မှာ အဆုတ်က အောက်စီဂျင်သူ့ဘာသာသူပြန်ရှုဖို့ရာမှာ ပိုကြာတတ်တယ်။ လေထဲမှာ ရှိတဲ့အောက်စီဂျင်ကိုလုပ်နိုင်တဲ့နည်းတွေအရ ကိုယ်ခံအားတွေတက်အောင်လုပ်ရမယ်၊ မှောက်လျက် အနေအ ထားလေးတွေ နေမယ်။ လိုအပ်တဲ့ဆေးဝါးလေးတွေ မှီဝဲရမယ်။ ပြီးရင် အဆုတ်က သူ့ဘာသာသူပြန်ရှုမယ့် အချိန်မှာ ကျွန်တော်တို့ကထပ်ပြီးတော့ ပြင်းအောင်လုပ်ပေးသလိုဖြစ်နေတယ်။ အားစိုက်မှရမယ့် အောက်စီဂျင် ကိုအလွယ်ရနေတာပေါ့။ ဒါတွေဟာလည်း အောက်စီဂျင်နဲ့ပတ်သက်တဲ့အယူအဆအလွဲတွေပေါ့။ နောက်တစ်ခု ကတော့ အောက်စီဂျင်ကိုတကယ်လိုအပ်ပြီဆိုရင် အပြင်မှာ အခုရှုနေကြတဲ့ နှာခေါင်းကိုပိုက်လေးထည့်ပြီး ရှုနေ ကြတဲ့ဟာက တကယ်တော့ မလုံလောက်ဘူး။ မလုံလောက်တဲ့အပြင် အောက်စီဂျင်က ဘေးကိုထွက်တော့ မလိုအပ်ဘဲ ဆုံးရှုံးတယ်။ တစ်လုံး ရှုရမှာကို ငါးလုံး ရှုနေရတယ်။ အဲဒီတော့ Face Mask လို့ခေါ်တဲ့ နှာခေါင်းနဲ့ ပါးစပ်အပြည့်အုပ်တဲ့ဟာနဲ့ တချို့နိုင်ငံတွေမှာဆိုရင် နှာခေါင်းထဲကို ပိုက်ထည့်တယ်၊ ပါးစပ်ကနေ ကြိုက်တာ စားလို့ရတယ်။ အဲဒီပိုက်ကျတော့ နှာခေါင်း ဟိုးအတွင်းထဲထိကိုရောက်တော့ အဲဒီလိုဟာတွေဆိုရင်တော့ အဆင်ပြေတယ်။ အဲဒီလိုမှမဟုတ်ဘဲ ကျွန်တော်တို့ဆီမှာကကျတော့ နှာခေါင်းထိပ်လေးကိုပဲ ပိုက်လေးတေ့ပြီး အောက်စီဂျင်ရှုနေတဲ့ဟာတွေကတော့ အောက်စီဂျင်တွေကမလိုအပ်ဘဲ ဘေးကိုလည်းထွက်ပြီး ဆုံးရှုံးရသလို လူနာအတွက်လည်း သိပ်ပြီးတော့ မထိရောက်ဘူး။ ဒါတွေနဲ့ပတ်သက်ရင်တော့ ကျွန်တော်က အသိပညာပေးချင်တာပါ။ နောက်ဆုံးချုပ်ပြောရမယ်ဆိုရင်တော့ ကိုဗစ်ဖြစ်တဲ့လူနာအယောက် ၁ဝဝ မှာ ၁ဝ ရာခိုင်နှုန်းအောက်ပဲ အောက်စီဂျင်လိုပါတယ်။ ကျန်တဲ့လူနာတွေက သူ့ဘာသာသူ ပြန်ကောင်းနိုင်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။ အောက်စီဂျင်ကျတယ်ဆိုတာကတော့ ကျပါလိမ့်မယ်။ ကိုဗစ်ရဲ့ သဘောသဘာဝကို က အဆုတ်လမ်းကြောင်းကိုထိခိုက်တာဖြစ်ပြီး အဆုတ်ခဲတဲ့ပုံစံဖြစ်တဲ့အတွက် အောက်စီဂျင်ကျတယ်။ အဲဒါကို ပြန်ကောင်းမွန်လာအောင် ကျွန်တော်တို့က အဆုတ်ကိုပဲ လေ့ကျင့်ပြီးတော့ အောက်စီဂျင်ပြန်တက်အောင်လုပ် တဲ့နည်းကတော့ အကောင်းဆုံးဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲဒီအတွက်ကြောင့် အရမ်းကြီး စိုးရိမ်စိတ်တွေ ကြီးပြီး အောက်စီဂျင်အိုးတွေဝယ်စုတာမျိုးတွေ မလုပ်ကြပါနဲ့ ။ အကယ်၍ ကိုယ်သာ အောက်စီဂျင်ကျခဲ့ရင် ဘယ်နားမှာ အောက်စီဂျင်ရနိုင်မလဲ။ ဘယ်စင်တာကိုသွားရင် ရနိုင်မလဲ စတဲ့ အချက်အလက်ကိုပဲ မှတ်ယူထား ပြီးတော့ စိတ်အေးအေးလေးနဲ့အောက်စီဂျင်တက်အောင်လုပ်ရင် ကိုဗစ်လူနာအယောက် ၉ဝ က အောက်စီဂျင် မလိုဘဲနဲ့ ပြန်ကို ကောင်းပါတယ်။

မေး ။ ။ ဆရာအကြံပြုထားတာလေးကို ကျွန်တော်ပြန်ပြောရရင် ကျွန်တော်တို့လူထုကတော့ အောက်စီဂျင် ၇ဝ ၊ ၈ဝ လောက်ဖြစ်ပြီဆိုရင် စိတ်ပူ စိုးရိမ်ကြပြီးတော့ အောက်စီဂျင်ကို အတင်းရှုဖို့အတွက် ကြိုးစားကြမယ့်အစား ကိုယ့်ရဲ့အဆုတ်က ပြန်ပြီးအလုပ်လုပ်နိုင်အောင် လုပ်ကြဖို့ကိုသာ ဆရာပြောချင်တာပေါ့နော်။
ဖြေ ။ ။ မှန်ပါတယ်။ အောက်စီဂျင်ကျပြီဆိုရင် မှောက်လျားလေးနေတာပဲဖြစ်ဖြစ်ဆိုပေမယ့် တစ်ခုတော့ ရှိတာပေါ့။ အဲဒါကဘာလဲဆိုရင် လူနာရဲ့အဆုတ်က သူ့ဘာသူအလုပ်မလုပ်နိုင်တော့တာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ တတ်သိနားလည်သူတစ်ဦးဦးနဲ့ ချိတ်ဆက်လုပ်ဆောင်ပြီး အကြံဉာဏ်ယူသင့်တယ်။ ကိုဗစ်မှာ အောက်စီဂျင်ကျတာကလည်း လက္ခဏာက အမျိုးမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လူနာရဲ့ အောက်စီဂျင်ကျတဲ့နှုန်းကိုကြည့်တာ မဟုတ်ဘူး။ လူနာက အဆုတ်ပျက်စီးနေပြီလား/ မပျက်စီးသေးတာလား ဆိုတာကို အဓိက ကြည့်ကြတယ်။ သူ့ရဲ့အသက်ရှုနှုန်းရယ်၊ နှလုံးခုန်နှုန်းက ဘယ်လောက်ရှိနေပြီလဲ။ အဆုတ်က ဘယ်လောက်ပျက်စီးနေပြီလဲ။ နှုတ်ခမ်းပြာနေပြီလား။ ခြေဖျား၊ လက်ဖျားတွေ ပြာနေပြီလား စတဲ့အချက်တွေကို ကျွန်တော်တို့က လိုက်ကြည့်ရတာ။ ဆရာဝန်က လူနာကိုကြည့်ပြီးမှသာ ဒီလူနာသည် အောက်စီဂျင် လိုတဲ့ အဆင့်လား။ ဒါမှမဟုတ် သူ့ဘာသာသူ ပြန်ကောင်းနိုင်တဲ့အဆင့်လားဆိုတာကို ဆုံးဖြတ်လို့ရတာပေါ့နော်။ အဲဒီတော့ တတ်သိနားလည်းတဲ့သူရဲ့အကြံဉာဏ်ကိုယူပြီးမှပဲ အောက်စီဂျင်ကို ရှုစေချင်ပါတယ်လို့ ဆိုချင်ပါ တယ်။ အောက်စီဂျင်ကတော့ ၈ဝ ဒါပေမဲ့ အရမ်းလိုနေတဲ့သူတွေကိုသွားပြီးတော့ အသက်ရှုလေ့ကျင့်ခန်းတွေ သွားလုပ်ပေးရင်တော့ လေ့ကျင့်ခန်းတွေလုပ်လည်း အဆုတ်က တက်မလာနိုင်သလို ဘာမှမထူးဘူး။ အဓိကကတော့ ကိုဗစ်လူနာတွေအနေနဲ့က ကိုယ်အောက်စီဂျင်ရှုဖို့ လိုပြီလား/ မလိုဘူးလား ဆိုတာကို ဆုံးဖြတ်တဲ့သူက ကိုယ့်နဲ့ကိုယ့်ရဲ့မိသားစုဝင်တော့ မဖြစ်ရဘူး။ အဓိကက တတ်သိနားလည်တဲ့သူ တစ်ယောက်ပဲ ဖြစ်သင့်ပါတယ်။

မေး ။ ။ အခုကိုဗစ်တတိယလှိုင်းမှာ ပရဟိတအသင်းတွေဘက်ကနေ ကျွန်တော် ပြန်ပြီးကြားရတဲ့သတင်း ကေ တာ့ အောက်စီဂျင်ရှုတာမှားလို့ အဆုတ်ကွဲပြီး ဆုံးတာများတယ်လို့ ပြန်ကြားလာရတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွက် သတင်းမှားတစ်ခု၊ သူတို့ဘက်က သတင်းကို လုံလုံလောက်လောက်မရတဲ့အတွက် အသက်တွေ ကို မတော်မဆ ဆုံးရှုံးလိုက်ရတဲ့အနေအထားလို့လည်း ဆိုနိုင်ပါတယ်။ နောက်ထပ်လည်း ပြည်သူပေါင်းများစွာ ကျန်နေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လိုမျိုး ပြန်လည်ဝေမျှချင်ပါသလဲ။
ဖြေ ။ ။ အဓိကကတော့ ကျွမ်းကျင်ရာ လိမ္မာရာပါပဲ။ အောက်စီဂျင်ကို ဘယ်လောက်နဲ့ စပေးမလဲ။ 5 နဲ့ပေး မလား၊ 6 နဲ့ ပေးမလား။ 7 လား၊ 10 ထိပေးဖို့ လိုမလားဆိုတာရယ် ရာခိုင်နှုန်းအရပြောမယ်ဆိုရင်လည်း ၆ဝ ရာခိုင်နှုန်းလား။ ၈ဝ ရာခိုင်နှုန်းပေးမှာလား။ ၁ဝဝ ရာခိုင်နှုန်းပေးမှာလားဆိုတာကိုက ဆရာဝန်ပဲ ဆုံးဖြတ်လို့ရတဲ့ အနေအထားမှာရှိတယ်။ လူနာမှာ အခြေခံဘာရောဂါရှိသလဲ။ အဆုတ်မှာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ အမာရွတ် တွေရှိနေတယ်ဆိုရင် ၁ဝဝ ရာခိုင်နှုန်းသွားပေးလို့မရဘူး။ ပေးရင် အခုအပြင်လူတွေပြောနေတဲ့ အဆုတ်ကွဲ တယ်ဆိုတာမှာ အဲဒီလူနာတွေဖြစ်တာလို့ပဲ ယူဆပါတယ်။ အဆုတ်က သူလိုချင်တဲ့ဟာ ရသွားပြီဆိုပြီး အဆုတ် က ကိုယ်တိုင်မရှုနိုင်တော့တဲ့အခါကျတော့ အောက်စီဂျင်ဖြုတ်လိုက်တာနဲ့တစ်ခါတည်းတန်းပြီး ဆုံးတာပဲ။ အဲဒီတော့ ဗိုင်းရပ်စ်မှာလည်း မာယာတွေအများကြီးရှိသလို အောက်စီဂျင်မှာလည်း သူ့မာယာတွေ အများကြီးရှိ တယ်။ အောက်စီဂျင်ဟာ ပေးတတ်မှာ အသုံးလည်းတည့်မယ် မပေးတတ်ဘူး၊ မသုံးတတ်ဘူးဆိုရင် အန္တရာယ် လည်း ရှိတယ်။ အဲဒီတော့ အောက်စီဂျင်သုံးရတော့မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့သူတွေဆီက အကြံဉာဏ် ယူသင့်ပါတယ်။ နောက်တစ်ခုကတော့ တစ်ဆက်တည်းပြောချင်တာက ဖေ့ဘွတ်စ်ပေါ်မှာ အောက်စီဂျင် ၈ဝ ထိ ကျသွားရင် ဘယ်ထဲကနေ ဘယ်လောက်နုတ်ရမယ်ဆိုတဲ့ဟာတွေကလည်း မမှန်ပါဘူးဆိုတာကို တခါတည်း ထည့်ပြောချင်ပါတယ်(ရယ်လျက်)။ ဘာလို့လည်းဆိုရင် လူနာမှာက အောက်ခံရောဂါတွေ အများကြီးရှိနိုင်ပါ တယ်။ အဲဒီတော့ ဒါတွေဟာ အကြမ်းကိုမှ တော်တော့်ကိုအကြမ်းပဲ။ တချို့ဟာတွေက အောက်စီဂျင်ကျလေ ပိုပေးရလေဆိုတာမျိုးတွေကို မြင်နေရတယ်။ တကယ်တမ်းမှာ တချို့တွေ အောက်စီဂျင်ကျပြီဆိုရင် ပိုပေးရတာ မျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်းနဲ့ အောက်စီဂျင်တက်အောင်လုပ်ရတာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဖေ့ဘွတ်ပေါ်မှာတွေ့တဲ့အတိုင်းလည်း အဟုတ်ထင်ပြီးတော့ လျှောက်မလုပ်ကြပါနဲ့လို့ သတိပေးချင်ပါတယ်။

မေး ။ ။ အဲဒါကျတော့ ဆရာ.. လူမှုကွန်ရက်ပေါ်မှာ ရေးချင်ရာရေး တင်ချင်ရာတင်နေကြတဲ့တချို့သော အကြောင်းအရာအချို့ကိုလည်း ပညာတတ်အသိုင်းအဝိုင်းတွေကိုယ်တိုင်တောင် တင်နေ၊ ရှယ်နေကြတာကို လည်းမြင်ရပါတယ်။ ဒါဟာလည်း တော်တော်ကိုဆိုးဝါးလွန်းတဲ့ပြဿနာကို ကျွန်တော်ကတော့ ယူဆပါတယ်။ အဲဒါနဲ့ပတ်သက်ရင်ရော ဆရာ ဘာများပြောချင်မလဲ။
ဖြေ ။ ။ အဲဒါလည်း လက်ခံပါတယ်။ အခုကိုဗစ်မှရယ် မဟုတ်ပါဘူး။ အဲဒါကလည်း Facebook ရဲ့ latracy လို့ပဲပြောရမှာပေါ့။ သူတို့ဟာ တက်အောင်လုပ်တာလို့ပဲထင်ပါတယ်။ ကျွန်တော်တို့ဒီမှာဖြစ်နေတာတွေက ကျန်းမာရေးကိစ္စမှမဟုတ်ဘူး ကျန်တဲ့ကိစ္စတွေမှာလည်း ကိုယ်ရှယ်လိုက်တဲ့ဟာက ဟုတ်ရဲ့လားဆိုတာနဲ့ မှန်းလား/ မှားလား မစဉ်းစားကြတော့ဘူး။ ပိုဆိုးတာကတော့ ကိုယ်လေးစားတဲ့လူတစ်ယောက်က ရှယ်လိုက်ရင် ပိုဆိုးတယ်။ အဲဒီတော့ သူ့ကိုယ်လေးစားတဲ့သူအားလုံးကတော့ လိုက်လုပ်ကြမှာပဲ။ အဲဒီတော့ ကိုယ့်ရဲ့ အကုသိုလ် မကင်းဖြစ်တတ်တယ်။ အဲဒီအချက်ကိုတော့ အကုန်လုံးအနေနဲ့နည်းနည်းလေး သတိထားစေချင်ပါ တယ်။ ကိုယ့်ကြောင့် လူတစ်ယောက်လိုက်လုပ်တယ်ဆို ကိုယ်ကုသိုလ်ရသလို၊ ကိုယ်အမှားလုပ်တာကို လိုက်လုပ်မိကြရင်လည်း ကိုယ့်အပေါ်မှာ အကုသိုလ်ဖြစ်ပါတယ်။ အဲဒီတော့ အားလုံးအနေနဲ့က သတင်းအချက် အလက်အချို့ကို မှန်လား/ မှားလား ဆိုတာ သေချာချင့်ချိန်ဆုံးဖြတ်ပြီးမှ ရှယ်စေချင်ပါတယ်။ ပြန်လည်ဖြန့်ဝေစေ ချင်ပါတယ်။ ကိုယ်တကယ်ကိုသိနေတဲ့ ကျွမ်းကျင်နေတဲ့ဘာသာရပ်ဆိုရင်တော့ ရှယ်လိုက်ပေါ့။ ဥပမာ- ကျွန်တော်က ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ပိုစ့်တွေဆို ရှယ်ချင်တယ်။ ဒါပေမယ့် ကျွန်တော်အကျင့်က ကိုယ်နဲ့ မသက်ဆိုင်တဲ့နယ်ပယ်က ဟာမျိုးတွေဆိုရင်သိပ်ပြီးတော့ ရှယ်လေ့မရှိဘူး။ ဘာလို့လဲဆိုရင် ကိုယ်သေချာ မသိဘူး။ တချို့ဟာတွေဆိုရင် အချက်အလက်လည်းကောင်းတယ်။ ဖတ်လို့လည်း ကောင်းတယ်။ ဟုတ်ရဲ့လား လို့လည်းထင်မိသလို သူများတွေက လိုက်လုပ်ခဲ့လို့ မဟုတ်ခဲ့ရင်ဆိုတဲ့အချက်ကိုလည်း ထည့်တွေးတယ်။ တချို့ ကျတော့လည်း ရှိပါတယ်။ တကယ့်ကိုသဘောရိုး၊ စေတနာနဲ့အမှန်နဲ့ှ ရှယ်လိုက်တာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ လိုက်လုပ်တဲ့သူတွေအတွက် ဒုက္ခရောက်သွားတယ်ဆိုရင်တော့ ကိုယ်လည်းမကောင်းဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်တိုင်တိကျသေချာမှသာ ပြန်လည်ဖြန့်ဝေ ကြပါလို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ အဲဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တစ်ခုလောက်ပြောပြချင်ပါတယ်ဆရာ။ အိန္ဒိယမှာ နိုင်ငံရေးသမား တွေက ဘာလုပ်လိုက်လဲဆိုတော့ ကိုဗစ်တတိယလှိုင်းဖြစ်တဲ့အချိန်မှာ နွားက နေမင်းရဲ့မိခင်ဖြစ်လို့ နွားရဲ့ဆီးကို သောက်ရင် ကိုဗစ်ပျောက်မယ်။ နွားရဲ့ မစင်ကို စားရင် ကိုဗစ်ပျောက်တယ်ဆိုပြီး ပြောလိုက်တဲ့ စကားတစ်ခွန်း ကြောင့် အိန္ဒိယမှာ မစင်လူူး၊ မစင်စား ပွဲတော်တွေ ကျင်းပကြတယ်။ လူတွေက ထင်ရှားကျော်ကြားသူတွေရဲ့ စကားကိုယုံပြီးတော့ လူသန်းချီက လိုက်လုပ်ကြတော့ အဲဒီမှာပဲ လူတွေ အတုံးအရုန်းသေကြရတယ်တွေ ဖြစ်ကု န်ကြရော။ ဒါဟာ လူသိထင်ရှားပုဂ္ဂိုလ်တွေရဲ့ ရှေ့ကနေပြီး ပေါက်ကရလုပ်တဲ့လုပ်ရပ်ကြောင့် နောက်က လူထုက ဒုက္ခရောက်ရတယ်။ အဲဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီဖြစ်စဉ်လို ပုံစံမျိုးတွေဖြစ်မှာကို စိတ်ပူမိပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဆရာအနေနဲ့ ခွဲပြီး ပြောပေးပါလား။
ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံမှာကတော့ ဘာသာပေါင်းစုံ ပူးပေါင်းနေထိုင်ကြတဲ့ နိုင်ငံဆိုပေမယ့်လည်း အဓိကက တော့ ဗုဒ္ဓဘာသာက များတယ်။ ကျွန်တော်တို့ရဲ့မြတ်စွာဘုရားကလည်း ကာလမ သုဿာန်ဆိုပြီးတော့ ဟောခဲ့ တာ ရှိတယ်။ အဓိကကတော့ တစ်ပါးသူကို လေးစားယုံကြည်တာ မှန်တယ်။ ဒါပေမဲ့ သူ့အကြံဉာဏ်ကိုယူပြီး ရင်းရမှာက ကိုယ့်အသက်၊ ကိုယ့်မိသားစုအသက်၊ ကိုယ့်ရဲ့ဆွေမျိုးတွေအသက် ဖြစ်နေတယ်။ အဲဒီတော့ လွယ်လွယ်မယုံကြဖို့ပေါ့နော်။ ကျွန်တော်တို့က တစ်သိန်းတန်လောက်ပဲ ရင်းရတဲ့အလုပ်ဆိုရင် ဖြတ်ခနဲ့လုပ်လို က်ကြသလို သိန်းတစ်ရာ၊ သိန်းတစ်ထောင်ရင်းရတဲ့အလုပ်မျိုးဆိုရင် တော်တော်လေးစဉ်းစားကြတယ်။ ဒီလိုပါပဲ ကိုယ့်မိသားစုနဲ့ ကိုယ့်ဆွေမျိုးတွေရဲ့ အသက်ဟာ သိန်းတစ်ထောင်မက တန်တယ်ဆိုပြီး သေချာစဉ်းစားစေချင် တယ်။ အလုပ်တစ်ခုအတွက်ကိုတော့ သေချာစဉ်းစားကြ၊ ဆုံးရှုံးမှာကြောက်ကြတယ်ဆိုရင် ခုလိုအသက်ဆုံးရှုံးရ မယ့်ကိစ္စမျိုးကိုလည်း ကြောက်ကြပါလို့ပဲ ကျွန်တော်ကတော့ အကြံပြုချင်ပါတယ်။ နိုင်ငံရေးနဲ့နှီးနွယ်တဲ့ကိစ္စတွေ ကတော့ ကျွန်တော်ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တဲ့အခါကျတော့ သိပ်တော့မပြောချင်ပါဘူး။ သို့သော် ဘယ်သူ ပဲဖြစ်ဖြစ်ပါ ကိုယ်အရမ်းကိုလေးစားရတဲ့ ယုံကြည်ရတဲ့သူဖြစ်တောင်မှ ဥပမာ- မကွေးက သူတော် တော်များများဆို ကျွန်တော်ပြောတဲ့စကားအတိုင်းလိုက်လုပ်ကြတာရှိတယ်။ အဲဒီတော့ ကိုယ့်အသက်တွေနဲ့ဆိုင် တဲ့ ကိစ္စမို့လို့ ချင့်ချိန်ကြပါ။ ဟုတ်ရဲ့လားဆိုပြီး နောက်ထပ် နှစ်ယောက်၊ သုံးယောက်ဆီကနေ ပြန်စုံစမ်းပါ။ မသေချာဘူးဆိုရင် Online တွေပေါ်မှာလည်း ရှာလို့ရနေသလို ပညာတတ်တွေလည်း များနေတာပဲဆိုတော့ Search box မှာ သက်ဆိုင်တာကိုရှာဖွေပြီး ဖတ်လို့လည်းရနေတာဆိုတော့ တခြားနိုင်ငံရဲ့အချက်အလက်တွေ မှာ ဘယ်လိုရှိလဲဆိုတာကို ရှာဖွေကြည့်ရင်း ချင့်ချိန်ပြီးမှ ယုံကြပါလို့ပြောချင်ပါတယ်။ အကြံဉာဏ် မယူရဘူး မဟုတ်ဘူး အကြံဉာဏ်ယူတဲ့အခါမှာလည်း မျက်စိစုံမှတ်ယုံတာမျိုးမဟုတ်တော့ဘဲ ကိုယ့်ရဲ့အသိဉာဏ်လေး ကပ်ပြီးတော့ လုပ်ကြပါတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ အခုကျွန်တော်တို့လူထုက ဘာဖြစ်နေလဲဆိုတော့ ကိုယ်တိုင်ကိုဗစ်ဖြစ်တာပဲဖြစ်ဖြစ်၊ ကိုယ့်နားက တစ်စုံတစ်ယောက် ကိုဗစ်ဖြစ်တာပဲဖြစ်ဖြစ် အောက်စီဂျင်ကို အရင်ပြေးရှာတာမျိုးကို တွေ့ရတယ်။ အဲဒီတော့ လူတစ်ယောက်ကိုဗစ်ဖြစ်ပြီဆိုရင် တကယ်ပဲ အောက်စီဂျင်ပြေးရှာထားရတော့မှာလား ဘာကိုအရင်လုပ်ရမှာလဲ။
ဖြေ ။ ။ မိမိ (ဒါမှမဟုတ်) ကိုယ့်ပတ်ဝန်းကျင်က သူတစ်ယာက်ယောက်မှာ ကိုဗစ် Positive တွေ့ပြီဆိုရင် အဓိကကတော့ Mental Support ပေးဖို့က အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အရှေ့မှာ ကိုယ်ကပြာပြနေရင် သူလည်းပြာပြီပဲ။ အဲဒီအတွက် ကူးစက်ခံထားရတဲ့လူနာရှေ့မှာ မပြာနေဖို့ပဲ လိုတယ်။ အခု ကျွန်တော်က Online ကနေလည်း လူနာတွေကို ကြည့်ရှုအကြံပေးတယ်။ အရေးပေါ်ဖြစ်တဲ့လူနာတွေကိုလည်း သွားကြည့်ပေးတာမျိုးရှိတယ်။ အဓိကကတော့ ကျွန်တော်သူတို့ရှေ့မှာ လုပ်ပေးတဲ့ ပုံစံက သူတို့အတွက် စိတ်ခွန်အားပဲပေးတယ်။ သူတို့ရှေ့မှာလည်း တည်တည်ငြိမ်ငြိမ်ပဲနေတယ်။ လူနာက ကျွန်တော်နဲ့တွေ့လိုက် တာနဲ့ ကိုဗစ်ကိုကြောက်တဲ့အား လျော့သွားတယ်ဆိုပြီး ပြောလေ့ရှိတယ်။ ကျန်တဲ့သူတွေကိုလည်း ဒီအကြံဉာဏ် လေး ရစေချင်တာပါ။ ဒါကလည်း ကျွန်တော်ကြုံလို့တခါတည်းပြောတာပါ။ ဆရာဝန်တွေတော်တော်များများ ကတော့ ဒီအချက်ကို တော်တော်လည်း လုပ်တတ်ပါတယ်။ ဆေးပညာအသိုင်းအဝိုင်းက ဝန်ထမ်းတွေ၊ သူနာပြု ဆရာမတွေ၊ သူနာပြုအကူတွေပဲဖြစ်ဖြစ် တခါတလေ လူနာဘေးက မိသားစုဝင်တွေပဲဖြစ်ဖြစ် တော်တော်များများ က ဒီနည်းအတိုင်းပဲ လုပ်နေကြပါပြီ။ အဓိကကတော့ ကြောက်လိုက်တာနဲ့ ရောဂါက ပိုဆိုးနိုင်ပါတယ်။ အပြင်မှာ တွေ့ဖူးကြမှာပေါ့ ဒေါသတွေအရမ်းကြီးတာပဲဖြစ်ဖြစ် အရမ်းကြောက်တယ်တာပဲဖြစ်ဖြစ် သတိလစ်သွား တတ်တာတို့ အောက်စီဂျင်ကျသွားတာတို့ရှိတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုပဲ ကြောက်ရင် အောက်စီဂျင် ကျတတ်တယ်။ အဲဒီတော့ ကိုဗစ်ကူးစက်ခံရပြီဆိုတာကို သိရင်လည်း ဟုတ်ပြီ Postive ဖြစ်ပြီ ၊ ကမ္ဘာပေါ်မှာ လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက်က ကိုဗစ်ကူးစက်ခံနေရတယ်။ ဒါပေမဲ့ သေနှုန်းက ၃ ရာခိုင်နှုန်း အောက်မှာပဲရှိတယ်။ ၁ဝဝ ဖြစ်မှ ၃ ယောက်အောက်မှာရှိတယ်။ စိတ်မပူရဘူးလို့ဆိုတာ မဟုတ်ဘူး ရောဂါ အတွက်ကတော့ စိတ်ပူရတယ်။ သို့သော် ရာသီတုပ်ကွေးကြောင့် သေနှုန်း၊ နှလုံးရောဂါကြောင့် သေနှုန်းနဲ့ တခြားကူးစက်ရောဂါတွေကြောင့် သေနှုန်းတွေထက် မပိုဘူး၊ အဲဒီလောက်ပဲရှိတယ်။ အဲဒီတော့ ဒါကိုကောင်း မွန်စွာကျော်ဖြတ်ရမယ်ဆိုပြီး လူနာစိတ်ထဲကိုဝင်သွားအောင်မျိုးထိကို လူနာရှင်က ပြောပေးရမယ်။ ပြီးရင် အောက်စီဂျင်လိုက်ရှာတာထက် လူနာအတွက် အာဟာရပြည့်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာက ပိုပြီး တော့ အရေးကြီးပါတယ်။ သေချာတာက လူနာက အနံ့ပျောက်ပြီ၊ အရသာပျောက်ပြီဆိုရင်တော့ မစားချင်တော့ ဘူး ဆိုတာကတော့ ဖြစ်လာမှာပဲ။ ကျွန်တော်ဒါက စွပ်စွဲတာတော့ မဟုတ်ပါဘူး။ စိတ်ပူကြတာတော့ မှန်ပါတယ်။ တချို့ကျတော့ အောက်စီဂျင်ကို လက်နက်အဖြစ်သုံးလာကြတယ်။ ဘာလဲဆိုတော့ သူ့အတွက် အောက်စီဂျင် ရှာပေးပြီးပြီပဲ ဆိုတဲ့ ကိုယ့်ကိုယ့်ကိုယ့် ယုံကြည်စိတ်ချမှုကြီးက ရသွားကြတယ်။ အောက်စီဂျင်ရှိပြီပဲ လူနာကို သိပ်ကြည့်စရာ၊ ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့သဘောမျိုးဖြစ်နေတာလည်း တွေ့နေရတယ်။ ဒါဟာ တလွဲ အတွေးသာဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလို အမှန်က တစ်ဆယ်ရာခိုင်နှုန်းအောက်ပဲ အောက်စီဂျင်လိုတာ။ တကယ်တမ်းလိုတာက အာဟာရဖြည့်တင်းဖို့။ အဲဒီတော့ အာဟာရဖြည့်တင်းတဲ့နေရာမှာလည်း အချိန်မှန်မှန် လေး ကျွေးနေဖို့၊ သူမစားချင်ရင် စားချင်လာအောင် ဘေးကနေပြီးတော့ အားပေးဖို့၊ ဒီရောဂါက မပျောက်နိုင်တဲ့ ရောဂါမဟုတ်ဘူး အတူတူကျော်ဖြတ်ရင် ပျောက်နိုင်တယ် ဆိုတာမျိုးလေး နွေးထွေးမှုပေးဖို့ လိုတာပါ။ ကျွန်တော် တွေ့ဖူးပါတယ်။ လိုအပ်တာမှန်သမျှတော့ အစစအရာရာအကုန်လုပ်ပေးကြတယ်။ လူနာနားမှာ စကားမပြော ကြဘူး။ လူနာ အနားကို မကပ်ကြဘူး။ ပိုးကူးမှာ ကြောက်တယ်ဆိုရင်တောင် ဖုန်းလေးနဲ့ပဲဖြစ်ဖြစ်၊ Video Call လေးနဲ့ပဲဖြစ်ဖြစ်၊ သူ့အပေါ် ကိုယ်တွေက ဖယ်မထားဘူး၊ နွေးထွေးမှုရှိတယ်။ တခြားသူတွေကို ထပ်ကူးသွားမှာ စိုးလို့သာ သူ့အနားမှာ မနေတာ ဆိုတဲ့ဟာမျိုးနားလည်အောင်လုပ်လိုက်ရင် လူနာအနေနဲ့ကလည်း ဒီလူတွေနဲ့ မိသားစုဝင်တွေနဲ့ တရင်းတနှီးပြန်နေဖို့ရင် ဒီရောဂါကြီးက ပျောက်မှဖြစ်မယ်ဆိုတဲ့စိတ်ဝင်သွားလိမ့်မယ်။ အဲဒီ အခါကျရင် သူကိုယ်တိုင်က မစားချင်လည်း စားလာလိမ့်မယ်။ မအိပ်ချင်လည်း အိပ်လာလိမ့်မယ်။ ဒါတွေ အကုန်လုံးက စိတ်ရဲ့ စိုးရိမ်ပူပန်မှုကိုလည်းလျော့ပေးနိုင်ပြီးတော့ ရောဂါအခြေအနေလည်း ပိုပြီးကောင်းလာလိမ့် မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အောက်စီဂျင်ထက် ပိုပြီးအရေးကြီးတာကတော့ လူရဲ့ Psychology of support လို့ခေါ်တဲ့ စိတ်ဓါတ်မြှင့်တင်ပေးဖို့က လိုပါတယ်။ ဒုတိယအချက်ကတော့ အာဟာရရှိတာလေးတွေ စားဖို့ရယ်၊ တတိယအချက်ကတော့ လူနာဘက်က တခုခုထူးခြားတာနဲ့ ချက်ချက်ဆက်သွယ်အကူအညီ တောင်းခံလို့ရမယ့် နေရာနဲ့ ဖုန်းနံပါတ်တွေကို အသင့်ရှာဖွေထားဖို့က အောက်စီဂျင်ကို ရှာနေကြတာထက်စာရင် ပိုအရေးကြီးပါတယ်။

မေး ။ ။ လူထုက ကူးစက်ခံရပြီဆိုရင် ဆေးခန်း၊ ဆေးရုံတွေသွားကြတော့လည်း လက်မခံတာမျိုးတွေ၊ ပြဖို့ အတွက် ဆရာဝန်မရှိတာမျိုးတွေနဲ့ မြေပြင်မှာကြုံတွေ့နေကြတဲ့အခါကျတော့ စိုးရိမ်ပူပန်မှုက မြင့်တက်လာပြီး လူတွေရဲ့စိတ်ခံစားမှုနဲ့ ခံစားရတဲ့ဝေဒနာက ပိုပြီးကြီးထွားလာရတယ်လို့ မြင်ပါတယ်။ ဒီပြဿနာတွေကို ကျွန်တော်တို့တွေ ဘယ်လိုကျော်လွှားသင့်တယ်လို့မြင်ပါသလဲ။ ဒေသန္တရဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနည်းတာလည်း ပါတယ်ဆိုတော့ ဒီပြဿနာကြီးက ကွင်းဆက်ကြီး လို ဖြစ်လာပြီး ချိတ်ဆက်ပြီးဖြစ်သွားတယ်။ ဒီအခြေအနေကို ဘယ်လိုကျော်လွှားသင့်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ ဒါကတော့ အပြင်မှာ ရှိနေတဲ့ဆရာဝန်တွေအနေနဲ့က လုပ်လည်းလုပ်နေကြပါတယ်။ အခု ဖေ့ဘွတ်စ် ပေါ်မှာတော့ တွေ့နေရပါတယ်။ မကွေးမြို့မှာဆိုရင် ဘယ်ဆရာဝန်ကို ချိတ်ဆက်လို့ရတယ်။ ဘယ်ဆရာဝန်တွေ ကတော့ ဆေးခန်းတွေဖွင့်နေတယ်ဆိုပြီး အချိန်နဲ့ ရက်လေးတွေကအစ စာရင်းတွေလည်း ထွက်နေပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ဖေ့ဘွတ်စ်ကြည့်တာ အဲဒီလိုအရာလေးတွေကိုပဲရှာပြီးတော့ လိုက်ကြည့်တတ်ရင် တော့လည်း ပြဿနာက မရှိဘူး။ အဲဒီလိုမှမဟုတ်ဘဲ တခြားဟာတွေလိုက်ကြည့်ပြီး ဖေ့ဘွတ်စ်ကြည့်ရင်းနဲ့ပဲ စိုးရိမ်မှုတွေ ပိုများသွားတာရှိတယ်။ အဲဒါကြောင့် ကျွန်တော်ပြောတာက လူနာကိုယ်တိုင်မဟုတ်ဘဲ လူနာရှင် ကိုယ်တိုင်က ချိတ်ဆက်လို့ရမယ့်အဆက်အသွယ်တွေကို ရှာထားသင့်တယ်။ သေချာတာကတော့ ကိုဗစ်ကူး စက်ခံထားရတဲ့ လူနာတခုခုထူးခြားရင် ဆရာဝန်နဲ့ချိတ်ဆက်ဖို့က လိုကို လိုတယ်။ လူနာမှာပေါ်တဲ့ ထူးဆန်းမှု မှန်သမျှဟာ ရောဂါရဲ့သတိပေးတဲ့အချက်တွေဖြစ်နိုင်တယ်။ ဥပမာ- ရင်ဘတ်အောင့်တယ်။ ရင်ဘတ်အောင့် တယ်ဆိုတာမှာ ဗိုင်းရပ်စ်ကြောင့် နှလုံးကြွက်သားရောင်သွားတာလဲဖြစ်နိုင်တယ်။ သွေးခဲနေတာကနေပြုတ် ထွက်ပြီးတော့ အဆုတ်မှာ လာပိတ်တာမျိုးလည်းဖြစ်နိုင်တယ်။ အဲဒါကြောင့် ရင်ဘတ်အောင့်ပြီ ဆိုကတည်းက သတိပေးနေတဲ့အချက်တွေပဲ။ အဲဒီလိုအချိန်မှာ လူနာအတွက် သွေးကြဲဆေးထိုးဖို့ လိုရင်လိုမယ်။ ဆေးရုံတင်ဖို့ လိုရင် လိုမယ်။ အဲဒီလိုချိန်မှာ တတ်သိနားလည်တဲ့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်းတဲ့ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်ယောက်နဲ့ မရရအောင်ချိတ်ဆက်ထားဖို့ လိုတယ်။ အဲဒီလိုချိတ်ဆက်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့က ရှိနေမယ်။ အများကြီး ရှိနေဖို့ မလိုဘူး။ တစ်မြို့ကို တစ်ယောက်လောက်ရှိနေရင်ကို ရပါတယ်။ သူ့ကို ဖုန်းဆက်မေးတာပဲဖြစ်ဖြစ်၊ Viber တို့၊ Messenger တို့ကနေ လူနာရဲ့အခြေအနေကို ပို့ပေးလို့ရမယ်။ ကျွန်တော်ဆိုရင် ကိုယ်တိုင်သွားမကြည့်နိုင်ရင်တောင် Viber ရော၊ Messenger ရော၊ ဖုန်း နဲ့ပါ လာသမျှ အကုန်ကြည့်ပေး၊ ဖြေပေးနေတယ်။ ဆရာဝန်ရဲ့ကိုယ်ရေးကိုယ်တာဆိုတာကလည်းရှိတာကို။ အဲဒီအတွက် ဒါဆို ရင် ဘာလုပ်ပေးရမယ်။ ဒါဆိုရင်တော့ ဆေးရုံတန်းသွားပေးရမယ်လို့ ပြောပေးပြီး ကုသပေးနေတာကလည်း ရှိကြ ပါတယ်။ အဲဒီလိုနည်းကလည်း အခုလိုကာလမှာ လူအင်အားနည်းတဲ့ဟာကိုလျော့နိုင်မယ်လို့ ထင်ပါတယ်။ ထပ်ဖြည့်ပြီးပြောချင်တာကတော့ အခုလိုကာလမှာ ဘယ်ဆရာဝန်၊ ဘယ်ကျန်းမာရေးဝန်ထမ်းမှ လူနာကို ပစ် မထားကြပါဘူး။ လှမ်းတိုင်ပင်လိုက်ရင် မပြောနိုင်ဘူးကွာဆိုပြီးတော့ ရှိမှာ မဟုတ်ဘူး။ အဲဒီတော့ ဖုန်းကနေ သော်လည်းကောင်း၊ Viber , Messenger တို့ကနေသော်လည်းကောင်း၊ ဆရာဝန်ကို အိမ်ထိပင့်ပြီးတော့သော် လည်းကောင်း၊ တတ်သိနားလည်တဲ့ ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းဖြစ်ဖို့လိုတယ်။ အဲဒီလူကနေတဆင့်ပဲ ဆုံးဖြတ်ချက်တွေ ချဖို့လိုတယ်။ အပိုင်ကြီးတွေးပြီး ဆေးရုံကိုရောက်ရင် ဆရာဝန်က လာကြည့်ပေးရမယ်တို့၊ အပြင်ဆေးခန်းသွားရင် ဆရာဝန်လာကို လာရမယ်ဆိုတာကတော့ အခုလတ်တလောအနေအထားအရရယ်၊ ဖြစ်တဲ့ လူနာများတာရယ်၊ ဆရာဝန်အင်အား နည်းတာကြောင့်တစ်ကြောင်း သိပ်တော့ မဖြစ်နိုင်ဘူး။ အဲဒီအတွက် ကျွန်တော်တို့က Tele Communication လို့ခေါ်တဲ့ ဖုန်း တို့၊ Viber တို့ ၊ Messenger တို့ကတဆင့် ပြောပေးနေတာကပဲ အဖြေဖြစ်မယ်လို့ ထင်ပါတယ်။

မေး။ ။ မြန်မာလူထုက ကိုဗစ်ဆေးထိုးမယ့်ကိစ္စမှာလည်း ဝိဝါဓ ကွဲနေကြတာလည်းရှိပါတယ်။ တရုတ်ဆေး မို့လို့ မထိုးဘူး။ အိန္ဒိယဆေးမို့ မထိုးဘူး ဆိုပြီးဖြစ်နေတဲ့အပေါ် အဲဒီကို ကွဲသင့်လား/ မကွဲသင့်လားဆိုတာကို ဆရာအနေနဲ့ပြောပေးပါဦး။
ဖြေ ။ ။ အဓိကကတော့ Strain ပေါ် နိုင်တဲ့ဟာတွေပေါ်မူတည်ပြီးတော့ ကာကွယ်ဆေးတစ်ခုနဲ့ တစ်ခုကြားမှာ မတူတာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဓိကကတော့ Delta Strain ကို နိုင်တာက ဘယ်ကောင်က ပိုနိုင်တယ် ဆိုတာမျိုးပေါ့။ သို့သော်တစ်ခုတည်းပဲ ကျွန်တော်ပြတ်ပြတ်သားသားပြောချင်တာကတော့ မထိုးထားတာထက်စာရင်တော့ ထိုးထားတာက အကုန်ကောင်းတယ်။ တစ်ခုပဲ ကာကွယ်ကွယ်၊ နှစ်ခုပဲ ကာကွယ်ကွယ် ကာကွယ် ဆေးထိုးလိုက်တာဟာ အလကားရလိုက်တာ၊ အမြတ်တစ်ခုရလိုက်တာ ဖြစ်တယ်။ အဲဒီတော့ ဝိဝါဓ မကွဲဘဲနဲ့ ကိုယ်ရရမယ့်အခွင့်အရေးအတိုင်း ထိုးထားရမယ်။ မထိုးထားရင်တော့ ရောဂါပိုး(၄) မျိုးလုံးကို မကာကွယ်နိုင်ဘူး။ ဖြစ်ရင် ရောဂါက ပြင်းထန်မှာ။ ရောဂါကတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးထားတဲ့အတွက်တော့ ပြင်းထန်မှုလျော့နည်းလိမ့်မယ်။ ကျွန်တော်တစ်ဆက်တည်းပြောချင်တာကတော့ ကာကွယ်ဆေးထိုးထားရင် ပိုးမကူးမှာ မဟုတ်ဘူး။ ရောဂါ မပြင်းထန်မှာ။ ကျွန်တော်တို့တွေ ကာကွယ်ဆေးထိုးခြင်းရဲ့ရည်ရွယ်ချက်က နှစ်ခုပဲရှိပါတယ်။ နံပါတ်တစ်က ရောဂါဖြစ်တဲ့အခါမှာ ရောဂါ မပြင်းထန်ဖို့နဲ့ နံပါတ်နှစ်က အဲဒီလူကနေတဆင့် တခြားသူကို ရောဂါကူးစက်မှုနှုန်းကို လျော့ချဖို့အတွက် ကာကွယ်ဆေးကို ထိုးတာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ လည်း ဒီအတိုင်း ဒီရည်ရွယ်ချက်အတိုင်းပဲ ကာကွယ်ဆေးကို ထိုးနေကြပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် ဒီရောဂါ မဖြစ်ဘူးဆိုတဲ့ မှားယွင်းတဲ့ အသိကြီးက ကျွန်တော်တို့ပြည်သူတွေမှာ စွဲနေကြတယ်။ အခုဆိုရင် US အပါအဝင် တခြား ကာကွယ်ဆေးထိုးပြီးတဲ့ နိုင်ငံတော်တော်များများမှာလည်း ကာကွယ်ဆေးထိုးပြီးသားသူတွေ ပြန်ဖြစ်နေတာကို တွေ့ရတယ်။ သို့သော် အဲဒီလူတွေဟာ ရောဂါသိပ်မပြင်းထန်တော့ဘူး။ တခြားသူကို ကူးစက်မှုနှုန်းလည်း နည်းသွားတယ်။ ဘယ်နိုင်ငံက ထုတ်သည်ဖြစ်စေ၊ ဘယ်ဟာပဲ ဖြစ်စေပါ။ နောက်တစ်ခုက ကိုဗစ်ကာကွယ်ဆေးက ဆိုးကျိုးတော်တော်နည်းတဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ ကျွန်တော်လေ့လာ တွေ့ရှိရပါ တယ်။ တရုတ်နိုင်ငံက ထုတ်တဲ့ဟာရော၊ ရုရှားက ထုတ်တဲ့ဟာရော၊ အိန္ဒိယက ထုတ်တဲ့ဟာရော အားလုံးကို လိုက်ဖတ်ကြည့်၊ လေ့လာကြည့်တဲ့အခါမှာ ဘယ်နိုင်ငံကထုတ်တဲ့ဟာပဲဖြစ်ဖြစ် ထိုးလိုက်ပြီဆိုရင်တော့ အာနိ သင်ခြင်းကွာကောင်း ကွာနိုင်ပါတယ်။ ဒါပေမယ့် Vaccine ရဲ့ သက်ရောက်မှုဆိုးကျိုးကတော့ သိပ်မရှိလှဘူး။ ပုံမှန်ကာကွယ်ဆေးတွေထက်စာရင်တောင်မှ ဆိုးကျိုးလျော့နည်းနေတာကို တွေ့ရတယ်။ အဲဒီတော့ ဘယ်နိုင်ငံ ထုတ်ပဲဖြစ်ဖြစ် ကိုယ့်အတွက်ရမယ့်အားက မထိုးတာထက်စာရင်တော့ များမှာပဲ။ အဲဒါကြောင့် ကာကွယ်ဆေး ကတော့ မဖြစ်မနေ ထိုးသင့်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ဆရာအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးခြင်း/ မထိုးခြင်းနဲ့ပတ်သက်ရင် ပြည်သူတွေကို ဘာများ မှာချင်တာ ရှိဦးမလဲ ခင်ဗျာ။
ဖြေ ။ ။ အဓိကကတော့ ဒီလှိုင်းတွေ ဆက်မဖြစ်ဖို့ရာအတွက် တစ်ခုတည်းသောအဖြေကတော့ ကာကွယ် ဆေးထိုး ဖို့ပါပဲ။ ကျွန်တော်က ကာကွယ်ဆေးထိုးဖို့ နှိုးဆော်သလိုဖြစ်နေတယ်ဆိုပေမယ့် သေချာတာကတော့ ကာကွယ်ဆေးထိုးရမယ်ဆိုတာကတော့ အမှန်ပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ပိုးတွေကူးပြီးတော့ ခန္ဓာကိုယ်က ကိုယ်ခံအားတတ်တယ်ဆိုတာက အမှန်ပဲ။ သို့သော် အဲဒီကိုယ်ခံအားက ခန္ဓာကိုယ်ထဲမှာ ခြောက်လပဲ ကြာတာ လည်းဖြစ်ရင်ဖြစ်မယ်။ တစ်နှစ်ပဲ ကြာတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီး ရတဲ့ ကိုယ်ခံ အားက အချိန်ကြာကြာ ဆယ်နှစ်လည်းဖြစ်ချင်ဖြစ်မယ်၊ ဆယ့်ငါးနှစ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဆိုလိုတာကတော့ ရောဂါကြောင့်တက်လာတဲ့ ကိုယ်ခံအားထက်စာရင်တော့ ပိုပြီးတော့ ကောင်းတယ်။ ဒါ့ကြောင့် ဘာကိစ္စတွေ ဘာအရောင်လွှမ်းမိုးမှုတွေမှ မခံဘဲနဲ့ နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်၊ ကိုယ့်ရဲ့ရပိုင်ခွင့်၊ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ လူသားတစ်ယောက်ဟာ Healthcare ကို ရကိုရရမယ့် ရပိုင်ခွင့်ရှိကို ရှိတယ်။ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကာကွယ်ဆေး ထိုးကြပါလို့ပဲ ပြောချင်ပါတယ်။ ကာကွယ်ဆေးထိုးမှသာလျှင် ကျွန်တော်တို့က herd immunity လို့ခေါ်တဲ့ အစုလိုက်အပုံလိုက် ကိုယ်ခံအားတက်စေတဲ့အရာ ဖြစ်မှာပါ။ အဲဒါမှသာ ကျွန်တော်တို့ နိုင်ငံအနေအထား၊ ကျွန်တော်တို့နိုင်ငံရဲ့ကျန်းမာရေးအဆင့်အတန်းနဲ့ကိုက်ညီနေမှာပါ။ ကိုယ့်နိုင်ငံမှာက ကျန်းမာရေးအတွက် လိုအပ်တဲ့အချိန် ဆေးရုံတန်းသွားနိုင်ပြီး ကုသနိုင်တယ်ဆိုရင်တော့ ကာကွယ်ဆေး မထိုး လည်း ကိစ္စမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအနေအထားအရနဲ့ ကျွန်တော်တို့ပြည်သူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေး ထိုးခြင်းပဲ။ ကာကွယ်ဆေးထိုးပြီးတော့ ကာကွယ်ဆေး အောင်တဲ့သူတွေက စိတ်ချလက်ချနဲ့နေနိုင်မယ်။ WHO – CDC ကဆို ဘာပြောထားလဲဆိုတော့ ကာကွယ်ဆေးထိုးထားတဲ့သူဆိုရင် Mask မပါဘဲ စကားပြောလို့တောင် ရ တယ်ဆိုပြီးတော့ ပြောလာတယ်။ အဲဒီလောက်ထိ စိတ်ချရတယ်ပေါ့နော်။ ကျွန်တော်တို့က အလုပ်တွေပြန်လုပ်မှ အဆင်ပြေမယ့်အနေအထားမှာရှိတာကြောင့် ကျွန်တော်တို့ပြည်သူတွေက တခြားမကြေလည်မှုတွေကို ခဏ ထားပြီး ကိုယ့်ရရမယ့် ကိုယ့်ရပိုင်ခွင့်အခွင့်အရေးကိုတော့ ရအောင်ယူသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဒါကတော့ ကျွန်တော့်အနေနဲ့ ပြည်သူအားလုံးကို လက်ရှိ ကိုဗစ်တတိယလှိုင်းမှာ ကိုယ်တိုင်ပါဝင် ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ရော ဆေးပညာရှင် တစ်ယောက်အနေနဲ့ပါ ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ ဆရာ။ နောက်ဆုံးမေးခွန်းအနေနဲ့ ကိုဗစ်ကို တိုက်ထုတ်နိုင်ဖို့ အာဟာရပြည့်အောင် စားရမယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ပုံမှန်စားနေတဲ့ အသားငါး၊ အသီးအရွက်တွေထဲမှာ ဘာတွေကို အဓိက စားသောက်ရမှာလဲဆိုတာ ပြောပေးပါလား ခင်ဗျာ။
ဖြေ ။ ။ အဓိက ရှောင်ရမယ့်ဟာကို ကျွန်တော်အရင်စပြောလိုက်ပါမယ်။ အဆီအစိမ့်စားတာကို ရှောင်ရမယ်။ အဆီအဆိမ့်ဟာ ခန္ဓာကိုယ်ရဲ့သွေးတွင်း ကိုယ်လက်စတောကို တက်စေတာက တစ်ကြောင်း၊ ခန္ဓာကိုယ်အတွက် အဆီဓါတ်ဆိုတာက နဂိုကတည်းကကို မလိုတာက တစ်ကြောင်းပေါ့။ အဲဒါ့ကြောင့် အဆီအဆိမ့်ကိုတော့ ရှောင်ရမယ်။ နောက်တစ်ခုကတော့ ချောင်းဆိုးစေမယ့် အစာတွေ၊ ဆိုးဆေးတွေနဲ့ လုပ်ထားတဲ့အစားအစားတွေကို ရှောင်ရမယ်။ သဘာဝသစ်ဥသစ်ဖုမှန်သမျှ အကုန်စားလို့ရတယ်။ အဓိကကတော့ ခန္ဓာကိုယ်မှာ တိုက်ထုတ် နိုင်တာကတော့ အသားဓါတ်ဖြစ်တဲ့အတွက် အသားဓါတ်များများရစေဖို့ ကြက်ဥ၊ ကြက်သား၊ ပဲ အမျိုးမျိုးကို စားရမယ်။ နောက်တစ်ခုကတော့ ခန္ဓာကိုယ်ခုခံအားကို ကာကွယ်နိုင်တဲ့ ဗီတာဗင် Z တွေ ပြည့်ဝတဲ့ အသီးအနှံတွေ၊ ဥပမာ- သံပုရာသီး၊ ရှောက်သီး၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်၊ လတ်လတ်ဆတ်ဆတ်ရှိတဲ့ အသီးအရွက်၊ အခွံမာသီး၊ အခွံမာသီးကလည်း ဇင့်ဓါတ်ရတယ်။ ဒီအစားအစာတွေဟာ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ဓါတ် တွေဖြစ်တာကြောင့် များများစားပေးဖို့လည်း လိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တချက်ထည့်ပြောချင်တာက နဂိုကတည်းက စနစ်တကျ စားခဲ့ကြတာမဟုတ်ဘူး။ ဒီကာလမှာမှ စနစ်တကျ စပြီး စားမယ်ဆိုတာနဲ့တော့ အစား စားခြင်းမှာ ဓါတ်ပြည့်ဖို့ဆိုတာက သိပ်တော့ မလွယ်ကူဘူး။ တကယ်ဖြစ်နေတဲ့ သူတစ်ယောက်အနေနဲ့ကတော့ တခြားဆေးလေးတွေကို ဖြည့်စွက်အနေနဲ့ ရနိုင်တယ်ဆိုရင်တော့ ကောင်းတယ်။ မရနိုင်လို့ ဆိုလဲ ကိစ္စတော့ စိတ်ပူစရာမလိုဘူး များများပိုစားလိုက်ပေါ့နော်။ ရနိုင်ရင်တော့ ဗီတာမင် D3 တို့ ဇင့်တို့ ဗီတာမင်စီ တို့ကို တစ်နေ့တစ်လုံးလောက်ပဲ အများကြီးလည်း သောက်ဖို့မလိုဘူး။ တချို့ကျပြန်တော့လည်း ကျွန်တော်က Becozin ဆို အဲဒီဆေးပဲ မရရအောင် လိုက်ဝယ်ကြတယ်။ ဆာရာ ဆိုရင် ဆာရာ .. ဆာရာပဲ လိုက်ဝယ်ကြတယ်။ ပြောချင်တာက အဲဒီလိုမဟုတ်ဘူး။ ဆေးနာမည် တံဆိပ်က အရေးကြီးတာ မဟုတ်ဘူး။ ဓါတ်တူတာ ရရင်လည်း သောက်လို့ရပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့မြန်မာတွေက အရင်ကတည်းက Balanced diet စားခဲ့ကြတာမဟုတ်တဲ့အတွက် အခုချိန်မှ စစားရင်ရော မရဘူးလားဆိုတော့ မရဘူးတော့ မဟုတ်ဘူး။ ရပါတယ်။ ဖြစ်မှ စစားတော့ ရမှုက နည်းမယ်၊ ကြာမှာပေါ့နော်။ တကယ်ဖြစ်နေတဲ့သူကတော့ ခန္ဓာကိုယ် ကိုယ်ခံအားကို တက်စေမယ့် အားဆေးလေးတွေကို တွဲသောက်ပြီးတော့ ဒါကိုကျော်ဖြတ်လို့ ရတယ်လို့ ပြောချင်ပါတယ်။

အခုလို အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
#NPNews #Covid19

Related news

© 2021. All rights reserved.